သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းစကား မပြန့်ပွားရေး အရပ်ဖက် အား အစိုးရ လို


ပြန်ကြားရေးဒုဝန်ကြီး၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်။
ပြန်ကြားရေးဒုဝန်ကြီး၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်။
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မကြာခဏဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်း အတွင်းမှာ အမုန်းပွားစေတဲ့ စကားတွေ မဖြန့်ပွားဖို့ ဆိုတဲ့ အချက်ကို ပြည်သူတွေ အကြား သိအောင် အစိုးရနဲ့ ပြန်ကြားရေး က အစီအစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

အခုလို ပြည်သူတွေ အကြား အမုန်းစကားတွေ မပွားအောင် ပြောဆိုမှုတွေ လုပ်ဆောင်တဲ့နေရာမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူပေါင်း ဆောင်ရွက်ဖို့အတွက်လည်း အဆင်သင့် ရှိတယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

လူမှုအဖွဲ့အစည်းအတွင်း အချင်းချင်း စိတ်ဝမ်းကွဲစေတဲ့ အမုန်း စကား ပြောဆိုမှုတွေ ကနေ ပဋိပက္ခတွေ မဖြစ်အောင် Hate Speech နဲ့ ပတ်သက်တဲ့ အလုပ်ဆွေးေနွေးပွဲ တောက်လျောက် ကျင်းပဖို့ရှိ သလို နောက်ပိုင်းမှာ ကလေးငယ်တွေ ရဲ့ ကျောင်းတွေမှာပါ ဒီအချက်နဲ့ ပတ်သက်ပြီး အသိပညာပေးမှု လုပ်ဆောင်ဖို့ အစိုးရက ဆောင်ရွက်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး လည်း ဖြစ် သမ္မတရဲ့ ပြောခွင့်ရှိသူလည်း ဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေ ကို ပြောပါတယ်။

“ နံပတ်တစ်ကတော့ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေကို ကျနော်တို့ ရှေ့ဆက်ပြီးတော့မှ ဆောင်ရွက်ဖို့ရှိပါတယ်။ နောက်တခုက ကျနော်တို့နဲ့ မီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့မှ ဒီကနေ့ ဆွဲနေတဲ့ သတင်းမီဒီယာဥပဒေအပေါ် မူတည်ပြီးတော့မှ ထုတ်ပြန်မယ့် နည်းဥပဒေတွေမှာရော၊ ဒီ Hate Speech နဲ့ပတ်သက်ပြီး ဘယ်လို ထည့်နိုင်မယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။

တတိယလုပ်ငန်းကတော့ ကျနော်တို့နဲ့ International Media Support နဲ့ ပေါင်းပြီးတော့ ကျနော်တို့ အခုသုံးသပ်နေတာက အထူးသဖြင့် လူငယ်တွေကြားထဲမှာ၊ နောက် စာသင်ကျောင်းတွေမှာ ကလေးတွေကို Media Literacy၊ Internet Literacy နဲ့ပတ်သက်ပြီးတော့ အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဖို့ စဉ်းစားဆောင်ရွက်နေပါတယ်။”

ဒီကနေ့မှာလည်း အမုန်းစကား မပြန်ပွားရေးနဲ့ ပတ်သက်တဲ့ အလုပ်ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ Sky Hotel မှာ ပြုလုပ်ခဲ့ပြီး အမုန်းစကား (Hate Speech) နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ က အတွေ့အကြုံတွေ မြန်မာနိုင်ငံက ပြည်သူတွေ သိနိုင်အောင် အိုင်ယာလန် တက္ကသိုလ် က ပါမောက္ခ တစ်ယောက် ဟောပြောပို့ချမှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ ဟောပြောတဲ့ ပုဂ္ဂိုလ်ကတော့ ကျနော်တို့ အိုင်ယာလန်တက္ကသိုလ်က Dr. Venkat Iyer ပါ။ သူကတော့ ကျနော်တို့ အရင် နိုင်ငံတကာ ကွန်ဖရင့်တွေမှာလည်း တောက်လျောက် တွေ့ဖူးပါတယ်။ သူက မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့မှ တောက်လျောက် လုပ်လာတဲ့ ပုဂ္ဂိုလ်ပေါ့။ စာလည်းသင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကို ကျနော်တို့က ဖိတ်ပြီးတော့မှ ဒီမှာ လုပ်နေတဲ့ အခြေအနေတွေလည်း ရှင်းပြတယ်။

နောက် တကယ်လက်တွေ့ရင်ဆိုင်နေရတဲ့ Hate Speech နဲ့ပတ်သက်ပြီး သူ့ရဲ့ အယူအဆတွေ တောင်းတဲ့အခါမှာ တော်တော်လေး ကောင်းပါတယ်။ ကောင်းတာနဲ့ သူ့ကို မေတ္တာရပ်ခံပြီးတော့မှ ဒီဟောပြောပွဲလေးတခုကို စီစဉ်လိုက်တဲ့သဘောပါ။”

မြန်မာနိုင်ငံအတွင်းမှာတော့ ကောလာဟာလက နေ အခြေခံ ပြီးတော့ အမုန်းစကားတွေ မကြာခဏ ပြန့်ပွားတာကြောင့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေ မကြာခန ဖြစ်ပွားလေ့ ရှိနေတာပါ။ အမုန်းစကားတွေ မပြန့်ပွားစေရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရ က ဆောင်ရွက်မှု တွေ ပြုလုပ်နေပေမဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ အားကလည်း အဓိကကျတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်ထင်တယ်ဗျာ။ အဓိက မောင်းနှင်အားကတော့ အရပ်ဖက်လူထု အခြေပြုအဖွဲ့အစည်းတွေက အဓိကမောင်းနှင်အားဖြစ်မှာပဲ။ ကျနော်တို့ကတော့ ပံ့ပိုးကူညီပေးရမှာပေါ့။ ဒါပေမဲ့ နောင်ရေရှည်မှာတော့ သူများ ဥရောပနိုင်ငံတွေ ဗြိတိန်နိုင်ငံတွေလိုပေါ့၊ Hate Speech နဲ့ပတ်သက်တဲ့ သီးခြားဥပဒေမျိုး လိုမလား၊ မလိုမလားဆိုတာလဲ ဒါ ကျနော်တို့ ဥပဒေပြု အဖွဲ့အစည်းတွေရော၊ ပြည်သူတွေရော ကျနော်တို့ရော စဉ်းစားရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာကျတော့ အားကစား သမားတွေရဲ့အပြုအမူ၊ အပြောအဆို၊ မှတ်ချက်ကအစ Hate Speech နဲ့ ကာကွယ်ထားတာကိုး။”

လတ်တလော မြန်မာနိုင်ငံမှာတော့ အင်တာနက် တွေ နဲ့ လူမှု ကွန်ယက်တွေကနေ တစ်ဆင့် ပျံနှံ့လာတဲ့ မမှန်သတင်းတွေကနေ အမုန်းတရားတွေ မဖြစ်ပွားလာဖို့၊ အမုန်းစကားတွေ လူမှု အသိုင်းအဝိုင်းကြား မဖြန့်ဝေဖို့ ပန်းစကားလှုပ်ရှားမှု တစ်ရပ်ကို ပြည်တွင်းမှာ ဘလော့ခ်ကာ ကိုနေဘုန်းလတ်က ဦးဆောင်ပြီး လှုပ်ရှားနေတာပါ။

အမုန်းစကား မပြန့်ပွားစေဖို့ဟာ လူမှု အသိုင်းအဝိုင်းတခုလုံးမှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ နဲ့ ပတ်သက်ပြီး ကို နေဘုန်းလတ် ရဲ့ အမြင်ကတော့-

“ အထူးသဖြင့်တော့ဗျာ ကျနော်ပြောတာက လွတ်လပ်စွာ ပြောဆိုခွင့်ကတော့ လူတိုင်းမှာ ရှိတယ်လေ။ ဒါပေမဲ့လည်း ကျနော်တို့ ကိုယ်ပြောတဲ့စကားက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်သွားတာမျိုး၊ လူ့အဖွဲ့အစည်ကြားမှာ အမုန်းတွေပွားအောင် လှုံ့ဆော်နေတာမျိုး အဲ့လိုစကားမျိုးတွေကို ကျနော်ကတော့ မပြောစေချင်ဘူးခင်ဗျ။ အဲ့လိုစကားမျိုးတွေကို ကျနော်ကိုယ်တိုင်လဲ မပြောသလို၊ အဲ့လိုစကားမျိုးတွေကို လူ့အဖွဲ့အစည်းကို မလုံခြုံအောင်၊ မငြိမ်းချမ်းအောင် လိုက်လုပ်နေတဲ့သူတွေ ဘယ်သူမဆို ကျနော်ကတော့ ဆန့်ကျင်မှာပဲ။”

၂၀၁၂ ခုနှစ် အတွင်းက စပြီးတော့ ရခိုင်ပြည်နယ် က စလိုက်တဲ့ လူမျိုးအသွင်ဆောင် ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မိထ္ထီလာ၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ် လားရှိုးမြို့တွေ ထိ ပါ အသီးသီး ပြန့်န့ှံခဲ့ပြီးတော့ လူအများအပြား အိုးမဲ့ အိမ်မဲ့ဖြစ်တဲ့ အထိ အဓိကရုဏ်းတွေ ဆိုးရွားခဲ့တာပါ။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူဝန်ထမ်းတဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ရုံးတွေ၊ သိုလှောင်ရုံတွေနဲ့ နေအိမ်တွေကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

ဒီအကြမ်းဖက်မှု စစ်ဆေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အဖွဲ့အစည်းတခုက မမှန်သတင်း ထုတ်ပြန်ပြီး လှုံ့ဆော်ခဲ့တာကြောင့် အခုလိုပဋိပက္ခတွေ ဖြစ်ခဲ့တာလို့လည်း ဆိုထားပါတယ်။
XS
SM
MD
LG