သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာကြေးနီတောင် စီမံကိန်း ဆန္ဒပြမှု ပုဒ်မ ၁၄၄ ထုတ်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတွေနဲ့ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြ
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတွေနဲ့ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြ
မုံရွာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး တောင်ဆိုတဲ့ အထဲမှာ ပါဝင်ခဲ့ပြီး မုံရွာမြို့ ဆုတောင်ပြည့် ဘုရားလာဖူးသူု ဒေသခံရွာသား၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြန်လွှတ်မပေးသေးတဲ့ အတွက် ဒေသခံ အင်အား ၂၀၀၀ လောက်က မုံရွာ ရဲစခန်းကို ဆန္ဒပြနေသြလို လက်ပန်းတောင်းတောင် စီမံကိန်းကို ရပ်တန့်ဖို့ ဆန္ဒပြနေတဲ့ ကျေးရွာတွေကို အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်တဲ့ အကြောင်းကြားစာတွေ လိုက်ဝေနေတယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်နားဖို့ တောင်းဆိုတာကြောင့် ဖမ်းဆီးခံထားရတဲ့ ဒေသခံ ရွာသား ၁၂ ဦးပြန်လွှတ်ပေးရေး အတွက် မုံရွာ အမှတ်(၁) ရဲစခန်းရှေ့မှာ ဒေသခံ လူထုတွေ ဆန္ဒပြနေကြတာပါ။ ဆန္ဒပြမှုမှာ ဦးဆောင်သူ တဦး ဖြစ်တဲ့ ဗကသများ အဖွဲ့ချုပ်က မုံရွာ တာဝန်ခံ ကိုနွေဦးကို က အခုလို ပြောပါတယ်။

" ၁၂ ယောက်လုံး လွှတ်ပေးမယ်လို့တော့ ပြောတယ်။ အခုဟာက ၁၀ ယောက်လွှတ်ပေးပြီးပြီပေါ့နော်။ သူတို့ ပါးစပ်က ပြောတာပေါ့နော်။ ၁၀ ယောက်လွှတ်ပေးပြီးပြီပေါ့နော်။ ဒါပေမယ့် အကိုတို့က ၁၀ ယောက်ကို အကိုတို့ မျက်စိရှေ့မှာ မမြင်ရဘူး။ မယုံဘူးဆိုပြီး ဆက်ပြီး ဆန္ဒပြနေတယ်။ ခန့်မှန်းခြေက ကျနော့် အထင်ပြောရရင် ၂ ထောင် ဝန်းကျင်လောက်တော့ ရှိမယ် ထင်တယ်ဗျ။ အခုဟာ ကျနော်တို့က မီးတွေလည်း ရဲစခန်းတွေ ဘာညာ အကုန်လုံးက မီးတွေ ဖြတ်ထားတော့ ဖယောင်းတိုင် တွေနဲ့ဘဲ အကုန်လုံး "

လက်ပန်းတောင်းတောင်ခြေ တဝိုက်က ကျေးရွာတွေကို အာဏာပိုင်တွေက စက်တင်လာလ ၁၀ ရက်နေ့မှာဘဲ ပုဒ်မ ၁၄၄ ထုတ်ထားတယ် ဆိုတဲ့ စာတွေ လာရောက်ဖြန့်ဝေမှုတွေ လုပ်နေတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်ကလည်း ပြောပါတယ်။

" ဒီရွာတွေဘက်နဲ့ သက်ဆိုင်ရာတွေ လာပြီး ပေးသွားတယ်ပေါ့နော်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်က အခု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ကနေ စပြီးတော့ ၂၀၁၂ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ။ အရှေ့ဘက်ကို သွားရင် ဆာလင်းကြီးနဲ့ ညောင်ပင်ကြီး ကားလမ်းကြား တခုလုံး၊ အနောက်ဘက်ကို သွားရင် မိုးကြိုးပြင် ကျေးရွာအုပ်စု တစုလုံး၊ တောင်ဘက်ကို သွားရင် ချောင်းတကာ ကျေးရွာအုပ်စု တစုလုံး၊ မြောက်ဘက်ကို သွားရင် ညောင်ပင်ကြီး ယင်းမာပင် ကားလမ်း တလျှောက်လုံး အဲဒါတွေကို ၁၄၄ ထုတ်ပြန်ကြောင်းကို သူတို့ ကြေညာချက် ထုတ်ပြန်ပြီးတော့ လာပေးသွားတယ်။ "

