သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၂ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကျင်းပ


၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြေကွဲဖွယ် အထိမ်းအမှတ် အခမ်းအနားတွေကို နယူးယောက်၊ ဝါရှင်တန်နဲ့ ပန်ဆာဗေးနီးယားမှာ ကျင်းပနေကြပါတယ်။ al-Qaida အကြမ်းဖက်သမားတွေရဲ့ စီစဉ်မှုနဲ့ ဒီတိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

နယူးယောက်မှာတော့ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ အပိုင်စီးခံထားရတဲ့ လေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး နေရာမှာ စုရုံးပြီး အခမ်းအနား ကျင်းပပါတယ်။ အခမ်းအနားအတွင်း ကွယ်လွန်သူတွေရဲ့ နာမည်ကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားကို လာရောက်သူတချို့ကတော့ ကွယ်လွန်သူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်လာခဲ့ကြပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ အခြား အထင်ကရ ပုဂ္ဂိုလ်တွေဟာလည်း နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို အပိုင်စီးထားတဲ့ လေယာဉ်နဲ့ ပထမဆုံး ဝင်တိုက်တဲ့အချိန် မနက် ၈ နာရီ ၃၅ မိနစ်မှာ ငြိမ်သက်ပြီး ဂါရဝပြုခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် စစ်ဌာနချုပ်ကို လေယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့အတွက် သေဆုံးသွားသူ ၁၀၀ ရဲ့ မိသားစုဝင်တွေနဲ့အတူ ပန်တဂွန်မှာ ကျင်းပတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်ခဲ့ပါတယ်။

“သေဆုံးသွားခဲ့တဲ့ အပြစ်မဲ့ လူ ၃၀၀၀ နီးပါးကို အမှတ်ရစေဖို့အတွက် ကျနော်တို့ ဆုတောင်းပါတယ်။ အခုလို သေဆုံးသွားခဲ့တဲ့အတွက် ကျနော်တို့ နှလုံးသားတွေ နာကျဉ်နေဆဲဖြစ်ပါတယ်။”

United Airline ခရီးစဉ်အမှတ် ၉၃ မှာ သေဆုံးခဲ့တဲ့ ခရီးသည် ၃၃ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ လေယာဉ်ပျက်ကျရာ ပန်ဆာဗေးနီးယားပြည်နယ် Shanksville မှာ ကျင်းပခဲ့ပါတယ်။

လေယာဉ်အပိုင်စီးသူတွေ လက်ထဲကနေ လေယာဉ်ကို ခရီးသည်တွေက ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့စဉ်မှာ လေယာဉ်ပျက်ကျခဲ့တာပါ။ ဒီလေယာဉ်ဟာ ဝါရှင်တန်ကို ပျံသန်းလာတယ်လို့လည်း ယူဆရပါတယ်။
XS
SM
MD
LG