သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး


သမ္မတဒုတိယသက်တမ်း ပြန်အနိုင်ရခဲ့တဲ့ သမ္မတအိုဘားမား၊ ဇနီး မီရဲှလ်၊ သမီး မာလီယာနဲ့ ဆာရှာ။
သမ္မတဒုတိယသက်တမ်း ပြန်အနိုင်ရခဲ့တဲ့ သမ္မတအိုဘားမား၊ ဇနီး မီရဲှလ်၊ သမီး မာလီယာနဲ့ ဆာရှာ။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတ Barack Obama အနိုင်ရခဲ့တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုလိုက်ကြပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney ကို အင်္ဂါနေ့မှာ ကပ်ပြီး အနိုင်ရခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နွေးနွေး ထွေးထွေး ကြိုဆိုလိုက်ပါတယ်လို့ ဆိုလိုက်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အကြား ရေရှည်တည်တံ့လာတဲ့ မဟာမိတ် ဆက်ဆံရေးစိတ်ဓာတ်ကို ကိုင်ဆွဲပြီး ဒီဆက်ဆံရေး ဆက်လက် ကောင်းမွန်အောင် အတူလက်တွဲ ကြိုးပမ်းသွား ဖို့ မျှော်လင့်နေတယ်လို့ ဆက်ပြော ခဲ့ပါတယ်။

ဒါပေမဲ့ ဆီရီးယားပြဿနာအပါအဝင် ရှေ့မှာ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေကိုလည်း သူက ထည့်ပြောခဲ့ ပါသေးတယ်။

သမ္မတ အိုဘားမားရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney နဲ့ ကာလ ကြာရှည် စွာ မိတ်ဆွေဖြစ်လာခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း သမ္မတ အိုဘားမားနဲ့ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့််နေတယ်လို့ ဆိုလိုက်ပြီး အမေရိကန်-အစ္စရေး စစ်ရေးမဟာဗျုဟာ ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာနေတယ်လို့ ဆိုလိုက်ပါ တယ်။

တချိန်တည်းမှာ ရုရှားဝန်ကြီးချုပ် Vladimir Putin ကလည်း သမ္မတ အိုဘားမားထံ ကြေးနန်းစာပို့ပြီး ချီးကျူးစကားပို့သခဲ့ပါတယ်။ ဝန်ကြီးချုပ် Putin ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း မစ္စတာပူတင် အနေနဲ့ သမ္မတအိုဘားမားနိုင်လိုက်တဲ့ သတင်းကို အပြုသဘောနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

နောက်တခါ ဗြိတိန်ဝန်ကြီးချုပ် David Cameron က အင်တာနက်ရဲ့ Twitter ပေါ်ကတဆင့် သမ္မတ အိုဘားမား အနိုင်ရတာကို နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုလိုက်တယ်လို့ ဆိုလိုက်ပြီး ရှေ့မှာလည်း ဆက်လက် လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Cameron က စိတ်ပျက်စရာ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်နေတဲ့ ဆီရီးယားပြဿနာအတွက်တော့ အမေရိကန်အနေနဲ့ ရှေ့ဆက်ပြီး ပိုဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ သူ့ရဲ့ဂျော်ဒန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဗုဒ္ဒဟူးနေ့က ထုတ်ပြောလိုက်ပါတယ်။

တချိန်တည်းမှာ အာရှ-ပစိဖိတ်ဒေသဘက်မှာလည်း သြစတျေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gallard၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ခေါင်းဆောင်တွေကလဲ သမ္မတအိုဘားမားကို ချီးကျူးလိုက်ကြပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။
XS
SM
MD
LG