သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူဦးရေပုံရိပ်


လွန်ခဲ့တဲ့ မေလကထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအစီရင်ခံစာမှာ မြန်မာပြည်ရဲ့ လူဦးရေအရွယ်အစားနဲ့ အာရှပစီးဖိတ်နိုင်ငံအချို့ရဲ့ လူဦးရေးကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နဲ့ လာအိုနိုင်ငံတွေရဲ့ လူဦးရေအရွယ်အစား၊ သိပ်သည်းဆနဲ့ နှစ်စဉ်လူဦးရေ တိုးနှုန်းကိုဖော်ပြပါတယ်။ တရုတ်ပြည်မှာ လူဦးရေ သန်း ၁,၃၀၀ ကျော်ရှိပြီး နှစ်စဉ် လူ ၈ သန်းကျော် တိုးပွားနေပါတယ်။ အိန္ဒိယမှာ သန်း ၁,၂၀၀ ကျော်ရှိပြီး နှစ်စဉ် ၁၅ သန်းကျော် တိုးပွားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၁၅၆ သန်းရှိပြီး နှစ်စဉ် ၂ သန်း တိုးပွားနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ လူဦးရေ ၆၇ သန်းရှိပြီး နှစ်စဉ် ၂ သန်းကျော် တိုးပွားနေပါတယ်။ မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး နှစ်စဉ် ၄ သိန်းကျော် တိုးပွားနေပါတယ်။ လာအိုလူဦးရေ ၆ သန်းကျော်မှာ နှစ်စဉ် ၁ သိန်းကျော် တိုးပွားနေပါတယ်။ လူဦးရေများပေမယ့် တိုင်းပြည်ကျယ်ဝန်းရင် အနေချောင်တဲ့အတွက် ပြဿနာ သိပ်မရှိပါဘူး။ ဥပမာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁၄၀ နေထိုင်တဲ့ တရုတ်ပြည်ဟာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၃၈၀ နေထိုင်တဲ့ အိန္ဒိယထက် အနေချောင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁,၀၀၀ ကျော်ရှိနေလို့ လူနေအကျပ်ဆုံး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဧရိယာဟာ စတုရမ်းကီလိုမီတာ ၁၃၀,၀၀၀ ကျော်သာရှိတာမို့ စတုရမ်းကီလိုမီတာ ၁၅၀,၀၀၀ ရှိတဲ့ ရှမ်းပြည်နယ်လောက်တောင် မကျယ်ဝန်းပါဘူး။ လူဦးရေက မြန်မာပြည်ထက် ၃ ဆ ပိုများပြီး အကျယ်အဝန်းက မြန်မာရဲ့ ၅ ပုံ ၁ ပုံသာ ရှိပါတယ်။ ၁၉၈၃ မှာ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ ၈၅ သန်းဖြစ်ပြီး ၂၀၁၃ မှာ ၁၅၆ သန်း ဖြစ်လာတဲ့အတွက် အနှစ် ၃၀ မှာ လူဦးရေ ၇၁ သန်း တိုးလာပါတယ်။ မြန်မာကတော့ ၁၉၈၃ မှာ ၃၅ သန်းရှိပြီး ၂၀၁၄ မှာ ၅၁ သန်းရှိလာတဲ့အတွက် အလားတူကာလမှာ ၁၆ သန်းကျော်သာ တိုးပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ်လူဦးရေ နှစ်သန်းတိုးပွားနေပြီး မြန်မာပြည်မှာ လေးသိန်းသာ တိုးပွားပါတယ်။ ရှမ်းပြည်လောက်ရှိတဲ့နေရာမှာ အနှစ် ၃၀ အတွင်း တိုးပွားလာတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ မြန်မာ့လူဦးရေထက် သန်း ၂၀ ပိုများနေပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကျော်ရှိတာကို သန်းခေါင်စာရင်းမှာ ဖော်ပြပြီး ရိုဟင်ဂျာအမည် ပြဿနာကြောင့် စာရင်းမကောက်နိုင်တဲ့ လူဦးရေး တသန်းကိုးသောင်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် လူဦးရေ သုံးပုံတပုံဟာ ဘင်္ဂလီအနွယ်ဝင် မွတ်စလင်တွေ ဖြစ်နေပါတယ်။ မောင်တောမြို့နယ်မှာ စာရင်းကောက်ယူတဲ့ လူဦးရေ ၉၀,၀၀၀ ကျော်ကိုသာ ဖော်ပြပါတယ်။ ၂၀၁၃ မှာထုတ်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ ၂၀၁၁ က ရခိုင်ပြည်နယ်မှာ လူဦးရေ (၃,၃၃၈,၆၆၉) ရှိပြီး၊ ဗုဒ္ဓဘာသာက ၂,၃၃၃,၅၇၀၊ မွတ်စလင် ၉၆၈,၂၁၈ နဲ့ အခြားဘာသာဝင် ၄၀,၀၀၀ လောက်ရှိတာကို ဖော်ပြထားပါတယ်။ ၁၉၄၇ က မောင်တောနဲ့ ဘူးသီးတောင်မှာ မွတ်စလင် ၂၀,၀၀၀ ရှိတယ်လို့ အစိုးရစာရင်းမှာ ဖော်ပြတာမို့ အနှစ် ၆၀ မှာ ဘင်္ဂလီအနွယ်ဝင် ၅ ဆ တိုးလာပါတယ်။

၁၉၈၃ က ၂၀၁၄ အထိ အနှစ် ၃၀ ကျော်မှာ လူဦးရေအများဆုံး တိုးတက်တာ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း နဲ့ ပဲခူးတိုင်းမှာလည်း သန်းနဲ့ချီပြီး လူဦးရေ တိုးပွားပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်က ဆဋ္ဌမ လိုက်နေပါတယ်။ ဒါပေမဲ့ အနှစ် ၃၀ ကျော်အတွင်း လူဦးရေတိုးတဲ့နှုန်းကိုကြည့်ရင် ကချင်ပြည်နယ်က ပထမဖြစ်ပြီး၊ ရန်ကုန်တိုင်းက ဒုတိယ လိုက်နေပါတယ်။ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ လူဦးရေနှစ်ဆ တိုးလာပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ လူဦးရေ တစ်ဆခွဲလောက်စီ တိုးပွားလာကြပါတယ်။ ကျန်ဒေသတွေမှာ တစ်ဆကျော်စီ တိုးပွားလာပါတယ်။ သန်းခေါင်စာရင်းမှာ မပါပေမယ့် ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်အတွင်း မွတ်စလင်ဦးရေ နှစ်ဆတိုးလာတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စစ်အာဏာရှင်ခေတ်ရဲ့ ထူးခြားချက်တွေထဲ မှာ နိုင်ငံခြားရောက် မြန်မာပြည်သား ဦးရေ များပြားလာတာလည်း ပါဝင်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ အခြားအကြောင်းတွေကြောင့် မြန်မာပြည်က ထွက်ခွာသွားသူ နှစ်သန်းကျော် ရှိပါတယ်။ ဒီအထဲမှာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ထိုင်းနဲ့အဆက်အသွယ်များခဲ့တဲ့ မွန်ပြည်နယ်က အများဆုံး ဖြစ်ပါတယ်။ ထိုင်းနဲ့ဆက်နေတဲ့ ကရင်ပြည်နယ်က ဒုတိယ၊ ရှမ်းပြည်နယ်က တတိယ၊ တနင်္သာရီတိုင်းက စတုတ္ထ ဖြစ်ပါတယ်။ နောက်တော့ ပဲခူးတိုင်းက ပဉ္စမ၊ ရန်ကုန်တိုင်းက အဋ္ဌမနဲ့ ရခိုင်ပြည်နယ်က သတ္တမနေရာက လိုက်နေပါတယ်။

ရခိုင်ပြည်နယ်က ထွက်ခွါသူ ၁၀၀,၀၀၀ သိန်းကျော်ဟာ ရခိုင်တိုင်းရင်း သားတွေ ဖြစ်ပါတယ်။ မလေးရှားမှာတင် ရခိုင်ပြည်သား တသိန်းနီးပါး ရှိပါတယ်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီအနွယ်ဝင်တွေကလည်း နည်းမျိုးစုံနဲ့ ထွက်ခွါကြတာမို့ မလေးရှားမှာ ၅၀,၀၀၀၊ ထိုင်းမှာ ၁၀၀,၀၀၀ လောက်ရှိကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာ ဘင်္ဂလီက ၃၀,၀၀၀ လောက် ရှိပါတယ်။ သန်းခေါင်စာရင်းရဲ့ ထူးခြားချက်တခုက မေးခွန်း ပုံစံမှာ ကိုးကွယ်တဲ့ဘာသာကို ဖော်ပြဖို့ ညွှန်ကြားထားပေမယ့် ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ လူဦးရေပုံရိပ်ကို ဖော်ပြဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG