သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီတက်မယ့်ကျောင်းသားတွေ ပိတ်ဆို့ခံရ


(ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့အတွက် သပိတ်မှောက်နေတဲ့ ကျောင်သားတွေ ပြန်လည် စတင်ချီတက်တဲ့နေမှာပဲ အာဏာပိုင်တွေက ပိတ်ဆို့ ဟန့်တားထားပါတယ်။ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း အပြင်ဘက်ကို မထွက်နိုင်အောင် ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ထားတာပါ။

ဒါ့အပြင် လက်ပံတန်းမြို့ အဝင်အထွက် လမ်းတွေကိုလည်း ပိတ်ဆို့ထားပြီး အကူအညီပေး ဝန်းရံမယ့်သူတွေနဲ့ ဆန္ဒပြသူတွေနဲ့ မပူးပေါင်းနိုင်အောင် အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်က အချိန်ကာလ သတ်မှတ်ပေးဖို့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဟာ မတ်လ ၂ ရက်နေ့မှာတော့ ရန်ကုန်ကို ဆက်လက် ချီတက်မယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေက ကြေညာပြောဆိုထားတာပါ။ မတ်လ ၂ ရက်နေ့မှာတော့ သူတို့တည်ခိုးနေတဲ့ ဘုန်းကြီးကျောင်းတဝိုက်ကို ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် အင်အားတွေနဲ့ ပိတ်ဆို့ထားကြောင်း သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင် က ဆိုပါတယ်။

“အခု သူတို့ လုံထိန်းကားတွေ တော်တော်များများနဲ့ ပြီးတော့ မီးသတ်ကားတို့ ဘာတို့နဲ့ ဘုန်းကြီးကျောင်း ပတ်ပတ်လည်ကို ဝိုင်းထားပြီးတော့ ထွက်ခွာခွင့်မပေးဘူးပေါ့နော်။”

ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် အင်အားတွေ၊ ရေကားတွေ၊ မီးသတ်ကားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းတော့မယ့် အခြေအနေမျိုးကို အာဏာပိုင်တွေဘက်က ပြင်ဆင်ထားပြီး ကျောင်းသားတွေကတော့ သူတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ရန်ကုန်အထိ ချီတက်မယ့်ခရီးစဉ်ကို ပြင်ဆင်ပြီး ထွက်လာတဲ့အချိန်မှာပဲ ပိတ်ဆို့ ဟန့်တားခံခဲ့ရတာပါ။

မနက်ပိုင်းတုန်းကတော့ နယ်လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဆွေးနွေးတဲ့အခါမှာတော့ သပိတ်မှောက် ချီတက်မှုတွေ ရပ်ဖို့ကိုသာ ဆွေးနွေးခဲ့တဲ့အတွက် ပြေလည်မှုတော့ မရခဲ့ဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။ ကျောင်းသားတွေ ပိတ်ဆို့ခံထားရတဲ့အတွက် ပြည်နဲ့ ပေါင်းတည်ဘက်က ကျောင်းသားတွေ မန္တလေးနဲ့ ရန်ကုန်က ကျောင်းသားတွေက သပိတ်မှောက် ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့ လာတဲ့အချိန်မှာ ပိတ်ဆို့ထားတဲ့အတွက် အချေအတင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လာရောက်ပူးပေါင်းတဲ့ ကျောင်းသားတွေကို ထွက်ခွာခွင့် ပေးခဲ့ရတာကြောင့် ပင်မ သပိတ်စစ်ကြောင်းဆီကို ကျောင်းသားတချို့ရောက်ရှိလာပြီးလို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

“ပြည်လမ်းဘက်ကနေ လာတဲ့ ရဲဘော်တွေက နည်းနည်း တွန်းထုတ် ထွက်လာတဲ့အခါကျတော့ တချို့ ပြည်ကဟာတွေ ရောက်လာတယ်။ မန္တလေးဘက်ကဟာတွေ ရောက်လာတယ်။ ဒါပေမဲ့ ရန်ကုန်ဘက်ပိုင်းကတော့ အခုအချိန်ထိ အခြေအနေ မကောင်းသေးဘူးပေါ့နော်။ ဟိုမှာလည်း ပိတ်တာကတော့ နှစ်ဘက်စလုံး ပိတ်တုန်းပဲ။”

ငြိမ်းချမ်းစွာ ချီတက်မှုနဲ့ ပတ်သက်လို့ အခုလို ပိတ်ဆို့မှုတွေ မဖြစ်သင့်ဘူးလို့ သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင် က ဆိုပါတယ်။

“ကျနော်တို့ ကျောင်းသားတွေ သွားနေတဲ့ကိစ္စက ငြိမ်းချမ်းစွာနဲ့ သွားနေတဲ့ကိစ္စပေါ့နော်။ အဲ့လိုမျိုး တားဆီးပိတ်ပင်တယ် ဆိုတာကြီးကတော့ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ဥစ္စာလေ။”

အစိုးရရဲ့ ပြည်ထဲရေးဌာနကတော့ သတင်းထုတ်ပြန်ရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်မြို့ကို ဦးတည်ပြီး ဆန္ဒပြချီတက်မယ်ဆိုရင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာမရောက်ဘဲ နိုင်ငံတော် တည်ငြိမ်အေချမ်းမှုကို ပျက်ပြားစေဖို့ ဦးတည်ရာရောက်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ကျောင်းသားတွေကို တည်ဆဲဥပဒေအရ အရေးယူဖို့လည်း ပြောဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေးကို အကဲခတ်နေသူ ဒေါက်တာရန်မျိုးသိမ်း ကတော့ ကျောင်းသားတွေ စီတန်းလှည့်လည်မှုဟာ ဖွဲ့စည်းပုံအရ နိုင်ငံသားတွေရဲ့ အခွင့်အရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေရဲ့ စီတန်းလှည့်လည်တယ်ဆိုတဲ့ လုပ်ပိုင်ခွင့်ပေါ့လေ ဒါဟာ နိုင်ငံသားတဦးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ ကျနော်က မြင်တယ်။ ကျောင်းသားတွေ ဖြတ်သန်းခဲ့တဲ့ မြို့တိုင်းမှာ ကြည့်လိုက်လို့ရှိရင် ပြဿနာ တစုံတရာမရှိဘဲနဲ့ ဖြတ်ကျော်ခဲ့တဲ့ သာဓကတွေကို ကြည့်မယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ဒီသပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်မြို့ထဲ ဝင်လာလို့လည်း အေးချမ်းသာယာရေးကို ဘာမှ ထိခိုက်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ မြင်ပါတယ်။ အဲ့ဒီအခါကျ ဒီစီတန်းလှည့်လည်ခွင့်ဟာလည်းပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ ကျနော်ကတော့ အဲ့ဒီလို ယုံကြည်ပါတယ်ခင်ဗျ။”

ကျောင်းသားတွေကတော့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး အစိုးရကို အချက် ၈ ချက် တောင်းဆိုလိုက်ကြောင်း သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျနော်တို့ သပိတ်ရပ်နားတဲ့အခါမှာ ရန်ကုန်ကိုဝင်ပြီး သပိတ်ရပ်နားမှာ ဖြစ်တဲ့အတွက် ရန်ကုန်ကို ချီတက်လမ်းလျှောက်တာမျိုး မဟုတ်ဘဲနဲ့ ပဲခူးတိုင်း သာယာဝတီအထိကို ချီတက်မယ်။ ၁၅ မိုင်ခရီး လက်ပံတန်းကနေဆိုရင်။ ပြီးရင် အဲ့ဒီကနေပြီး ရန်ကုန်အထိကို ကားစီးသွားမယ်ပေါ့။”

လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ ချီတက်ပြီး ရန်ကုန်ကိုတော့ ကားစီးသွားမှာဖြစ်ကြောင်း၊ ရန်ကုန်ရောက်မှ သပိတ်ရပ်နားပြီး အခြေခံပညာ အထက်တန်းစာမေးပွဲတွေ ဖြေဆိုပြီးဆုံးတဲ့အထိ လွှတ်တော်ကို စောင့်ကြည့်သွားမှာဖြစ်ကြောင်း ပဲခူးတိုင်း နယ်လုံဝန်ကြီးထံကို သူတို့သဘောထား ပေးပို့ခဲ့တယ်ဆိုပြီး ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ဟာ ပြီးခဲ့တဲ့လတုန်းက လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်ကို တင်ပြထားတာပါ။ ဒီမူကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ကြားနာမှုတွေကိုတော့ မတ်လ ၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ ပြင်ဆင်ဆောင်ရွက်နေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျောင်းသားတွေဘက်ကတော့ အစိုးရဘက်က အချိန်ကာလ သတ်မှတ်မှုမရှိဘဲ ဘယ်အချိန်မှာ အတည်ပြုမလဲ မသိတာကြောင့် အချိန်ဆွဲနေသလိုဖြစ်နေကြောင်းနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဦးဆောင်ပြီး ဆန္ဒပြပွဲတွေလည်း ဆက်တိုက် လုပ်ခဲ့တဲ့အတွက် ကျောင်းသားသပိတ်တွေကို တန်ပြန်သပိတ် လုပ်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။

XS
SM
MD
LG