သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေမဲခဝါချမှု တိုက်ဖျက်ရေး မြန်မာ အစိုးရသစ်ကို FATF တိုက်တွန်း


 ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF သတင်းစာရှင်းလင်းပွဲ။
ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF သတင်းစာရှင်းလင်းပွဲ။

မြန်မာနိုင်ငံဟာ ငွေကြေးဆိုင်ရာ ပြစ်မှုနဲ့ ငွေမဲခဝါချမှု တိုက်ဖျက်ရေး မဟာဗျူဟာ ကျကျ ဆောင်ရွက်ချက်တွေ ချို့ယွင်းအားနည်းမှုတွေ ရှိနေတဲ့ နိုင်ငံ အဖြစ် ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF က ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ အတွက်ရာ တိုင်းပြည် ရဲ့ ငွေမဲခဝါချမှု စနစ် ထိရောက်ကြောင်းပြသဖို့ လာမယ့် အစိုးရသစ် အနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ် လို့ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ GovRisk က ပြောဆိုလိုက်ပါတယ်။ ဒီနေ့လုပ်တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က အပြည့်အစုံ တင်ပြပေးပါလိမ့်မယ်။

လာမယ့် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်မှုတွေ အပေါ် ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာဆောင်ရွက်တာ ရှိ၊ မရှိ သီးခြား လွတ်လပ်တဲ့ အကဲဖြတ်သုံးသပ်မှု ခံယူရမှာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ရဲ့ စံနှုန်းတွေကို လက်တွေ့မှာ တကယ် လိုက်နာ တယ်ဆိုရင် ငွေမဲခဝါချမှုဆိုင်ရာ နာမည်ပျက် စာရင်းကနေ ထွက်နိုင်ဖို့ အခွင့်အရေးရှိမယ်လို့ ငွေကြေး စီမံခန့်ခွဲ မှုဆိုင်ရာ အကြံပေးအဖွဲ့ GovRisk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nicolas Le Moignan က ပြောပါတယ်။

"ဗဟာဗျူဟာကျတဲ့ အားနည်းချက်တွေ" ဆိုတဲ့ အသုံးအနှုန်းက ငွေကြေး ဆိုင်ရာ လှုပ်ရှားရေး တပ်ဖွဲ့ FATF ရဲ့ အများပြည်သူ သိအောင်ကြေညာတဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားတာပါ။ မြန်မာပြည်အနေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စနစ်မှာ အခုလို ဗဟာဗျူဟာကျတဲ့ အားနည်းချက်တွေ ကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုရင် FATF နဲ့အတူ အကောင်ထည်ဖော်ရမယ့် လုပ်ငန်းစဉ်ဆိုတာ ရှိပါတယ်။ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးစနစ် အားနည်း တဲ့နိုင်ငံက အစိုးရမှာ သီးခြား အမျိုးသားအဆင့် ဗဟာဗျူဟာအစီအစဉ်ဆိုတာရှိရပါတယ်။ ဘာကြောင့်လဲဆို တော့ ဒါက ငွေကြေး ဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ရဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ အတွက် အရေးကြီးတာကြောင့်ပါ။"

မြန်မာနိုင်ငံအနေနဲ့ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ဖို့ အတွက် ကျယ် ပြန့်တဲ့ ဥပဒေ မူဘောင်တရပ် မဖြစ်မနေရှိဖို့ လိုအပ်ပြီး ငွေဖြူကနေ ငွေမဲအဖြစ် ပြောင်းတာကို တားဆီးနိုင်ဖို့ တောင့်တင်းခိုင်မာတဲ့ အစီအမံတွေ အပြင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဥပဒေကို လေးစား လိုက်နာမှုရှိစေဖို့ အားကောင်းတဲ့ အစီအမံတွေလည်း ရှိရမှာဖြစ်ပါတယ်။

အရင်ကတော့ မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းမှာ ငွေမဲခဝါချတဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပြီး ဘိန်းရာဇာအဖြစ် နာမည်ထွက်ခဲ့တဲ့ ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်၊ ရှမ်းတရုတ်အနွယ် ဦးကျော်ဝင်း တည်ထောင်တဲ့ May flower ဘဏ်နဲ့ ဝ-လက်နက်ကိုင်နဲ့အဆက်အသွယ်ရှိလို့ နာမည်ထွက်ခဲ့တဲ့ ဦးတင်စိန် တည်ထောင်ထားတဲ့ Universal ဘဏ်တွေ ပါဝင်ပါတယ်။

ဒီကနေ့အချိန်မှာတော့ မြန်မာပြည်အပါအဝင် နိုင်ငံတကာမှာ ငွေမဲတွေကို အိမ်ခြံမြေ လုပ်ငန်းမှာ အများဆုံး ခဝါချမှု ဖြစ်တယ်လို့ GovRisk က Nicolas Le Moignan က အခုလိုပြောပါတယ်။

"ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ National Risk Assessment လို့ခေါ်တဲ့ အမျိုး သားအဆင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ဒါက ဘယ်ကဏ္ဍမှာ ငွေကြေးခဝါချမှုတွေ အဖြစ်များသလဲဆိုတာ ဆန်းစစ်နိုင်ဖို့အတွက် FATF က သတ်မှတ်ထားတဲ့ ငွေကြေး ခဝါချ မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအမံတွေထဲမှာ ပါဝင်လို့ပါပဲ။ မြန်မာနိုင်ငံတင် မဟုတ်ဘဲ နိုင်ငံတကာမှာလည်း ဘယ်ကဏ္ဍမှာ ငွေကြေးခဝါချမှု ဖြစ်နိုင်ခြေ များသလဲဆိုတာ ပြောရရင် အိမ်ခြံမြေလုပ်ငန်းပဲဖြစ်ပါတယ်။ ဒါ ကြောင့် ငွေကြေး ခဝါချမှုဖြစ်နိုင်ခြေရှိတဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို ကြီးကြပ်ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ် တာဖြစ်ပါတယ်။"

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ မတ်လမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၁၅ဦး ပါဝင်တဲ့ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဗဟို ဘုတ်အဖွဲ့ကိုလည်း ၂၀၁၄ သြဂုတ်လ မှာ ဖွဲ့စည်းခဲ့သလို ဖမ်းဆီးရမိတဲ့ ငွေကြေးခဝါချမှု စုစုပေါင်း ၄၉မှုရှိပါတယ်။

ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ထဲမှာပါဝင်တဲ့ အာရှ ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖက်ရေး (APG) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာပြည် အနေနဲ့ FATF စံနှုန်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုပြီး ကတိပြု ထားရတာဖြစ်ပါတယ်။

XS
SM
MD
LG