ဖမ်းဆီးခံရသူ အမျိုးသမီးတွေဟာ ရွှေစင်ရွာနဲ့ ဝက်မှေးရွာက ဖြစ်ပြီး သူတို့လယ်မြေတွေ အသိမ်းခံရတာ၊ ရွာတွေ ရွှေ့ပြောင်းခံရတာကြောင့် ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ်။

" အမျိုးသမီးတွေချည်းဘဲ ၁၂ ယောက် အဖမ်းခံလိုက်ရတာ။ ရွှေစင်ရွာ နဲ့ ဝက်မှေးရွာက။ ရွှေစင်ရွာကတော့ လယ်ယာမြေ အသိမ်းခံရတာ ဖြစ်တယ်။ ဝက်မှေးရွာကတော့ ရွာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခံထားရတဲ့ ရွာပေါ့။ အဲဒီမှာ ပါသွားတဲ့ အမျိုးသမီးတွေက မသွဲ့သွဲ့ဝင်း၊ နောက်တယောက်က မအေးနက်၊ နောက်တယောက်က မမိရွှေ၊ မဖြူဖြူဝင်း၊ မစန်းစန်းလှ၊ မစန်းဝင်း၊ မဝင်းမာ၊ မမဲတူ၊ မစန်းစန်းလှ၊ စန်းစန်းဝင်း၊ ဒေါ်သန်းမီ၊ မဝင်းမာ၊ မမဲတူ၊ မမာမာအေး၊ ဒေါ်မိဖြူ၊ မညိုစန်း သူတို့ကို ၁ နာရီ ၁၀ မိနစ်လောက်ကနေ စတင်ပြီးတော့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးလိုက်တဲ့သူက မုံရွာ အမှတ် (၁) ရဲစခန်းက ဦးကြူနှင်း"

ဒေသခံ အင်အား ၈၀၀ ခန့်ကလည်း ဖမ်းဆီးခံထားရတဲ့ ဒေသခံ အမျိုးသမီး ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ အတွက် မုံရွာရဲစခန်းကို လာကြတဲ့သူတွေဟာ လမ်းတဝက်မှာဘဲ တားဆီးခံရတာကြောင့် လမ်းတဝက်မှာဘဲ ဆန္ဒပြမှုတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

" ဒီဘက်မှာ ကျန်တဲ့ ရွာသားတွေက မုံရွာမြို့က ဖမ်းဆီးထားတဲ့သူတွေ လွတ်မြောက်ရေးနဲ့ ဖမ်းဆီးမှုကို ရှုတ်ချရေး အတွက် ဆန္ဒပြပြီး ချီတက်လာတဲ့ အချိန် တဖက်ကမ်းကို ကူးခွင့်မပေးဘဲနဲ့ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ ပိတ်ဆို့လိုက်တယ်။ အဲတော့ ညောင်ပင်ကြီး ဆိပ်ကမ်းမှာဘဲ ရွာသားတွေက ဆန္ဒပြတယ်။ အဲလို ဆန္ဒပြတဲ့ အခါမှာ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ ရောက်လာတယ်။ ပြည်သူလူထုတွေက အဝင်မခံတဲ့ အတွက် သူတို့တွေ နောက်ဆုတ်သွားရတယ်ပေါ့။ "

ပြီးထဲ့တဲ့ ၅ ရက်နေ့ကလည်း အာဏာပိုင်တွေဟာ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းကို ဆန္ဒပြတဲ့ ရွာသား အင်အား ၄ ထောင်ခန့်ကိုလည်း မုံရွာ ပုသိမ် ကားလမ်းမကြီးကို ပိတ်ဆို့ပြီး တားမြစ်ခဲ့ပါတယ်။ ဒီနောက် ဒီစီမံကိန်း ရပ်တန့်ဖို့ အကူအညီပေးနေသူတွေကို ဖမ်းဆီးတာ တရားစွဲတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံ ရွာသားတွေဟာ မနေ့က ညကလည်း လက်ပန်းတောင်းတောင် တောင်ခြေမှာ အင်အား ၁၅၀၀ ခန့်က မီးဒုတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ပါတယ်။

အဓိက ကတော့ သူတို့ဟာ စီမံကိန်းကြီးကို ဖျက်သိမ်းဖို့ တောင်းဆိုပြီး စီမံကိန်းကြောင့် သိမ်းထားတဲ့ လယ်ဧက ၇၈၀၀ ကျော်ကို ပန်ရရှိဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီစီမံကိန်းကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာ ဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ခဲ့တာ ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး အဖြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်နေပြီး ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှုတွေ ကြုံရနိုင်တာကြောင့် ဒေသခံတွေနဲ့ အတူ ကျောင်းသားတွေက စီမံကိန်းကို ရပ်ဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG