သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် ( နိုဝင်ဘာလ ၁၉၊ ၂၀၁၂၊ ရန်ကုန်မြို့။)
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် ( နိုဝင်ဘာလ ၁၉၊ ၂၀၁၂၊ ရန်ကုန်မြို့။)
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးအားကောင်းလာဖို့နဲ့ အစိုးရအုပ်ချုပ်မှုအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့်တက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီအထောက်အပံ့တွေ ပေးသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး ခိုင်မာအားကောင်းလာဖို့နဲ့ အခြားတဖက်မှာ တိုင်းပြည်တွင်း စီးပွားရေး လူမှုရေး လူမှုအကြပ်အတည်းတွေကို ဖြေရှင်းကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို အထောက်အပံ့တွေ ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ပြောသွားတာပါ။

မနေ့တုန်းက အမေရိကန်အောက်လွှတ်တော်မှာပြုလုပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် အရှေ့အာရှရေးရာ အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲပြုလုပ်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှုး Nisha Biswal တို့ ထွက်ဆိုကြရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကူအညီပေးရေးကိစ္စတွေကို ဖြေရှင်းချက် ပေးသွားကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကထားပြီး အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက သမိုင်းဝင် နိုင်ငံရေးနဲ့စီးပွားရေးအသွင်ကူးပြောင်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးနေပါတယ်။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာရေး၊ လူ့အဖွဲ့အစည်း အားကောင်းခိုင်မာလာရေး၊ မြန်မာပြည်သူတွေအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရအုပ်ချုပ်မှုဖြစ်လာစေရေးအတွက် အဓိကထားရည်ရွယ်ပြီး ကူညီဆောင်ရွက်နေပါတယ်။”

အာရှ ပစိတ်ဖိတ်ဒေသတွင်း ဒီမိုကရေစီဖွံဖြိုး တိုးတက်လာရေးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပေးရေးကို အဓိက အလေးပေးဆောင်ရွက် သွားမယ်လို့ မစ္စတာယွန်းက ပြော ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှဒေသအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ဘဏ္ဍာရေးအသုံးစရိတ်ထက်၊ အခု ၂၀၁၄ ခုနှစ် အသုံးစရိတ်မှာ ၇.၁ ရာခိုင်နှုန်း လွှတ်တော်ကို တိုးမြင့် တောင်းခံထားတာပါ။ USAID က Ms.Biswal ကတော့ လက်ရှိ အပြောင်းအလဲမှာ ထိပ်ပိုင်းမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်တာကို တွေ့ရပေမယ့်၊ အောက်ခြေပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအတွက် လိုအပ်သလို အကူအညီတွေပေးဖို့လိုမယ်လို့ မြင်ပါတယ်။

“ကျန်နေတဲ့ အဓိကကျတဲ့ စိန်ခေါ်ချက်တခုကတော့ ထိပ်ပိုင်းမှာ အပြောင်းအလဲအတွက် စိတ်ဆန္ဒပြင်းပြပြီး၊ လုပ်နိုင်စွမ်းရည်တွေလည်း ရှိနေပေမယ့်လို့၊ အောက်ခြေပိုင်းမှာ တော်တော်လေး ပြဿနာတစုံတရာရှိပါသေးတယ်။ ဒီအခြေအနေတွေကို စောင့်ကြည့်ြ့ပီးတော့၊ လုပ်နိုင် စွမ်းရည်တွေကို မြင့်တင်ပေးဖို့လိုပါတယ်။”

USAID အနေနဲ့ အကူအညီတွေပေးဖို့ သုံးသပ်စဉ်းစားတဲ့နေရာမှာ သမတအိုဘားမားရဲ့ ရန်ကုန်ရောက်တုန်း မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက် မူဝါဒကို အခြေခံပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေရာမှာတော့ အစိုးအုပ်ချုပ်ရေးပိုင်းကိုရော အောက်ခြေ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေကိုပါ အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ Ms. Biswal က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာပြည် သွားတုန်းက မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေအတွက် လက်တွဲဆောင်ရွက်မယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကိုအခြေခံပြီး ကျမတို့ ဆောင်ရွက်နေတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံဖက်က နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုနဲ့ အတူ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုပါတယ်။ ဒီအတွက် လုပ်နိုင်စွမ်းရည်တွေရှိလာဖို့ အမေရိကန်ပြည်ထောင်စုဖက်က နည်းနာဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အရေးကြီးတဲ့ အစိုးရအုပ်ချုပ်မှုပိုင်းက လုပ်နိုင်စွမ်းရည်တွေ မြင့်တက်လာဖို့ ကူညီရုံတင်မဟုတ်ပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေမှာ စွမ်းရည်မြင့်တက်လာဖို့လည်း ကူညီမှာပါ။ ဒီအတွက် ကူညီဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲနေပါတယ်။ ဒါကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဘယ်လို ကူညီနိုင်မလဲ၊ စွမ်းရည်မြင့်လုပ်ငန်းတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို သုံးသပ်ပြင်ဆင်နေပါတယ်။ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တရားရေးစနစ်နဲ့ ဥပဒေစိုးမိုးမှု ခိုင်မာအာေးကာင်းလာဖို့ပဲဖြစ်ဖြစ် နည်းနာဆိုင်ရာအကူအညီတွေ ပေးသွားမှာပါ။”

မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာတော့ ယာယီလက်ထေ ာက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးယွန်းက မြန်မာနိုင်ငံအပြောင်းအလဲအတွက် တွန်းအားဖြစ်စေခဲ့တဲ့ အချက်နှစ်ချက်ရှိမယ်လို့ သူ့အမြင်ကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံဟာ မိမိဖာသာ ပြောင်းလဲမှုလုပ်လာတဲ့ကိစ္စမှာ အခြေခံအားဖြင့် အကြောင်း နှစ်ချက်ရှိမယ်လို့ ကျနော် ယူဆပါတယ်။ တချက်ကတော့ နိုင်ငံရေးစီးပွားရေးနောက်ကျကျန်ခဲ့တဲ့အခြေအနေပါ။ သူ့ပတ်ဝန်းကျင်နိုင်ငံတွေမှာ ရှိနေသလို စီးပွားရေးအလားအလာကောင်းတွေ ဆုံးရှုံးနေတယ်လို့ သူ သဘောပေါက်လာပုံရပါတယ်။ ဒုတိယအချက်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး သူဟာ နိုင်ငံရေးအရ အထီးကျန်ခဲ့ ပါတယ်။ ခေါင်းဆောင်မှုပြောင်းလဲလာတဲ့အချိန်မှာပဲ သူတို့အနေနဲ့ အဲလို အထီးကျန်နေတာမျိုး ဆက်မဖြစ်သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီနှစ်ချက်ကြောင့် ပြောင်းလဲမှုတွေလုပ်လာတယ်လို့ ယူဆပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို အကူအညီပေးရေးတွေ တိုးမြင့်ဆောင်ရွက်ဖို့ရှိနေသလိုပဲ၊ အခြားတဖက်မှာလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်မှုတွေ လုပ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုက ယခင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ချက် အတော်များများကို ယာယီဆိုင်းငံထားပြီး၊ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လုပ်နိုင်ဖို့လည်း နိုင်ငံခြားရေးဌာနက ကမကထ လုပ်ပေးတာတွေ အတော်များများတွေ့ရပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ဝါရှင်တန်ဒီစီကို လာရောက်ဖို့ရှိပြီး သမ္မတအိုဘားမားနဲ့ လာမယ့် တနင်းလာနေ့မှာ တွေ့ဆုံမှာဖြစ် ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG