သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နိုင်ကျဉ်းတွေ လွှတ်ဖို့ ဆန္ဒဖော်ထုတ်


ဧပြီလ ၉ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သော ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ။ ဓါတ်ပုံ (Facebook/Tun Kyi)
ဧပြီလ ၉ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သော ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ။ ဓါတ်ပုံ (Facebook/Tun Kyi)

ရခိုင်ပြည်နယ် အတွင်းမှာ ဖမ်းဆီခံထားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲနဲ့ ပတ်သက်သူတွေ သံသယနဲ့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးရေး အပါအဝင် အချက်၅ချက်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နယ်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၇ရက်နေ့ နေစွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁/၂၀၁၆ မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး၊ အမှု ရင်ဆိုင် နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပြီးတဲ့ နောက်မှာတော့ ဧပြီလ ၈ရက်နေ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူ တချို့ ပြန်လည် လွတ်မြောက် လာတာဖြစ်ပါတယ်။

ဧပြီလ ၉ရက်ေ့နမှာတော့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြိုနယ်အတွင်းမှာ ထိမ်းသိမ်းခံထားရတဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ကျောက်ဖြူမြို့ခံ လည်းဖြစ် အမ်းမြိုနယ် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌလည်းဖြစ်တဲ့ ဦးဇော်ဝင်းမြင့်က အခုလိုပြောပါတယ်။

“’ဒီနေရာမှာ ဒီနေ့ ကျောက်ဖြူမြို့ ဘုရားကြီးတောင်ဝင်း ဆိုတာရှိတယ်။ အဲဒီမှာ စုရပ်ထားပြီးတော့ ဆန္ဒပြကြတာ။ ဘုရားကြီးတောင်ဝင်း မြတန်ဆောင် ဆရာတော်က ဦးဆောင်ပြီးတော့လုပ်တယ်။ ကြွေးကြော်သံတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေး။ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့် ပေးရေး။ သံသယဖြင့် ဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ သံသယဖြင့် ဖမ်းဆီးခံရသူများကို တရားဥပဒေနှင့်အညီ ဖော်ဆောင်ပေးရေး၊ နောက် ငါးကတော့ သံသယဖြင့် ဖမ်းဆီးခြင်းကို ရပ်တန့်ရေး အဲဒီ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ လူဦးရေက နှစ်ရာ ဝန်းကျင်ပါ။ ”

ကျောက်ဖြူမြိုနယ် ဆန္ဒပြပွဲမှာတော့ အမျိုးသားရေး လက္ခဏာဆောင်တဲ့ သဘောတွေ မတွေ့ ရကြောင်း ဆက်ပြောပြပါတယ်။

“အမျိုးသားရေးနဲ့ မဆိုင်တော့ဘူးပေါ့။ AA နဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေးကိုပဲ သူတို့ လိုချင်တာပါ။ ဒီနေရာမှာ AA လို့ မသုံးထားဘူး။ AA လို့ တိုက်ရိုက် မသုံးထားဘူး။ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ပါဝင်မှုရယ်၊ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်မှု ကို ရပ်တန့်ဖို့ရယ်၊ သံသယနဲ့ ဖမ်းဆီးတာတွေကို ရပ်တန့်ဖို့ရယ်။ အဲလိုပဲ သံသယနဲ့ နောက်ထပ် မဖမ်းဆီးဖို့ရယ် ဆိုတာလေးတွေပါပါတယ်။ ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁/၂၀၁၆ ထွက်ပြီးတဲ့ နောက်တရက်ဖြစ်တဲ့ ဧပြီလ ၈ရက်နေ့ မှာ လက်ပံတန်းမှာ ထိမ်းသိမ်းခံရတဲ့ ကျောင်းသားတွေကို ပြန်လည်လွတ်မြောက်လာခဲ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မြောက်သေးပေမဲ့ အမူရုပ်သိမ်းဖို့ ကျန်သေးတာတွေ ရှိနေတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီး ရုံဖွင့်ချိန်မှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နောက်ထပ်ထွက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားတာပါ။

သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လွတ်ငြိမ်းသက်သာခွင့် ရရှိပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် လိုအပ်တဲ့စီစစ်မူများဆောင်ရွက်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားပါတယ်ရှင်။

XS
SM
MD
LG