သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ နှစ်အတွင်း မြန်မာ့ပြုပြင်ပြောင်းလဲမှုများ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၄ အတွင်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ဘယ်လောက် ပိုမိုနီးစပ်လာခဲ့သလဲဆိုတာကို ဝါရင့်မီဒီယာသမား ဦးကျော်ရင်မြင့်၊ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက ဆွေးနွေးလိုတာက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ဘယ်လောက် ပိုမိုနီးစပ်ခဲ့သလဲဆိုတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဘယ်လို ပိုမိုနီးစပ်သလဲဆိုတာကို အတိုင်းအတာအရ ခက်မှာဖြစ်တဲ့အတွက် ကျနော် စဉ်းစားတာက ဒီမိုကရေစီအတွက် အတားအဆီး ဖြစ်နေတယ်လို့ ယူဆထားကြတဲ့ အရာတွေဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ဘယ်လောက်လျော့ပါးသွားသလဲဆိုတာကို ကျနော် အဓိက ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး လူတိုင်းသတ်မှတ်ထားတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့ ဥပဒေမဟုတ်ဘူးလို့ လူအများစု သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်လဲ ဒီ ဥပဒေကို ပြင်ဖို့ဆိုပြီး ကြိုးပမ်းအားထုတ်မှု တောင်းဆိုတဲ့အသံ စတာတွေကို ကျနော်တို့ ကြားခဲ့ရပါတယ်။ ဆိုတော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ဘယ်လောက်အထိ တိုးတက်မှုရှိခဲ့သလဲဆိုတာကို ကိုအောင်သူငြိမ်းရဲ့ သဘောထားကို အရင်ကြားချင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေး အနေအထားကတော့ သောင်မတင်ရေမကျ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဘယ်အချက်အလက်တွေ ပြင်ရမယ်ဆိုတာကို လွှတ်တော်ဖက်ကလည်း ကော်မရှင်တွေဖွဲ့တယ်။ သူတို့ဖက်ကလည်း လေ့လာသုံးသပ်မှုတွေ လုပ်ထားတဲ့ဟာတွေ ရှိပါတယ်။ ဒါပေမဲ့ တလောကပဲ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းပြောတာက ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေက ၂၀၁၅ ရဲ့ ဟိုဖက်မှာ ဖြစ်နိုင်မယ်ဆိုတဲ့ အနေအထားကြတော့ ဒါကလာမယ့်ကာလအတွင်းမှာ ဖွဲ့စည်းပုံကို လတ်တလော ပြင်နိုင်မယ့်အနေအထား မတွေ့ရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းမှုဟာ တိုးတက်မှု မရှိခဲ့ဘူးလို့ ပြောရမှာပေါ့။

ဦးအောင်သူငြိမ်း ။ ။ မတိုးတက်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တဖက်မှာလဲ ပြောမယ်ဆိုရင်တော့ ကျနော်တို့ elite လို့ခေါ်တဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့တို့၊ Dialogue လုပ်ကြဖို့ဆိုတဲ့ဟာမျိုးတော့ စပြီးပြောတာဆိုတာ ရှိလာတော့ ဒါကတော့ တဖက်က အားတက်စရာအချက်တခုလို့ ထည့်စဉ်းစားရင် ရပါတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းစာဆရာရဲ့ အမြင်ကိုလည်း ကြားချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာကျော်ရင်မြင့် ဘယ်လို သဘောရပါသလဲ။ ၂၀၁၄ ခုနှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အားထုတ်မှုကို ဆရာ ဘယ်လောက်အထိ အမှတ်ပေးလိုပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကိုအောင်သူငြိမ်းကတော့ သောင်မတင်ရေမကျလို့ ပြောတယ်ဗျ။ ကျနော်ကတော့ ရေစုန်မျှောနေပြီလို့ ထင်တာပဲ။ ၂၀၁၄ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြန်ပြောရရင် ပြည်သူ့ဆန္ဒကိုတော့ ဖော်ပြနိုင်ခဲ့တယ်လို့ ကျနော် မြင်ပါတယ်။ NLD က ဦးဆောင်တဲ့ ၄၃၆ ပြင်ရေး၊ လက်မှတ်တွေ ဝိုင်းထိုးတာ တနိုင်ငံလုံး အုတ်အော်သောင်းနင်း သိတာဆိုတော့ ပြည်သူ့ဆန္ဒကိုတော့ ဖော်ပြခဲ့ပြီ။ ဒါပေမဲ့ ပြင်ဖို့ကိစ္စကတော့ ကျနော်ကတော့ ရေစုန်မျှောနေတယ်လို့ မြင်ပါတယ်။ နောက်တခုကတော့ ကိုအောင်သူငြိမ်းက ထိပ်သီးခေါင်းဆောင်တွေ တွေ့ဖို့ အားတက်စရာလို့ ပြောတယ်။ ကျနော်က အဲဒါလဲ အခုတော့ အားပျက်စရာလို့ မြင်နေတယ်ဗျ။ ဒေါ်စု က လေးပွင့်ဆိုင်တွေ့ဖို့ တောင်းဆိုခဲ့တာလဲ နှစ်နဲ့ချီပြီးကြာနေပြီ။ အောက်တိုဘာတုန်းက သမ္မတဦးသိန်းစိန် က (၁၄) ပွင့်ဆိုင် တွေ့ပေးလိုက်တယ်။ သိတဲ့အတိုင်းပဲ လူတွေသိပ်များတော့ ထိထိရောက်ရောက် ဘာမှ မဆွေးနွေးနိုင်ဘဲနဲ့ ထမင်းစုစားတဲ့ပွဲကြီး ဖြစ်သွားတယ်လို့ ဝေဖန်ခံရတယ်။ ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးကို အတည်ပြုတယ်။ ဘာမှမကြာဘူး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း လွှတ်တော်တွေက စည်းဝါးတိုက်ထားသလို (၁၂) ပွင့်ဆိုင်ဆိုပြီး ထတောင်းဆိုတော့ ဝေဝါးကုန်တယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ တွေ့ဆုံဖို့ဆိုတဲ့ ကိစ္စကလဲ (၅၁) သန်းသော ပြည်သူတွေကို အပွင့်ဆိုင်ရဖို့ နီးလာပြီလို့ ကျနော်က အဲဒီလိုတောင် မြင်နေတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း က ဘာပြောလို့ပါသလဲ။ အဲဒီ (၄) ပွင့်ဆိုင်၊ (၆) ပွင့်ဆိုင်၊ (၁၂) ပွင့်ဆိုင် ဘာညာဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီတော့။ အလားအလာ ကောင်းပါသလား အဲဒီဖြစ်ရပ်က။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ အရင်တချိန်ကတော့ နိုင်ငံရေးဆွေးနွေးမယ်ဟာမျိုး။ နောက်တခုကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် က လေးပွင့်ဆိုင်တောင်းထားတဲ့ကိစ္စတွေက တချိန်က ပြောမယ်ဆိုလို့ရှိရင် လုံးဝပြန်တုန့်ပြန်မှု မရှိသလောက်ပဲ။ ဒါပေမဲ့ ဒီနေ့ အနေအထားမှာတော့ ပြောမယ်ဆိုလို့ရှိရင် ထိပ်သီးခေါင်းဆောင်တွေကြားထဲမှာ ၂၀၁၅ အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်လို သဘောတူရမလဲဆိုတဲ့ဟာမျိုး ဆွေးနွေးရမယ်ဟာမျိုး သဘောထားတော့ ရှိလာပါတယ်။ ဒါပေမဲ့ ပြောမယ်ဆိုရင်တော့ လေးပွင့်ဆိုင်၊ (၆) ပွင့်ဆိုင်၊ (၁၂) ပွင့်ဆိုင်၊ (၁၄) ပွင့်ဆိုင် စသဖြင့် ဒါတွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေတော့ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တချိန်မှာတော့ ဆွေးနွေးပွဲတွေ ဆက်သွားနိုင်မယ်လို့တော့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်အကြောင်းအရာတခုကတော့ တိုင်းရင်းသားအရေး ဖြစ်ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိရင် ဘယ်လိုမှ ဒီမိုကရေစီ ဖော်ဆောင်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေးတို့။ ငြိမ်းချမ်းရေးတို့ အဆင့်ဆင့် ကြိုးစားနေတာဟာ အတော်လေး အချိန်ပေးပြီး ကြိုးစားနေတယ်လို့ ကျနော် နားလည်ပါတယ်။ ဒီကိစ္စမှာ တိုးတက်မှု ဘယ်လောက်တွေ့ခဲ့ပါသလဲ။ ဆရာကျော်ရင်မြင့် အရင်ပြောပါခင်များ။

ဦးကျော်ရင်မြင့် ။ ။ တိုးတက်မှုမမြင်ဘဲ အဆိုးတွေပဲ မြင်နေသလားမသိဘူး။ ဆုတ်ယုတ်မှုတွေပဲ မြင်နေတယ်။ ဦးကျော်ဇံသာတို့ သိတဲ့အတိုင်း တိုက်ပွဲကြီးတွေ ပြန်ပြီးထပ်ဖြစ်နေတယ်။ နောက်တခါ ကချင်မှာလည်း မီးကမငြိမ်ဘဲနဲ့ ပိုပိုပြီး လောင်စားတွေ ထည့်ပေးနေသလို ဖြစ်နေတော့ ကျနော်ကဖြင့် တိုးတက်မှုမမြင်ပါဘူး။ အပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်သေးဘူးဆိုတဲ့ အသံတွေလည်း အားလုံးကြားနေရတယ်ဆိုတော့ ကျနော်ကတော့ တိုးတက်တာ မတွေ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းက Elite တွေက တကယ် အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ ရှိနေတယ်လို့ သုံးသပ်မလား။

ဦးအောင်သူငြိမ်း ။ ။ အပစ်အခတ်ရပ်စဲရေးကတော့ ကျနော် မှန်းတာကတော့ ကြာလိမ့်အုံးမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြားထဲမှာပဲ မထင်မှတ်ဘဲနဲ့ ကချင်မှာ လက်နက်ကြီးနဲ့ ပစ်တဲ့ကိစ္စတွေ ဖြစ်လာတယ်။ နောက်တခုကတော့ ကျန်တဲ့တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတော့ လောလောဆယ်အနေအထား ၂၀၁၅ မတိုင်ခင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရလိမ့်မယ်လို့ ကျနော် မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေဖက်က FUA လို့ခေါ်တဲ့ Federal Union Army ဖယ်ဒရယ်တပ်မတော် ထူထောင်ရေးကိစ္စ အဆိုတင်လာတဲ့ကိစ္စမှာလဲ တပ်မတော်ဖက်က အတော်လေး ခါးခါးသီးသီး ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။ ဦးအောင်သူငြိမ်း ဒီကိစ္စဟာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ပိုပြီးအနှောင့်အယှက် အဟန့်အတားဖြစ်သွားစေသလား။ သို့တည်းမဟုတ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးမှာ ဒီလို သဘောတူညီမှု ရရှိဖို့ ပံ့ပိုးနိုင်ဖို့ ရရှိဖို့အတွက် တိုင်းရင်းသားတွေက ဖွဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ဟာကို ပိုပြီးတော့ သင့်လျော်တဲ့ အဖြေလို့ ထင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတခုလုံးမှာ လက်နက်ကိုင်တပ်မတော် တခုတည်း ရှိရမယ်ဆိုတာမျိုးနဲ့ ကန့်ထားတာကို တပ်မတော်ဖက်က စဉ်းစားမယ်ဆိုရင် သူတို့တပ်တခုတည်း ရှိရမယ်ဆိုတဲ့ အနေအထားပေါ့။ ဒါပေမဲ့ တိုင်းရင်းသားတွေဖက်မှာကြတော့လဲ တိုင်းရင်းသားတွေက အခုလက်ရှိ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ သူတင်ကိုယ်တင် အခုအချိန်မှာ လုပ်နေကြတဲ့ အနေအထားလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့်ရဲ့ သဘောထားကိုလဲ ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ဖက်ကို ပိုပြီးတော့ မဲပေးချင်ပါတယ်။ နောက်တခုက အခုဟာက ဒဲ့ပြောရမယ်ဆိုရင်တော့ တိုက်ပွဲတွေ ထပ်ဖြစ်တာတွေ။ အခုန ကိုအောင်သူငြိမ်း လက်နက်ကြီးနဲ့ ပစ်တာတွေ။ အဲဒီဟာတွေ ထပ်ထပ်လုပ်လာတော့ ရှိပြီသား ယုံကြည်မှုလေးပါ ပျောက်ပျောက်သွားပြီးတော့ ပိုပြီးတော့ အလှမ်းဝေးအောင် လုပ်နေသလို ဖြစ်နေတယ်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် လူ့အဖွဲ့အစည်းတခုကို ဘာနဲ့တိုင်းတာသလဲဆိုရင် အရပ်သားလူ့အဖွဲ့အစည်းတွေ (Civil Society) တွေ ဘယ်လောက် အားကောင်းလာသလဲ။ အစိုးရကို နိုင်ငံတော်ကိုပဲ အားမကိုးဘဲနဲ့ ကိုယ့်အစွမ်းနဲ့ကိုယ်ညှိနှိုင်းပြီးတော့ လုပ်ဆောင်မှု ဘယ်လောက်အထိ ကောင်းသလဲဆိုတာကို ထည့်ပြီးတိုင်းတာကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း Ciivl Society အရပ်သားလူ့ဘောင်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှု ဘယ်လောက် တိုးတက်လာတယ်လို့ သုံးသပ်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာကတော့ အခုအချိန်မှာ အဖွဲ့အစည်းအတော်များများတော့ ရှိလာပါတယ်။ ဒီအဖွဲ့တွေလည်း လုပ်တဲ့ကိုင်တဲ့ကိစ္စတွေက အများကြီးပေါ့။ အကူအညီပေးရေး charity ကနေ အခုနောက်ဆုံး ဥပဒေရေးဆွဲတဲ့ကိစ္စတွေမှာ advocacy လို့ခေါ်တဲ့ စည်းရုံးတိုက်တွန်းတဲ့ကိစ္စတွေအထိ လုပ်တဲ့အဖွဲ့အစည်းတွေ ရှိလာပါတယ်။ တဖက်မှာလဲ တွေ့ရတာက နိုင်ငံတကာက INGO တွေ တော်တော်များများ ဝင်လာတဲ့အခါကြတော့ သူတို့ရဲ့ funding နဲ့ သူတို့ရဲ့ agenda နောက်မှာ လိုက်သွားကြတဲ့အဖွဲ့အစည်းတွေ တော်တော်များများ တွေ့နေရပါတယ်။ အဲဒီတော့ တချို့အဖွဲ့အစည်းတွေကတော့ ပိုက်ဆံသုံးရုံပဲ။ တကယ့်တကယ် လုပ်ငန်းအကောင်အထည်တွေ ဖော်တာ ဟုတ်ရဲ့လားဆိုတဲ့ ဟာမျိုးတွေကို အခုအချိန်မှာ မြင်နေရပါတယ်။ အဲဒီတော့ တဖက်မှာ အဖွဲ့အစည်းတွေ အားကောင်းလာတယ်ဆိုပေမဲ့လဲ သူတို့တွေက အပေါ်မှာ ရှိနေတဲ့အစိုးရကို မူဝါဒပြောင်းအောင်လုပ်ဖို့။ နောက်တခုက အစိုးရကို ထိထိရောက်ရောက် ကိုယ်လိုလားချက်တွေကို ပြောနိုင်ဆိုနိုင်ဖို့က အခုအချိန်မှာ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် ဒီကိစ္စမှာတော့ သဘောတူမယ်လို့ ထင်ပါတယ်။

ဦးကျော်ရင်မြင့် ။ ။ သဘောတူပါတယ်။ ကိုအောင်သူငြိမ်းနဲ့ လုံးဝသဘောတူပါတယ်။ လူမှုကူညီရေးအသင်းတွေ များလာတာ။ INGO တွေ အဖွဲ့အစည်းတွေ အများကြီး လုပ်တာကိုင်တာလည်း ပိုပြီးတော့ ရှိလာတယ်။ သူတို့ ကြိုးစားပမ်းစားလည်း လုပ်နေကြတယ်။ သူတို့လုပ်တဲ့အတွက်ကြောင့်မို့ အကျိုးအရွေ့တခုတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ လူမှုကူညီရေးအသင်းတွေ များလာတာ။ အချင်းချင်းစောင့်ရှောက်တာ ဝမ်းသာစရာကောင်းပေမယ့် အစိုးရအတွက်တော့ အဲဒါက ရှက်စရာကြီးလို့ ကျနော်က မြင်တယ်။ ကိုကျော်သူက အခု မိလ္လာကျုံးဖို့ စလုပ်နေပြီလို့ ကြားရတယ်လေ။ အဲဒါတွေတော့ အစိုးရဖက်က တာဝန်ယူနိုင်တာတွေ ဝင်ပြီးတာဝန်ယူနိုင်အောင် အားစိုက်ဖို့တော့ လိုမယ်ထင်ပါတယ်။ ဒါပေမဲ့ အခုန ကိုအောင်သူငြိမ်း ပြောသွားတဲ့ဟာတွေအားလုံးကိုတော့ သဘောတူပါတယ်။ အားကောင်းလာတာ အလွန်ကောင်းပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ဒီနေရာမှာ နည်းနည်းဖြည့်ပြောချင်တာက လူမှုအဖွဲ့အစည်းတွေတော့ အားကောင်းလာတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ လယ်သိမ်းတဲ့ကိစ္စတွေ၊ မြေသိမ်းတဲ့ကိစ္စတွေ သူတို့တွေက ဆန္ဒပြတာတွေ၊ နည်းပေါင်းစုံ တိုက်တွန်းတယ်။ အစိုးရဖက်ကိုလည်း ပြောတယ်ဆိုတယ်ပေါ့။ ဒါပေမဲ့ ဒါတွေက အခုအချိန်အထိ မပြေလည်နိုင်သေးဘူး။ နောက်တခုက မကြာသေးခင်ကဖြစ်တဲ့ အမျိုးသားပညာရေးလို့ဟာမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှုဟာမျိုး - ဆိုတော့ လူမှုအဖွဲ့အစည်းတွေ လုပ်နေတာက တဖက်မှာ အစိုးရဖက်ကို သက်ရောက်မှုက သိပ်မရှိသေးသလို ခံစားရတယ်။

ဦးကျော်ဇံသာ ။ ။ နောက် အရေးကြီးတဲ့ကိစ္စတခုကို မေးချင်တာကတော့ အာဏာပိုင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအထဲမှာ အခုန ကိုအောင်သူငြိမ်းပြောတဲ့ မြေသိမ်းလယ်သိမ်းကိစ္စတွေနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ သို့မဟုတ် သူတို့သားသမီး။ ဒီလူတွေက မပြောင်းဘဲနဲ့ ဒီမိုကရေစီအရေးကို ရှေ့ရှုတဲ့ဖြစ်ရပ်တွေ ထွန်းကားလာလိမ့်မယ်လို့ ထင်ပါသလား။ ဆရာကျော်ရင်မြင် အရင်ပြောပါ။

ဦးကျော်ရင်မြင့် ။ ။ မထင်ပါဘူး။ အခုဟာက ဆန္ဒပဲပြပြ၊ ဘာပဲလုပ်လုပ် ဒို့နားမကြားလုပ်နေသလို တဖြည်းဖြည်းနဲ့ ဖြစ်လာတယ်။ ဟိုနေ့ကဆို မြို့တော်ခမ်းမရှေ့မှာ မီးကျောင်းကန်က သွားပြီးဆန္ဒပြတာကို ဟစ်ဟော့သီချင်းတွေ ပြန်ပြီဖွင့်ပြီး တုန့်ပြန်လိုက်တာ အင်မတန်ကို မိုက်ရိုင်းပြီး အောက်တန်းကျတယ်လို့ ကျနော်က အဲဒီလို မြင်ပါတယ်။ လောလောဆယ်တော့ ဒီလိုစိတ်ဓါတ်တွေနဲ့ ပြောင်းဖို့တော့ မလွယ်သေးဘူးလို့ မြင်ပါတယ်။ နောက်တခုကတော့ ကျူးလွန်တာတွေကတော့ အခုန ဦးကျော်ဇံသာ ပြောသွားသလိုပါပဲ အာဏာပိုင်တွေ ဒါမှမဟုတ် သူတို့သားသမီးတွေ ဒါမှမဟုတ် သူတို့အကျိုးစီးပွားတွေ ပါနေလို့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရ ခက်နေတာလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းပြည်အကျိုးနဲ့ ကိုယ်ကျိုးစီးပွားက တပေါင်းတည်းဖြစ်နေတော့ ကိုယ်ကျိုးစီးပွားကို ဦးစားပေးပြီးတော့ တားထားသလို ဖြစ်နေပါတယ်။ ကိုအောင်သူငြိမ်းရဲ့ အမြင်လည်း ကြားချင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ကျနော်တို့ မြန်မာပြည်ပြန်စ ရွေးကောက်ပွဲပြီစ၊ အစိုးရသစ် ဖွဲ့ပြီစအချိန်မှာ လူတွေက ပြောကြတယ်။ တချို့တွေက Reformers လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့အုပ်စုရှိတယ်။ တဖက်က ခေါင်းမာဂိုဏ်းသား အရင်အတိုင်း သွားချင်တဲ့အုပ်စု။ ဒီနေ့အချိန်မှာ ပြန်ကြည့်တော့ Reformers လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့လူတွေက တိုးလာသလားပေါ့။ ဒါမှမဟုတ်ရင် reformers ရှိသေးရဲ့လား ဒါကို ပြန်စဉ်းစားစရာမျိုးတွေ ဖြစ်လာတယ်။ နောက်တခုက အစိုးရအနေနဲ့ တက်လာပြီးနောက်ပိုင်းမှာ သမ္မတဦးသိန်းစိန် ပြောသွားတယ် - All inclusive အင်အားစုအားလုံးပါရေး၊ နောက်တခါ Poverty reduction ဆင်းရဲမှု ပပျောက်ရေး။ အဲဒါတွေအားလုံးဟာ ကတိကဝတ်တွေ ဖြစ်ပြီးတော့ လက်တွေ့မှာ အကောင်အထည်က ပေါ်လာတာက နည်းနေတာမျိုး ခံစားရတယ်။

XS
SM
MD
LG