သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာမှုလေ့လာဖို့ Angelina Jolie ရခိုင်နဲ့ ကချင်ပြည်နယ်သွားမည်


Angelina Jolie ရဲ့ မြန်မာနိုင်ငံခရီးစဉ် 29-07-2015 (ဓာတ်ပုံ-MOI)
Angelina Jolie ရဲ့ မြန်မာနိုင်ငံခရီးစဉ် 29-07-2015 (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံတမန် နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Angelina Jolie ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေ၊ လူမျိုးရေးခွဲခြားမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက ပိုပြီးသိလာမယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။

ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုဖို့အတွက် အစီအစဉ်ရှိသလို၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း Jolie က တွေ့ဆုံဖို့ရှိပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

လေးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ နာမည်ကျော် ဟောလီးဝုဒ်မင်းသမီး Angelina Jolie ဟာ နိုင်ငံတကာက ဒုက္ခသည်အရေး အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအရေး ကမ္ဘာသိအောင် လှုပ်ရှားဆောင်ရွက်နေသူဖြစ်ပါတယ်။

ဒါကြောင့် သူရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင်တွေကို မေးခွန်းထုတ်သွားမှာ ဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“Angelina Jolie ဟာ အခြား ဟောလီးဝုဒ်က နာမည်ကျော်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ မတူပါဘူး။ နိုင်ငံတကာကို ခရီးလှည့်လည်ပြီး လူ့အခွင့်အရေးကိစ္စ အထူးသဖြင့် ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေအတွက် အကျိုးရှိရှိ ထိရောက်အောင် ဆောင်ရွက်နေတာပါ။ ဒီမြန်မာခရီးစဉ်ကိုလည်း သူဟာ အသေအချာကို စီစဉ်ထားတာပါ။ မြန်မာအစိုးရဘက်ကလည်း ဒီအတွက် အဆင့်သင့်ဖြစ်နေသင့်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို Jolie အနေနဲ့ လိမ္မာပါးနပ်စွာ မေးခွန်းထုတ်မှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ တာဝန်ရှိသူတွေဟာ မဖြစ်မနေ အဖြေပေးဖို့ လိုအပ်မှာပါ။ ရိုဟင်ဂျာတွေအပေါ် ကာလကြာမြင့်စွာ ဖိနှိပ်မှုတွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ၊ နိုင်ငံရေးအကျဉ်းသား အရေအတွက် တိုးလာတာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူတွေရဲ့ ဒုက္ခသည်စခန်းတွေ၊ ငြိမ်းချမ်းရေး သဘောတူညီချက် မရနိုင်သေးတာ စတာတွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်နေတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံကို ရောက်နေတဲ့ Angelina Jolie ရဲ့ စကားတွေနဲ့ ခြေလှမ်းတိုင်းကို ကမ္ဘာ့သတင်းမီဒီယာတွေ စောင့်ကြည့်နေတဲ့ အခုလိုအချိန်မှာ ဒီအခြေအနေတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အစိုးရအနေနဲ့ မဖြစ်မနေ တုံ့ပြန်ဖြေဆိုရာမှာ ဖြစ်ပါတယ်။”

UNHCR ရဲ့ အထူးသံတမန်အနေနဲ့ လာတဲ့ ခရီးစဉ်အတွင်း ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတချို့ သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို မေးမြန်းနားထောင်ဖို့ ရှိတယ်လို့ မနေ့က ထုတ်ပြန်တဲ့ Angelina Jolie ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ Angelina Jolie ရဲ့ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကမ္ဘာက ပိုပြီး သိရှိနားလည်လာဖို့ မျှော်လင့်ကြောင်း သူနဲ့တွေဆုံဖို့ ဖိတ်ကြားခံထားရတဲ့ Women Peace Network Arakan ရဲ့ ညွန်ကြားရေးမှူး မဝေေ၀နုက ဗွီအိုအေကို ပြောပါတယ်။

“သူလာချင်းအားဖြင့် ဒီ attention ပေါ့နော် ကျမတို့ လောလောဆယ် ရွေးကောက်ပွဲရှိတယ်။ ဒါပေမဲ့လည်း ပြဿနာတွေလည်း အများကြီး ရှိနေတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ၊ ခွဲခြားမှုတွေ ဒါမျိုးတွေလည်း အများကြီး ရှိနေတဲ့အခါကျတော့ မြန်မာပြည်အပေါ်မှာ attention အရမ်းကို များသွားမယ်ပေါ့နော်။ ရခိုင်ပြည်နယ်ဘက် သွားတဲ့အခါကျရင် သူကိုယ်တိုင်ကိုယ်ကျ မြင်သွားပြီဆိုရင် ပိုပြီးတော့ ဒီအတွက်လည်း သူ့အနေနဲ့ တစုံတရာတော့ message ကျမတို့အစိုးရကို ပေးနိုင်တယ် ဆိုလို့ရှိရင် ဒါ အရမ်းကောင်းတယ်ပေါ့နော်။”

အလားတူ Angelina Jolie အနေနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခြင်းအားဖြင့် စစ်ကြောင့် ကချင်အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ၊ ဒုက္ခအခြေအနေတွေကို နိုင်ငံတကာသိအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မြင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်ရဲ့ ညှိုနှိုင်းရေးမှူး ခွန်ဂျာက ပြောပါတယ်။

“အခုအချိန်မှာ ကချင်ဒေသကိုလည်း သူ ကြွရောက်လာမယ်ဆိုတော့ ကျမတို့အနေနဲ့ အင်မတန်မှ ဝမ်းသာပါတယ်ရှင့်။ နံပါတ်တစ်ကတော့ ကျမတို့ ဒီဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်များဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လုံးဝကို မကိုက်ညီဘဲနဲ့ ဒုက္ခဆင်းရဲခံနေရတယ်ပေါ့လေ။ အခုခေတ်အမျိုးသမီးများဟာ ပြည်တွင်းစစ်ကာလအတွင်း အထူးသဖြင့် လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်းမှာ အနိုင်ကျင့်ခြင်းခံရတယ်ပေါ့။ မြန်မာ့တပ်မတော်ရဲ့ လက်ချက်ကြောင့်ပေ့ါလေ။ ဒီအခြေအနေမှာ Angelina Jolie ရောက်လာခြင်းအားဖြင့် အမျိုးသမီးများရဲ့ ကိစ္စတွေကို ပိုပြီးတော့မှ နိုင်ငံတကာက သိရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယူဆတယ်ရှင့်။”

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ Angelina Jolie ဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါအပြင် သူရဲ့ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိသလို မြန်မာအနုပညာရှင် တချို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ၂၀၁၂ ခုနှစ်က Angelina Jolie ဟာ UNHCR ရဲ့ အထူးသံတမန်အနေနဲ့ ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီးနောက် မြန်မာ့အရေးမှာ စတင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG