သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုမ္ပဏီကြီးများရဲ့ ပွင့်လင်းမြင်သာမှု


 ‘ပွင့်သစ်စ’ အစီရင်ခံစာ ၂၀၁၅၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာန(MCRB)
‘ပွင့်သစ်စ’ အစီရင်ခံစာ ၂၀၁၅၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာန(MCRB)

မြန်မာ့ပုဂ္ဂလိကလုပ်ငန်းကြီးတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်သိမှု ဘယ်လောက် ရှိတယ်ဆိုတာကို စစ်ဆေးထားတဲ့ အစီရင်ခံစာတစောင် မကြာမီက ထွက်လာပါ တယ်။ Myanmar Center for Responsible Business - MRCB မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ထုတ်ဝေတဲ့ စစ်တမ်း ဖြစ်ပါတယ်။ ပွင့်လင်းစ စီမံချက် (ဒုတိယအစီရင်ခံစာ) လို့ ခေါ်ပါတယ်။ ပထမအစီရင်ခံစာကို လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ဝေပါတယ်။ အကြီးဆုံး မြန်မာကုမ္ပဏီ ၁၀၀ ရဲ့ ဝက်ဘ်ဆိုဒ်တွေကို လေ့လာပြီး အဂတိ လိုက်စားမှု၊ ဖွဲ့စည်းပုံပွင့်လင်းမြင်သာမှု၊ ကျန်းမာရေးနဲ့ လုံခြုံရေးတာဝန်သိမှုကို စိစစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ကသုံးတဲ့ စံနှုန်းကိုသုံးပြီး ဆန်းစစ်ပေမယ့် ကုမ္ပဏီ ၆၁ ခုမှာသာ ဝက်ဘ်ဆိုဒ် ရှိပါတယ်။ ဇွန်လကုန်အထိ ဝက်ဘ်ဆိုဒ်မှာပါတဲ့ အချက်အလက်တွေကိုကြည့်ပြီး ကုမ္ပဏီတွေကို အကဲဖြတ်ပါတယ်။ အများစုဟာ စစ်အစိုးရခေတ်မှာ ကြီးထွားလာတဲ့ ခရိုနီကုမ္ပဏီတွေ ဖြစ်ပါတယ်။ အဓိက အားနည်းချက်က ကုမ္ပဏီဝက်ဘ်ဆိုဒ် မှန်မမှန်ဆိုတာကို မစစ်ဆေးနိုင် တာ ဖြစ်ပါတယ်။ ဒီဟာကွက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ ခရိုနီကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အရပ်သားအဖွဲ့တွေရဲ့ သုံးသပ်ချက်နဲ့ သတင်းမီဒီယာ ရဲ့ ဖော်ပြချက်တွေကို နောက်ဆက်တွဲမှာ တင်ပြထားပါတယ်။

ကုမ္ပဏီကြီးတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်သိမှုကို တိုင်းတာရာမှာ ဝက်ဘ်ဆိုဒ်ကိုကြည့်ပြီး အမှတ်ပေးစနစ်ကို သုံးထားပါတယ်။ သက်ဆိုင်ရာ အချက်အလက်ကို ဖော်ပြရင်ဖော်ပြသလို အမှတ်များများရပါတယ်။ အနည်းဆုံး အမှတ်က သုညဖြစ်ပြီး အများဆုံးက ၁၀ မှတ် ဖြစ်ပါတယ်။ ကိုးမှတ်ကျော်ရပြီး ပထမ ရသွားသူဟာ SPA-Yoma ခေါ် Serge Pun & Associates ဖြစ်ပါတယ်။ SPA ကုမ္ပဏီဟာ မနှစ်က နဝမအဆင့်ရခဲ့ပြီး ဒီနှစ် ပထမ ရသွားပါတယ်။ ကမ္ဘာ့ဘဏ် အဖွဲ့အစည်းတခုဖြစ်တဲ IFC ကော်ပိုရေးရှင်းက ရိုးမဘဏ်ကို ငွေထုတ်ချေးထား တာရယ်၊ စင်္ကာပူစတော့ဈေးကွက်မှာ အဆင့် ၁၈ ရောက်နေတာရယ် စတာတွေကြောင့်လည်း SPA-Yoma ကုမ္ပဏီဟာ နာမည်ရနေပါတယ်။ ခရိုနီ ဦးဇော်ဇော် ဦးဆောင်တဲ့ Max Myanmar ဦးပိုင်ကုမ္ပဏီက ဒုတိယ၊ ကမ္ဘောဇ ကုမ္ပဏီအုပ်စုက တတိယ ရရှိသွားပါတယ်။

စစ်အစိုးရခေတ်မှာ ကြီးပွားချမ်းသာလာတဲ့ ကုမ္ပဏီတွေဟာ အာဏာပိုင်နဲ့ နီးစပ်တဲ့ ခရိုနီတွေမို့ ပွင့်လင်းမှု မရှိဘူးလို့ မြင်ကြပါတယ်။ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း၊ ဇေကမ္ဘာနဲ့ ဧရာရွှေဝါမှာ ဝက်ဘ်ဆိုဒ်တောင် မရှိပါဘူး။ ပွင့်လင်းမှု စစ်တမ်းကောက်တဲ့ ကုမ္ပဏီ ၁၀၀ မှာ ၃၉ ခုက ဝက်ဘ်ဆိုဒ် မရှိပါဘူး။ ဒီအထဲမှာ ကျောက်မျက်ကုမ္ပဏီ အတော်များများ ပါဝင်ပါတယ်။ ဝက်ဘ်ဆိုဒ်ကို ဟန်ပြထားတဲ့ ခရိုနီကုမ္ပဏီလည်း ရှိပါတယ်။ ဥပမာ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ဝက်ဘ်ဆိုဒ်မှာ ရှာမရဘူးလို့ ဆိုပါ တယ်။ ကျောက်စိမ်း အများဆုံးလုပ်တဲ့ ထူးကုမ္ပဏီ နဲ့ Asia World စတဲ့ ခရိုနီကုမ္ပဏီကြီးတွေ ဟာ ကျောက်စိမ်းနဲ့ပတ်သက်တဲ့ အချက်အလက်ကို လူသိခံချင်ပုံ မရဘူးလို့ ဆိုပါ တယ်။ ပွင့်လင်းမြင်သာမှုမှာ ဒုတိယရတဲ့ Max Myanmar လည်း ကျောက်စိမ်း လုပ်ငန်းမှာ ပါဝင်ပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ တာဝန်သိမှုကို ဆန်းစစ်တဲ့အခါ ကုမ္ပဏီဝက်ဘ်ဆိုဒ်ကိုချည်း အားကိုးလို့မရမှန်း သိတဲ့အတွက် စစ်တမ်းကောက်တဲ့ ကုမ္ပဏီ ၁၀၀ နဲ့ ပတ်သက်တဲ့ အရပ်သားအဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်ကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လကုန်အထိ ဖော်ပြတဲ့ မီဒီယာသတင်းတွေကိုလည်း အစီရင်ခံစာ မှာ ပြန်လည်တင်ပြထားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီနဲ့ ပြဿနာပေါ်တဲ့ အမှုတွေကို ဖြေရှင်း ပြီးခြင်းရှိမရှိကိုတော့ မီဒီယာအများစုက မဖော်ပြပါဘူး။ ပန်းလှိုင်ဂေါက်ကွင်းနဲ့ အိမ်ရာစီမံကိန်းအတွက် မြေယာဝယ်ယူမှု ပြဿနာကို နှစ်ဘက်ကျေနပ်အောင် ဖြေရှင်းခဲ့တယ်လို့ SPA ကုမ္ပဏီက ရှင်းပြပါတယ်။ ငပလီကမ်းခြေက သဲထုတ်ယူမှုပြဿနာမှာ Max Myanmar ကုမ္ပဏီက သဲထုတ်ယူမှုကို ဆန့်ကျင်တဲ့ ကြေညာချက် ထုတ်ပြန်ပေမယ့် Asia World ကုမ္ပဏီက သဲထုတ်ယူနေတာ ကို ဖော်ပြထား ပါတယ်။

ပုဂ္ဂလိကလုပ်ငန်း ပွင့်လင်းမြင်သာမှုကို တိုင်းတာတဲ့ အစီရင်ခံစာမှာ ဘိန်းမှောင်ခို တဖြစ်လဲ ကုမ္ပဏီတွေဖြစ်တဲ့ ဦးအိုက်ထွန်းရဲ့ ရွှေတောင်က သတ္တမအဆင့်က လိုက်နေပြီး ဦးထွန်းမြင့်နိုင်ရဲ့ Asia World က အဆင့် ၁၂ က လိုက်နေတာ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ အများဆုံး ရနိုင်တဲ့အမှတ် ဆယ်မှတ် မှာ ရွှေတောင်ကုမ္ပဏီက ခြောက်မှတ်ခွဲ ရထားပြီး Asia World ကုမ္ပဏီက နှစ်မှတ်ခွဲ ရထားပါတယ်။ နာမည်ကြီးတွေဖြစ်တဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ၊ ဦးအောင်သောင်း မိသားစုပိုင် IGE ကုမ္ပဏီ၊ ထူးကုမ္ပဏီ စတာတွေရတဲ့အမှတ်ဟာ သုညသာသာ ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့သား အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီ ဆိုရင် ဝက်ဘ်ဆိုဒ်တောင်မရှိလို့ ဘာလုပ်နေမှန်း မသိနိုင်ပါဘူး။

ပွင့်လင်းမြင်သာမှုကို တိုင်းတာရာမှာ အဂတိလိုက်စားမှု၊ ဖွဲ့စည်းပုံပွင့်လင်းမြင်သာမှု၊ ကျန်းမာရေး လုံခြုံရေး၊ ပတ်ဝန်းကျင်ရေး တာဝန်သိမှုကို ဆန်းစစ်ပေမယ့် ကုမ္ပဏီ အက်ဥပဒေမှာ ဒါတွေကို ဖော်ပြဖို့ တာဝန်မရှိပါဘူး။ ဒါကြောင့် ငွေကြေးနဲ့မဆိုင်တဲ့ ဒီလိုအချက်အလက်မျိုးကို ကုမ္ပဏီကြီးတွေကဖော်ပြဖို့ ဥပဒေပြုသင့်တယ်လို့ MCRB - Myanmar Center for Responsible Business အဖွဲ့က အစိုးရကို အကြံပေးထား ပါတယ်။ အစီရင်ခံစာ ရေးတာကို ကုမ္ပဏီရဲ့ တာဝန်အဖြစ်အစိုးရက သတ်မှတ်ပေး မှသာ အစီရင်ခံစာ ထွက်လာနိုင်ပါတယ်။ ဒီလို အားနည်းချက်နဲ့ ဟာကွက်ရှိနေပေ မယ့် ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်နိုင်တာကို တိုးတက်မှုလို့ ခေါ်ရပါ လိမ့်မယ်။

XS
SM
MD
LG