သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာအပစ်ရပ်ဖို့ အမေရိကန်နဲ့ကုလ ကြားဝင်စေ့စပ်မည်


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးဒုံးကျည်ထိမှန်ထားတဲ့ အဆောက်အဦးအတွင်းက သေဆုံးသွားသူတွေကို သယ်ထုတ်နေမှုအား စောင့်ကြည့်နေသူများ။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးဒုံးကျည်ထိမှန်ထားတဲ့ အဆောက်အဦးအတွင်းက သေဆုံးသွားသူတွေကို သယ်ထုတ်နေမှုအား စောင့်ကြည့်နေသူများ။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ သီတင်းနှစ်ပတ်ကြာလာပြီမို့ အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်ရေးအတွက် နောက်ထပ်ကြိုးစားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားနေပြီဖြစ်ပါတယ်။

ဟားမတ်စ်တွေရဲ့ လက်နက်ထုတ်စက်ရုံနှစ်ရုံနဲ့ ရော့ကက်တွေပစ်ခတ်တဲ့ မြေအောက်စခန်း ၆ ခု အပါအဝင် ပစ်မှတ်ပေါင်း ၅၀ ကျော်ကို တနင်္လာနေ့မှာ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ Hamas တွေကတော့ နောက်ထပ်ရော့ကက် ၅၀ ပစ်လွှတ်ခဲ့တာပါ။ ဒါ့အပြင် အစ္စရေးနိုင်ငံထဲကို လှိုင်ခေါင်းတွေကနေတဆင့် Hamas တိုက်ခိုက်ရေးသမားတွေ ခိုးဝင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အစ္စရေးတပ်တွေက မိသွားပြီး ဆယ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

အစ္စရေးတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသခံ ၅၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ ဒီအထဲမှာ အိမ်တအိမ်ကို ထိမှန်ပြီး မိသားစု တစုထဲက ၂၅ ဦး သေဆုံးခဲ့ရပြီး တဦးပဲ အသက်ရှင် ကျန်ရစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အစ္စရေးတပ်တွေဟာ အရပ်သားတွေ မထိခိုက်အောင် ရှောင်နိုင်ဖို့ ကျိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစ္စရေးဘက်ကို Hamas တွေ ရော့ကက်နဲ့ ပစ်ခတ်နေသမျှ အစ္စရေးဘက်က တိုက်ခိုက်နေမှာမို့ ဒီလိုအ သေအပျောက်တွေ ရှိနေတာဟာ ဟားမတ်စ်တွေကြောင့်လို့ အပစ်တင်ပါတယ်။

XS
SM
MD
LG