သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု အဆုံးသတ်ဖို့ အမေရိကန်မျှော်လင့်


မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies
မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်နွယ်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် အရာရှိတဦးက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို လက်နက် ခဲယမ်းတွေ တရားမဝင် ရောင်းချတဲ့ကိစ္စအပါအဝင် မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပတ်သက် လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies ဟာ တနင်္လာနေ့ က တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ခုလို ပြောဆိုမှုနေတဲ့ အပေါ်မှာ မြောက်ကိုရီးယားဘက်ကရော ဘယ်လို တုံ့ပြန်ထားပါလဲ။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မနေ့က ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ Davies မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူး ဖော်ပြ ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပတ်သက်နေတာတွေ ရပ်တန့်ဖို့ လမ်းကြောင်းမှန်ဆီ ဦးတည်သွားနေပြီလို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်တဲ့အကြောင်းနဲ့ ဒီလို ဆက်ဆံရေး ရပ်တန့်ဖို့ အချိန်ယူရ မှာ ဖြစ်တယ် ဆိုတာကို နားလည်တဲ့ အကြောင်းလည်း မစ္စတာ Davies က ပြောသွားပါတယ်။

“သူတို့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးက အချိန်အတော်ကြာ ရှိခဲ့တာပါ။ ဒါကြောင့် ဒီ ဆက်ဆံရေး ရပ်ပစ်လိုက်ဖို့ ဆိုတာ အချိန်ယူရမှာပါ။ ကျနော်တို့ဘက်က စိုးရိမ်မှုဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက် လို့ မြန်မာအစိုးရနဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားပါမယ်။ မြန်မာအစိုးရဘက် ကလည်း သူတို့ ဒီကိစ္စကို သံန္နိဌာန်ချ ဆောင်ရွက်နေတယ် ဆိုတာကို ကျနော်တို့ကို အတော်လေး ရှင်းရှင်းလင်းလင်း အသိပေးတဲ့ ခြေလှမ်းတွေ ရှေ့ဆက် ဆောင်ရွက်နေပါတယ်။ ဒီကိစ္စက ကျနော်တို့အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်နေဆဲပါ။ ကျနော်တို့ရဲ့ လက်တွဲဖော် နိုင်ငံတွေနဲ့ တွေ့တိုင်းမှာ ဒီကိစ္စကို အမြဲ ပြောပါတယ်။ အဆုံးကျရင်တော့ မြန်မာနဲ့ မြောက်ကိုရီးယားကြားမှာ စစ်ရေး ဆက်နွယ်မှုတွေ အပြီးသတ်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

လွန်ခဲ့တဲ့နှစ်နှစ်လောက်က မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မယ့် အစီအစဉ်တွေနဲ့အတူ ယူရေနီယံသန့်စင်တဲ့ နည်းပညာတွေကို မြောက်ကိုရီးယား နိုင်ငံကနေ ရယူနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လကတော့ မြန်မာ ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအနေနဲ့ ဘယ်တုန်းကမှ ခရီးသိပ် မရောက်ခဲ့တဲ့ နျူကလီးယား သုတေသန လုပ်ငန်းတွေကို အခု အဆုံးသတ်လိုက်ပြီ ဖြစ်တဲ့ဲ့ အကြောင်းနဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးနဲ့ နိုင်ငံရေးအရ အနီးကပ် ဆက်ဆံမှုတွေ လျှော့ချနေ တဲ့ အကြောင်း ပြောခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနဲ့ အထီးကျန် နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်က စလို့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန် လွှတ်ပေးတာ၊ ရွေးကောက်ပွဲတွေ ကျင်းပတာ၊ မြန်မာအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန် ရုပ်သိမ်းမှုတွေ ဖြစ်ခဲ့တဲ့ အထိ ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ခဲ့တာ စတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို မြန်မာ အစိုးရ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ အဆုံးသတ်ဖို့ မြန်မာအစိုးရကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေတာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက ပြစ် တင် ဝေဖန် လိုက်ပါတယ်။ စစ်ရေးဆက်ဆံမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပြီးတော့ အခု နောက် တဆင့် မြောက် ကိုရီးယားကို မိတ်ဆွေဆို တယောက်လို့ နံမည်တပ်ပြီး ဆက်ဆံမှုတွေ ရပ်ပစ်ဖို့ မြန်မာအစိုးရကို အမေရိကန်က ပွင့်ပွင့်လင်းလင်းကို ဖိအားပေးလာနေပြီလို့လည်း မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီ ကို ပြောခဲ့ပါတယ်။

မြန်မာနဲ့မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးဟာ ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံ က သူလျှိုတွေ မြန်မာနိုင်ငံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး အဲဒီအချိန်က မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် (Chun Doo Hwan) နဲ့ အဖွဲ့ကို အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံမှုအတွင်း မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက တာဝန်ရှိသူ ၁၇ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာက မြောက်ကိုရီးယားကို သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၂၀ ကျော် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကမှ နှစ်ဘက် သံတမန် ဆက်ဆံရေး တရားဝင် ပြန်စလာခဲ့တာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG