သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမရိုးကျ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေးစာချုပ် ကုလလက်မှတ်ထိုး


ဒေါ်လာသန်းပေါင်း ၇ သောင်းလောက် တန်ဖိုးရှိတဲ့ ကမ္ဘာ့ သမရိုးကျ လက်နက် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ဖို့ ပထမဆုံး နိုင်ငံတကာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၆၀ ကျော်က ကိုယ်စားလှယ်တွေဟာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ တန်းစီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အထွေထွေ ညီလာခံကနေ ဧပြီလမှာ အတည်ပြုခဲ့တဲ့ လက်နက်ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို အာဂျင်တီးနားနိုင်ငံက ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပါတယ်။ အီရန်၊ ဆီးရီးယား နဲ့ မြောက်ကိုရီးယား သုံးနိုင်ငံကတော့ ဒီစာချုပ်ကို ကန့်ကွက်မဲ ပေးခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တနင်္လာနေ့က ဒီသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုင်ငံတွေထဲမှာ အမေရိကန် ပြည်ထောင်စု မပါဝင်ခဲ့ပါဘူး။ ဒီသဘောတူစာချုပ်ကို ကုလသမဂ္ဂက တရားဝင် ဘာသာပြန်ဆိုမှုတွေ လုပ်ပြီးတာနဲ့၊ ကမ္ဘာပေါ်မှာ လက်နက်အများဆုံး တင်ပို့နေတဲ့ အမေရိကန် နိုင်ငံကလည်း ဒီစာချုပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခတွေဖြစ်အောင် မီးမွှေးပေးတဲ့၊ အကြမ်းဖက် အစွန်းရောက်သမားတွေကို ပိုပြီး အားဖြည့်ရာရောက်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတဲ့ သမာရိုးကျ လက်နက်တွေ တရားမဝင် ကုန်သွယ်နေတာတွေကို ဟန့်တားဖို့ ကြိုးစားတဲ့နေရာမှာ ဒီသဘောတူစာချုပ်ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်နေတာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်ဆောင်မှုကို လိုလားတဲ့ အမေရိကန် အမျိုးသား ရိုင်ဖယ်အဖွဲ့ကတော့ လက်နက်ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ဆန့်ကျင်ထားသလို၊ ဒီကိစ္စ အမေရိကန်အစိုးရအတွင်း ဆွေးနွေးမှုတွေ ရှိလာတဲ့အခါကျရင်လည်း အမေရိကန် အထက်လွှတ်တော်မှာ အတည်မပြုနိုင်အောင် သူတို့ဘက်က တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။
XS
SM
MD
LG