သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးကိစ္စ ဆန္ဒပြသူတွေ ရဲတရားစွဲ


မြန်မာစစ်တပ်ဘက်ကနေ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားရကြောင်း သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ ပတ်သက်လို့ တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားရေး၊ လယ်သမားရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေထဲက တချို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းတွေက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ ခေါ်ယူစစ်ဆေးနေစဉ်အတွင်းမှာ သေနတ်လု ထွက်ပြေးဖို့ကြိုစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကနေ စာနယ်ဇင်းကောင်စီ ယာယီကနေတဆင့် သတင်းထုတ်ပြန်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးနဲ့ ပတ်သက်လို့ တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်း ပြည်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေနေ့မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့ နယ်ပယ်အသီးသီးက ထောင်ဂဏန်းရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့တာပါ။ ဒီထဲက G Wave အဖွဲ့ရဲ ဥက္ကဌ ကိုမိုးသွေးလည်း တရားစွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။

“ကျောက်တံတားရဲစခန်းကို ဖုန်းဆက်ပြီးတော့ မေးကြည့်တယ်။ ဟုတ်သလားပေါ့။ ဆိုတဲ့အခါမှာ စခန်းမှူးကဖြေတယ်။ ဟုတ်ပါတယ်ဆိုတော့ ကျနော်က မေးတယ်။ ဟုတ်ပြီဆိုလို့ရှိရင် ဘယ်လိုစွဲတာလဲ၊ ဘယ်သူတွေကို စွဲတာလဲ။ ကျနော်တယောက်တည်း လုပ်တာမဟုတ်ဘူး။ ဒါ အားလုံးပေါင်းပြီး လုပ်တာဖြစ်တယ်။ ဘယ်သူတွေပါသလဲ။ ပြီးလို့ရှိရင် အဲ့လိုမျိုးစွဲတယ်ဆိုရင်လည်း ကျနော့်ကို ခင်ဗျားတို့ စာ လာမပို့ထားဘူး။ အဲတော့ ဘယ်တော့ပို့မှာလဲ။ ဘယ်လိုလုပ်မှာလဲ။ ကျနော်က မေးတဲ့အခါကျတော့ အဲ့ဒါတွေကို မေးချင်လို့ရှိရင်တဲ့ တခြားတနေရာကို ဒီဖုန်းနံပါတ် မေးလိုက်ပါဆိုပြီး ပေးတယ်။ ပေးတော့ အဲ့ဒီဖုန်းနံပါတ်ကို ဆက်တဲ့အခါမှာလည်း အဲ့ဖုန်းနံပါတ်က ဆက်လို့မရဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ကျနော် အကြောင်းကြားစာ တင်ထားတာ ကျနော် ဖြစ်နေတာပေါ့နော်။ အဲ့ဒီအပေါ်မှာစပြီးတော့ ကျနော့်ကို အရင်ဆုံး တင်လိုက်တယ်လို့ ပြောတယ်။ ကျန်တာတော့ ဘယ်သူတွေကို ဘယ်လောက်အထိ သူတို့ ဖွင့်မယ်၊ မဖွင့်ဘူး ဘယ်လိုစဉ်းစားသလဲတော့ ကျနော်လည်း မသိဘူး။ အခုဟာက သူတို့အနေနဲ့ တရားဝင်ပေါ့နော် အကြောင်းကြားလာတာ မရှိဘူး။ ဒါပေမဲ့ တဘက်ကလည်း ကျနော့်ကို တရားဝင် အကြောင်းကြားမလာပေမဲ့ သတင်းမီဒီယာတချို့ကိုကျတော့ သူတို့က ဒီသတင်းတွေကို အမှုနံပါတ်ကအစ အတိအကျ ပေးထားတာရှိတယ်။ ဆိုတော့ ကျနော်လည်း နားလည်ရခက်တယ်ခင်ဗျ။”

ရန်ုကုန်မြို့က ဆန္ဒပြပွဲမှာတော့ ဘယ်သူတွေကို ထပ်ပြီး တရားစွဲထားသလဲဆိုတာ မသိရသေးပေမဲ့ ကိုမိုးသွေး တဦးတည်းတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အလားတူ ပဲခူးတိုင်း ပြည်မြို့မှာလည်း ရှေ့နေ ဦးမြင့်အေးနဲ့ လယ်သမားရေးလှုပ်ရှားဆောင်ရွက်သူ ကျောင်းသားတဦးဖြစ်တဲ့ ကိုသန့်စင်ထက်တို့ကို တရားစွဲဆိုထားကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ဆိုပါတယ်။

“မနေ့က ရဲစခန်းကနေပြီးတော့ ကျနော့်ဆီကို ဖုန်းဆက်တယ်။ ဦးမြင့်အေးကိုတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးမြင့်အေးကို ကျနော်တို့ ပုဒ်မ ၁၈ နဲ့ ငြိမ်းစီစု ဥပဒေ ၁၈ နဲ့ တရားစွဲထားတယ်တဲ့ ကျနော့်ကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်က ပြောလိုက်တယ်။ ကျနော့်မှာလည်း ၁၈ တွေက မနည်းတော့ဘူးလို့နော်။ ခဏခဏလည်း အစွဲခံနေရတယ်။ ကိုပါကြီးကို မတရား သတ်ဖြတ်ပြီးတော့ အလောင်းဖျောက်ဖျက်တဲ့အတွက် ကျနော် မကျေနပ်လို့ လုပ်မှဖြစ်မယ်ဆိုပြီး၊ ရုတ်တရက်မဟုတ်ပါဘူး။ ညကျတော့ စဉ်းစားပြီးတော့မှ ဖယောင်းတိုင်ထွန်းပြီးတော့ ၂ ယောက် ဆန္ဒဖော်ထုတ်တယ်။ ဒီစစ်အစိုးရရဲ့ မတရားမှုတွေ၊ အဲဒီလို သတ်ဖြတ်မှုတွေဟာ ကျနော်တို့တွေ ပြည်သူလူထုတွေ၊ ဒီလို ကိုပါကြီးကို လုပ်တဲ့အထိမျိုးက အများကြီး ရောက်လာနိုင်တယ်။”

မန္တလေးမြို့မှာလည်း တနင်္လာနေ့က ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့နေရာကို သက်ဆိုင်ရာမြို့နယ် ရဲတွေက လာရောက် တားဆီးမှုတွေရှိခဲ့ပြီး ဒီနေ့မှာပဲ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်ကို ရဲစခန်းက ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်နေကြောင်း ပြောပါတယ်။

“သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ကတော့ နေ့လည်က လှမ်းဖုန်းဆက်တယ်ခင်ဗျ။ လက်ရှိတော့ ကျနော် မအားသေးဘူး။ စက်မှုဇုန်ထဲမှာ အလုပ်သမတဦး လက်ပြတ်သွားလို့ အဲ့ဒီကို ကျနော် အကူအညီသွားပေးနေတာလို့။ ဘာကိစ္စရှိလို့တုန်းလို့ ကျနော် ပြန်မေးလိုက်ပါတယ်။ သူတို့ဘက်ကတော့ ဆွေးနွေးစရာ ရှိလို့ပါတဲ့။ စခန်းကိုသာ လာခဲ့ပါ။ ဆွေးနွေးစရာရှိလို့ပါဆိုပြီးပဲ အကြိမ်ကြိမ် လှမ်းခေါ်နေတာ။ ကျနော်ပြောချင်တာကတော့ ခင်ဗျားတို့ သက်ဆိုင်ရာ အစိုးရကိုပဲ ပြောလိုက်ပါလို့။ ကျနော်တို့ကို တရားစွဲတာ မစွဲတာက သိပ်အရေးမကြီးဘူးလို့။ အခု အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို အမှန်အတိုင်းပေါ်ပေါက်အောင် ဖော်ထုတ်ပေးပါ။ နောက် တာဝန်ရှိတဲ့သူတွေကို အရေးယူပေးပါလို့ပဲ ကျနော် ပြောချင်တယ်လို့။”

မန္တလေးမှာတော့ လယ်သမားရေး၊ အလုပ်သမားရေးနဲ့ နိုင်ငံရေးကိစတွေမှာ တက်ကြွစွာ လှုပ်ရှားနေသူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေလည်း လူထုကြားမှာ ပျံ့နံှ့နေတယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။ သူတို့ဟာ ကိုပါကြီအမှုကို တရားမျှတစွာ စုံစမ်းအရေးယူပေးဖို့ ဆန္ဒပြရခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ အခု ရဲစခန်းကခေါ်ယူ ဆွေနွေးဖို့ ပြောဆိုနေကြသူတွေဟာ ပုဒ်မ ၁၈ နဲ့ပဲ တကြိမ်မက တရားစွဲဆိုခံထားရသူတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG