သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရခိုင်ဝန်ကြီးချုပ် ခန့်အပ်မှု ANP ကိုယ်စားလှယ်တွေ ကန့်ကွက်


NLD ရခိုင်ဝန်ကြီးချုပ် ဦးညီပု
NLD ရခိုင်ဝန်ကြီးချုပ် ဦးညီပု

ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပတဲ့ ရခိုင် ပြည်နယ် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကြေညာချိန်မှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် အမတ် တွေအားလုံး လွှတ်တော်ထဲက ထွက်ခွာခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်တွင်းက မဲဆန္ဒနယ် အများစုမှာ အနိုင်ရ ထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် မရရင် ဘယ်အစိုးရအဖွဲ့မှာမှ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ANP ပါတီရဲ့ ကြေညာချက်ထွက်ပေါ်ပြီး နောက် ပိုင်း အခုလိုလွှတ်တော်တွင်း သပိတ်မှောက်မှု မျိုးဖြစ်လာတာပါ။ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြပေးမှာပါ။

ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ်တွေ အနေနဲ့ အမည်းရောင်စတစ်ကာကန်ပိန်းပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီက ဦးညီပုကို ကြေညာချိန်မှာ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး လွှတ်တော်ထဲက ထွက်ခွာခဲ့ ကြပါတယ်။

ရခိုင်ပြည်နယ်က မဲဆန္ဒနယ် တော်တော်များများမှာ အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ကိုယ်စား လှယ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်သင့်တယ်လို့ ယူဆတဲ့အတွက် ANP ပါတီက ပြည်နယ်လွှတ်တော် အမတ် တွေအနေနဲ့ NLD ပါတီက ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ကြေညာချိန်မှာ လွှတ်တော်ထဲက ထွက်ခွာရခြင်းဖြစ် တယ်လို့ ရခိုင်အမျိုးသား ပါတီ ကိုယ်စားပြု ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂က ပြည်နယ်လွှတ်တော် အမတ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။

“ ဦးညီပုလည်း ရခိုင်တယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်အခါမှာ ဒီမိုကရေစီအကြောင်းအရ ကျနော်တို့ဟာ ရခိုင်ပြည်နယ်ထဲမှာ အများဆုံးအနိုင်ရတဲ့ပါတီဖြစ်တယ် ။ အဲဒီအနိုင်ရတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကျနော်တို့ ဒီမိုကရေစီ အချက်တွေနဲ့အညီ ကျနော်တို့ဒီမှာ ရခိုင်ပြည်နယ်ထဲမှာ အများဆုံး အနိုင်ရတဲ့ ပါတီ ထဲက ရွေးချယ်သင့်တယ်လို့ ကျနော်တို့ အဲဒီလို ယုံကြည်ထားပါတယ်။”

အခုလို သပိတ်မှောက်တာဟာ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအရသာဖြစ်ပြီး ပါတီနဲ့ သက် ဆိုင်ခြင်းမရှိဘူးလို့ ANP ပါတီက ကိုယ်စားလှယ်တွေက ပါတယ်။

ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေအနေနဲ့ သူ့တို့အခွင့်အရေးအတွက် သပိတ်မှောက်တာနဲ့ ပတ်သက် လို့ ဘာမှ ပြောစရာမရှိသလို ရှေ့လျှောက် ရခိုင်ပြည်နယ်အရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဆန္ဒရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြု ဂွမြို့နယ် မဲဆန္ဒနယ် အမတ် ၁ က ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေသတွင်းမဲအများဆုံးအနိုင်ရထားတဲ့ ANP ပါတီက ကိုယ်စားလှယ်ဖြစ်ဖို့လိုပြီး ANP ပါတီအနေနဲ့ ပြည်နယ်အစိုးရကို ဦးဆောင်ခွင့်မရှိရင် အတိုက်အခံပါတီအဖြစ်ရပ်တည်သွားမယ်ဆိုတဲ့ ANP ပါတီရဲ့ သဘောထားကြေညာချက် ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။

“ကျနော်တို့ဘက်ကတော့ ထွေထွေထူးထူးပြောစရာလည်းမရှိပါဘူး။ ကျနော်တို့ပါတီက အနိုင်ရထားတဲ့အခါကျတော့ ကျနော်တို့လည်း ဒီလွှတ်တော်ကိုယ်စားလှယ်နေရာများများအနိုင်ရထားတဲ့အခါကျတော့ ကျနော်တို့လည်း ကျနော်တို့ပါတီကလည်း ဝန်ကြီးချုပ်လိုချင်တဲ့သဘောပေါ့။ ကျနော်တို့ ဘက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ ။ ရခိုင်ပြည်နယ်အရေး ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။”

ရခိုင်အမျိုးသားပါတီအနေနဲ့ အခုချိန်မှာ အတိုက်အခံလုပ်ဖို့ စောနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတဲ့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တကယ်လက်တွေ့မှာ ရခိုင်ပြည်နယ် အရေးအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးဆိုမှသာ အတိုက်အခံ လုပ်သင့် တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေပြီး တရား လွှတ်တော်ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ဝင်း က အခုလို သုံးသပ်ပါတယ်။

“အဲတော့ ကျနော်အကြံပြုချင်တာကတော့ လက်ရှိ NLD က ဒါက သူ့အနေနဲ့ တတိုင်းတပြည်လုံးနဲ့ လွှမ်းခြုံတဲ့ လုပ်ငန်းတွေရှိလို့ ဝန်ကြီးချုပ်တွေကို NLD က တာဝန်ပေးတဲ့ သဘောပဲ။ အဲဒါလေးကို ဒီ အစိုးရဖွဲ့တဲ့အခါမှာလည်း ရခိုင်ပါတီကလည်း ပူးပေါင်းပါဝင်ပြီးတော့ အတိုင်းအတာတခုလေးအထိ လိုက်ပါပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ နောင် တကယ်တမ်း လက်တွေ့ဆောင်ရွက် တဲ့အခါကျတော့မှ အခက်အခဲ တွေ့လာခဲ့မယ် ၊ ရခိုင်ပါတီနဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဝန်ကြီးချုပ်တို့ NLD တို့က မဖော်ဆောင်ပေးနိုင်ဘူး ဆိုတဲ့ အချိန်အတိုင်းအတာ တခုကျတဲ့ အခါကျမှသာလျှင် အတိုက်အခံ လုပ်သင့်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တခဲနက်အနိုင်ရ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အားလုံးကို ဦးဆောင်ဖွဲ့စည်းခွင့်ရှိတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မတ်လ ၂၄ နေ့က နေပြည် တော်မှာ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး NLD ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ရခိုင် အမျိုး သားပါတီက ကိုယ်စားလှယ်တွေကိုပါ ပါဝင်စေလိုကြောင်း၊ ရှေ့လျှောက် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့တော့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ၂၃ နေရာ ရရှိထားပြီး NLD ပါတီကတော့ ၈ နေရာရရှိ ထားတာဖြစ်ပါတယ်။

XS
SM
MD
LG