သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ပဋိပက္ခထဲ အမေရိကန်တဦးသေဆုံး


အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ကန့်ကွက်နေကြသူများ။
အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ကန့်ကွက်နေကြသူများ။
အီဂျစ်နိုင်ငံ Alexandria မြို့မှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်တိုက်ပွဲတွေ အတွင်း သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအကြား သေနတ်တွေ၊ ဗျောက်အိုးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

လုံထိန်းရဲတွေက သံချပ်ကာကားတွေနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပေမဲ့ မစ္စတာမော်စီရဲ့ နိုင်ငံရေးပါတီ ရုံးတွေ မီးရှို့ဖျက်ဆီးမှုတွေကို အချိန်မီ မတားဆီးနိုင်ခဲ့ပါဘူး။ အဓိကရုဏ်းဖြစ်ပွားနေချိန်မှာ ဓာတ်ပုံရိုက်ယူဖို့ကြိုးစားနေတုန်း ဓားနဲ့အထိုးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အပါအဝင် သေဆုံးသူ နှစ်ဦးရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီဂျစ်နိုင်ငံထဲမှာ မလိုအပ်ဘဲ ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ခရီးသွားလာမှုသတိပေးချက် ထုတ်ပြန်ထားပါတယ်။ သံရုံးဝန်ထမ်းတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ကိုင်ရိုမြို့က တဟီရန်ရင်ပြင်မှာလည်း စုဝေးခဲ့ကြပြီး အီဂျစ်အလံတွေ လွှင့်ထူလို့ မစ္စတာ မော်စီ ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာ မစ္စတာ မော်စီ သမ္မတသက်တမ်း တနှစ်ပြည့်၊ တနင်္ဂနွေနေ့မှာ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ကြီးကြီးမားမား ပြုလုပ်သွားဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

မစ္စတာ မော်စီနဲ့ မူစလင်ညီအစ်ကိုတော်များ လှုပ်ရှားမှုဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ လျော့နည်းအောင် ကြိုးစားနေပြီး သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖယ်ရှားခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုအံကြွမှုတွေရဲ့ ဆန္ဒတွေနဲ့အညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုနေတာပါ။ တချိန်တည်းမှာပဲ မစ္စတာ မော်စီကို ထောက်ခံသူတွေကလည်း လူထုစုဝေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
XS
SM
MD
LG