သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lance Armstrong ကို ချန်ပီယံဆု ရုပ်သိမ်း


ပြင်သစ်နိုင်ငံမှာ ရက်ရှည် မိုင်ပေါင်းများစွာ စက်ဘီးစီးပြိုင်ရတဲ့ Tour de France ပြိုင်ပွဲမှာ (၇) ကြိမ်အနိုင်ရထားတဲ့ အမေရိကန် စက်ဘီးသမား Lance Armstrong ကို အမေရိကန် တားမြစ်ဆေးဝါး သုံးစွဲမှု တိုက်ဖျက်ရေးဌာန USADA က အနိုင်ရသူ စာရင်းကနေ ပယ်ဖျက်ခဲ့သလို စက်ဘီးစီးပြိုင်ပွဲတွေ ကနေလည်း ရာသက်ပန် ထုတ်ပယ် လိုက်ပါတယ်။

Lance Armstrong ဟာ တားမြစ် ဆေးဝါးတွေကို မှောင်ခို အရောင်းအဝယ်လုပ်ပေးမှု၊ တခြားသူတွေကိုလည်း တိုက်ကျွေးမှု အပါအဝင် တားမြစ်ဆေးဝါး ဆိုင်ရာ စည်းကမ်း အများအပြားကို ချိုးဖောက်မှုနဲ့ ၁၉၉၉ ကနေ ၂၀၀၅ ခုနှစ်အထိ (၇) ကြိမ် ဆက်တိုက် အနိုင်ရထားတဲ့ ဆုကို အသိအမှတ် မပြုဘူးလို့ USADA က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တားမြစ်ဆေးဝါး သုံးစွဲတယ်လို့ သူ့အပေါ် စွပ်စွဲမှုကို ပြင်းပြင်းထန်ထန် ငြင်းဆန်နေတဲ့ စက်ဘီးသမား Lance Armstrong ကတော့ သူ့အပေါ် စွပ်စွဲမှုတွေကို ပြန်လည် ဖြေရှင်းရတာ မောလှပြီဖြစ်လို့ USADA ရဲ့ အရေးယူမှုအပေါ်မှာ အသနားခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Tour de France ဆုတွေကို USADA ကပေးထားတာ မဟုတ်လို့ တဘက်သတ် ဆုတွေကို ပြန်ရုပ်သိမ်းလို့ မရဘူးလို့ သူ့ရဲ့ရှေ့နေကလည်း ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ စက်ဘီးသမဂ္ဂ ICU ကလည်း အလားတူ အရေးယူမှု လုပ်ဖို့ မျှော်လင့်တယ်လို့ USADA ကတော့ ပြောနေပါတယ်။ ဒါပေမဲ့ ICU ကတော့ Lance Armstrong နဲ့ ပတ်သက်ပြီး အမေရိကန် တားမြစ်ဆေးဝါး သုံးစွဲမှု တိုက်ဖျက်ရေးဌာန USADA က တွေ့ရှိထားတဲ့ အချက် အသေးစိတ်ကို အရင် ထုတ်ဖော်ပြောဖို့ တောင်းဆိုနေပါတယ်။ Lance Armstrong ကိစ္စ စီရင်ပိုင်ခွင့် ဘယ်သူ့မှာ ရှိသလဲဆိုတာကို USADA နဲ့ အပြိုင် အပြည်ပြည်ဆိုင်ရာ စက်ဘီးသမဂ္ဂ ICU က တောင်းဆိုနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG