သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ကချင်ဒုက္ခသည် အကူအညီတွေ လိုအပ်နေဟု ကုလလူမှုတာဝန်ခံပြော


U.N. Under Secretary General for Humanitarian Affairs Valerie Amos
U.N. Under Secretary General for Humanitarian Affairs Valerie Amos
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေဟာ တစ်ခုနဲ့တစ်ခု အကြားအခြေအနေတွေ ကွာဟမှု တွေရှိနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ဒီကနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်းမှာလည်း အကူအညီလိုအပ်နေသူ ၄ သောင်းလောက် ရှိနေတယ်လို့ ပြောပါတယ်၊ ရခိုင် နဲ့ ကချင်ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်ရောက်ခဲ့စဉ် မြင်တွေ့ခဲ့ရတဲ့ အကြောင်းတွေကို ကုလသမဂ္ဂအကြီးအကဲ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဇွန်လကစပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသမှာ ဒုက္ခသည်စခန်း တခုနဲ့ တခုကြား အကူအညီရရှိမှု အခြေအနေ မတူညီတာကို တွေ့ခဲ့ရတယ်လို့ လူသားချင်းစာနာမှု ဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ဒီကနေ့မှာ ပြုလုပ်တဲ့ သူမရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ပေါက်တောမြို့နဲ့ စစ်တွေက ဒုက္ခသည်စခန်းတွေဟာ အခြေခံ အကူအညီ တွေရပြီးတော့ မြေပုံလိုဒေသဖက်က ဒုက္ခသည်စခန်းတွေမှာတော့ လူထောင်ပေါင်းများစွာ ဒုက္ခ
ရောက်နေတယ်လို့ Mrs. Amos က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ လူမှုအဖွဲ့အစည်းအချင်းချင်း အကြမ်းဖက်မှုကြောင့် လူ ၁၁၅၀၀၀၊ ဟာ စခန်းတွေမှာ နောက် မြို့ခံရွာခံမိသားစုတွေနဲ့ နေနေကြရပါတယ်။ ကျမ ရခိုင်ပြည်မှာ ဗုဒ္ဓဟူးနေ့က စခန်း ၈ခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ လူမှုအဖွဲ့အစည်းအဖက်ဖက်နဲ့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီ့စခန်းတွေမှာ ရရှိနေတဲ့ အကူအညီတွေဟာ တနေရာနဲ့တနေရာ သိသာစွာ ကွာဟနေပါတယ်။ မောင်တောမှာ ကျမ လူထုအဖွဲ့အစည်းနှစ်ခုဆီကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ အိမ်ခြေအသစ်တွေ တည်ဆောက်နေပါတယ်။ အဲ့ဒီ့ကလူတွေကလည်း သူတို့ဘဝတွေကို တဖြေးဖြေး ပြန်လည်တည်ဆောက်နေကြပါတယ်။ ဒါနဲ့အလွန်ကွာဟနေတာကတော့ မြေပုံမြို့မှာ ကျမ စခန်းတခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ လူထောင်ပေါင်းများစွာ ဟာ မြင်မကောင်းဖွယ်ပြွတ်သိပ်နေထိုင်ပြီး စံချိန်နိမ့်ကျတဲ့ အမိုးအကာတွေ၊ ရေ၊ မိလ္လာကိစ္စတွေမှာလည်း ညံ့ဖျင်းတဲ့ အခြေအနေမှာရှိနေပါတယ်။ သူတို့ဟာ အလုပ်အကိုင်မဲ့ဖြစ်နေပါတယ်။ သူတို့ကလေးတွေဟာ ကျောင်းမနေရပါဘူး။ သူတို့ရဲ့ သွားလာလူပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့အတွက် သူတို့က စခန်းအပြင်မထွက်နိုင်ကြပါဘူး။”

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကြားမှာ ယုံကြည်မှု တွေနည်းပါးနေပြီးတော့ တင်းမာနေတဲ့ အခြေအနေတွေကို ပြန်လည်သင့်မြတ်အောင် အစိုးရက ဆောင် ရွက်ပေးဖို့ လိုတယ်လို့ ထင်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ နိုင်ငံသားကိစ္စ၊ ပြန်လည်နေရာချထားရေးကိစ္စ၊ ပြန်လည်သင့်မြတ်ရေး ကိစ္စတွေအပြင် ကချင်ပြည်နယ်မှာ ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက မကြာမှီက ဆောင်ရွက်ရန် ကတိကဝတ်ပေးထားကို ကျမ ချီးကျုးပြောကြားလိုပါတယ်။ ကျမကလည်း ရှေ့ဆက်ဆောင်ရွက်ဖို့ အကြံညဏ်ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လူထုအဖွဲ့အစည်း အချင်းချင်း တင်းမာမှုမြင့်မားဆဲဖြစ်ပါတယ်။ တဦးအပေါ် တဦး ယုံကြည်မှုမရှိတော့တဲ့အတွက် အစိုးရကလည်း ပြန်လည်သင့်မြတ်ပြီး အရေးပါတဲ့ ကဏ္ဍကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

လူသားချင်းစာနာမှု ဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ခရီးစဉ်မှာ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းတွေက ထောက်ခံဖို့လိုတယ်လို့ သူကပြောပါတယ်။

“ကုလသမဂ္ဂနဲ့ တွဲဖက်အဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်အဆင့်ဆင့် ကနေ ထောက်ခံပေးဖို့လိုအပ်ပါတယ်။ ဒေသခံ ခေါင်းဆောင်တွေကလည်း သူတို့က ကျမတို့ အကူအညီပေးဖို့ တောင်းခံထားတယ်ဆိုတာလည်း ရှင်းပြပေးဖို့လိုပါတယ်။ ကျမတို့ကလည်း ကျမတို့ ဘာတွေ လုပ်နေသလဲဆိုတာပိုမိုရှင်းပြနိုင်ဖို့လိုပါတယ်။ ယူအန်အဖွဲ့အစည်းတွေကိုလည်း ဒါအတွက်ကို ကြိုးစားနေပါတယ်။ ကျမတို့တာဝန်က အကူအညီလိုသူတွေအားလုံးကို ကူညီဖို့ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးကင်းရာရွှေ့ပြောင်းနေကြရသူတွေရဲ့ အခြေအနေကိုလဲ Mrs. Amos က သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာလည်း အစိုးရထိန်းချုပ်တဲ့ နယ်မြေတွေက ဒုက္ခသည်စခန်းတွေနဲ့ ကချင်လက်နက်ကိုင် KIO ထိန်းချုပ်နယ်မြေက ဒုက္ခသည်တွေ ရဲ့ အကူအညီရရှိမှု မတူညီတာတွေ သိခဲ့ရတဲ့အကြောင်းပြောပါတယ်၊

“ မနေ့က ကျမ မြစ်ကြီးနားမြို့ပြင်က ဂျမိုင်ဂေါင်းစခန်းကိုရောက်ခဲ့ပါတယ်။ အဲ့ဒီ့စခန်းက အစိုးရထိန်းချုပ်မှုအောက်မှာ ရှိတဲ့ နေရာမှာရှိတဲ့အတွက် အကူအညီပေးတဲ့ အဖွဲ့တွေက ထောက်ပံ့မှုယူကြရပါတယ်။ ကျမပိုမိုစိုးရိမ်တာက ယူအန်အနေနဲ့ လက်လှမ်းမမှီတဲ့ အခြားဒေသတွေမှာရှိတဲ့ အိမ်ခြေစွန့်ခွာနေရတဲ့သူတွေပါပဲ။ ယူအန်ဟာ ကေအိုင်အေ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နေရာတွေကို သွားခွင့်မရတဲ့အတွက် လူပေါင်း လေးသောင်းနီးပါးကို အကူအညီတွေ မပေးနိုင်ခဲ့ပါဘူး။ ဒေသခံတွဲဖက်အဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အခြားအကူအညီပေးနေကြပေမယ့် သူတို့မှာ ရှိတဲ့ ပစ္စည်းတွေဟာ ကုန်ခမ်းလုနီးပါး ဖြစ်နေပါပြီ။ ဆောင်းရာသီဝင်လာပြီဖြစ်လို့ အထောက်အပံ့ပစ္စည်းတွေ အရေးတကြီးရောက်ဖို့လိုနေပါတယ်။”

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် သွားရောက်ဖြစ်ခဲ့စဉ်မှာ နယ်စပ်ရေးရာဝန်ကြီးကလဲ လိုက်ပါ ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်၊ အကူ အင်္ညီတွေလို အပ်နေတဲ့ ကချင် ဒု က္ခ သည် စခန်းတွေကို အကူအညီ ပေးဖို့လုံခြုံ ရေးကြောင့် မသွားရလို့ တားမြစ်ထားတဲ့ နေရာ တွေဆီကို ကုလသမဂ္ဂအကူအညီပေးသူတွေ သွားခွင့်ပြုဖို့ ခွင့်တောင်းထားတယ်လို့လဲ လူသားချင်းစာနာမှု ဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ပြောပါတယ်၊

UN ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေးလုပ်ငန်းတွေမှာ အဓိက စိန်ခေါ်လာတဲ့ အချက်တစ်ချက် က ရံပုံငွေကိစ္စ ဖြစ်နေတယ်ဆိုတာကိုလည်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ လာမဲ့ ၉ လအတွင်း လူပေါင်း ၁ သိန်းကျော် ကို ထောက်ပံ့ဖို့ အလှုရှင်တွေဆီက အမေရိကန် ဒေါ်လာ ၆၈ သန်း တောင်းခံထားတဲ့ အနက်က အမေရိကန်ဒေါ်လာ သန်း ၂၀ ပဲ ရရှိထားသေးတယ်ဆိုတာကို လူသားချင်းစာနာမှု ဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Valerie Amos က မြန်မာနိုင်ငံမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG