သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA နဲ့ UWSA တို့နဲ့ တဖွဲ့ချင်းစီ တွေ့ဆုံစဉ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA နဲ့ UWSA တို့နဲ့ တဖွဲ့ချင်းစီ တွေ့ဆုံစဉ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကို တပ်မတော်အနေနဲ့ လိုလားတဲ့အကြောင်း မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ UWSA-ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီတို့နဲ့ တွေ့ဆုံချိန် အဲ့ဒီလို ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ SSPP-SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့နဲ့ တဖွဲ့ချင်း သီးသန့်စီ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီလို တွေ့ဆုံချိန် မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။

“တပ်မတော်ရဲ့စိတ်ရင်းအခံပေါ့နော်- သူကိုယ်တိုင်အပါအဝင်ပေါ့။ အဲဒီ ငြိမ်းချမ်းရေးကို တပ်မတော်ကလည်း လိုလိုလားလား ရှိတာပေါ့။ သူပြောချင်တာကတော့ ငြိမ်းချမ်းရေးကို ချီတက်မယ်ဆိုရင် အဲဒီ လက်နက် မကိုင်စေချင်တော့ဘူးပေါ့။ ပြီးတော့ သူပြောနေတဲ့ အဲဒီ ၆ ချက်ပေါ့- အဲဒါလည်း သူရှင်းပြတယ်။ ပြီးတော့ ခဏခဏပြောသလို တပ်မတော်ကလည်း အဲဒီ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့လည်း ပြည်သူတွေက လိုလားနေကြတော့ ပြည်သူ့စိတ်ဆန္ဒအတိုင်း သူတို့က ဖြည့်စွက်ပေးတာပေါ့- အဲဒါတွေ သူရှင်းပြတာပါ။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော်တော် များများနဲ့ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြတာပါ။ ဒါပေမဲ့လည်း တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က တပ်အင်အား တိုးချဲ့တာတွေ၊ တိုက်ပွဲတွေဖြစ်နေဆဲ အခြေအနေတွေကိုလည်း ဒီတွေ့ဆုံမှုအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ဆက်ပြောပြပါတယ်။

“တိုက်ပွဲတွေ ဖြစ်နေတဲ့ အကြောင်းရင်းကလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု သိပ်မရှိသေးလို့ပေါ့နော- အရင်ကလည်း တပ်မတော်အစိုးရလက်ထက်တုန်းကလည်း စည်းလုံးညီညွတ်မှုတွေ၊ ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာ အားနည်းခဲ့လို့ပေါ့နော်။ သူဆိုလိုချင်တာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မတူကြဘူးပေါ့။ အဲဒါတွေ ကွဲလွဲနေတာတော့ ရှိတာပေါ့။ နောက်ဆုံး ကျနော်တို့ တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးလိုလားတယ်။ သူတို့ကလည်း ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ အဲဒါကို ပြောတာပေါ့။”

အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လာရောက် တွေ့ဆုံမှုအပေါ် SSPP က ကြိုဆိုခဲ့ပေမဲ့ သူရှင်းပြခဲ့တဲ့ တပ်မတော် မူ ၆ ချက်နဲ့ ပတ်သက်လို့တော့ SSPP ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ဒု-ဥက္ကဋ္ဌဦးဆောင်ပြီး သွားတယ်ဆိုတော့ ဒု-ဥက္ကဋ္ဌကပဲ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တွေ့ဆုံခွင့်ပေးတာတော့ ကျနော်တို့လည်း ကြိုဆိုတယ်၊ ဝမ်းသာတဲ့အကြောင်း၊ ကျနော်တို့လည်း ၆ ချက်စလုံးတော့ လက်ခံနိုင်တဲ့ အနေအထားတော့ သိပ်မရှိသေးဘူး၊ ဘာလို့ မရှိသေးဘူးလဲဆိုတော့ အဲဒီ ၂၀၀၈ ဥပဒေနဲ့အညီ လုပ်ဆောင်သွားရမယ်ဆိုတဲ့ အချက်တွေ ပါနေတော့ ကျနော်တို့က ၂၀၀၈ ဥပဒေကို လက်မခံတဲ့ အနေအထားမှာ ရှိနေသေးတာပေါ့နော်။”

ဒီတပ်မတော်မူ ၆ ချက်ထဲမှာတော့ - တပ်သားသစ် မစုဆောင်းရ၊ အခွန်မကောက်ရ၊ ခွင့်ပြုချက်မရဘဲ စခန်းဆောက်တာ၊ သွားလာတာ မလုပ်ရ၊ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက် မစွက်ဖက်ရ၊ လူမသတ်ရ၊ ပြည်သူ့စစ်အဖွဲ့တွေကို မထိရ ဆိုတာတွေ ပါဝင်နေတာကြောင့် တိုင်းရင်းသားအဖွဲ့တွေဘက်ကလည်း ဒါကို ဝေဖန်ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တဲ့ဓာတ်ပုံတွေ သူ့ရဲ့ facebook လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဗွီအိုအေကနေ UWSA ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရှမ်းပြည်နယ်ကိုသွား ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံနေတဲ့အချိန်ဟာ ရန်ကုန်မှာလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ နဲ့ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ NCCT တို့ တွေ့ဆုံနေကြတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာပါ။ ဒီရန်ကုန်ဆွေးနွေး ပွဲကို UWSA အဖွဲ့ကလည်း ပထမဆုံးအကြိမ် တက်ရောက်လာတာဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ ထူးခြားမှုရှိတယ်ဆိုပြီး တချို့က သုံးသပ်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG