သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန်အသင်း ၂ - ၀ နဲ့ ဗိုလ်လုပွဲတက်


ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ် ပထမ အကြိုဗိုလ်ပွဲအဖြစ် အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့ ဒေသစံတော်ချိန် အင်္ဂါနေ့က ကစားကြတာမှာ အမေရိကန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တို့က ၂ ကြိမ် ရခဲ့ဖူးပြီး ဖြစ်ပါတယ်။ အမျိုးသမီးဘောလုံးမှာ ကမ္ဘာ့ နံပတ် (၁) အဖြစ် သတ်မှတ်ထားတဲ့ ဂျာမနီအသင်းကို အမေရိကန်က အပြတ်အသတ် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

ဂျာမနီအသင်းအနေနဲ့ ဒုတိယပိုင်း စပြီးသိပ်မကြာခင် ပွဲချိန် ၆၁ မိနစ်မှာ ပင်နယ်တီကန်ခွင့်ရပြီး ပထမဂိုးသွင်းခွင့် ရခဲ့ပေမဲ့ ကန်လိုက်တဲ့ ပင်နယ်တီ ဘောလုံးဟာ ဂိုးတိုင်ကိုထိပြီး အပြင်ကို ထွက်သွားခဲ့တဲ့အတွက် ဂိုးမရရှိဘဲ ဖြစ်ခဲ့တာပါ။

အမေရိကန်အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ Carli Lloyd က ပင်နယ်တီကန်ပြီး ရယူပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ Carli Lloyd က ဘယ်တောင်ပံကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို Kelly O’Hara က ကန်သွင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ကတော့ Edmonton မြို့မှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ အကြိုဗိုလ်လုပွဲ ကစားကြမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲစဉ်ကို တက်ရတာဖြစ်ပါတယ်။

ဂျပန်နဲ့ အင်္ဂလန်ပွဲစဉ်မှာ နိုင်မယ့်အသင်းနဲ့ အမေရိကန် အသင်းတို့ လာမယ့် ဇူလိုင် ၅ ရက်နေ့ကျရင် Vancouver မြို့မှာ ဗိုလ်လုရမှာဖြစ်ပါတယ်။

တတိယနေရာအတွက်ကတော့ ဇူလိုင် ၄ ရက် စနေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်နဲ့ ဂျပန်အသင်းတို့ တွေ့ခဲ့ကြတာမှာ ဂျပန်အသင်းက အနိုင်ရသွားခဲ့ပါတယ်။

XS
SM
MD
LG