သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဆိုင်ရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်


လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ်
အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) ဟာ အခုလထဲ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ ကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းတွေ နှစ်ဘက်စလုံးမှာ တိုးတက် ပွင့်လင်းလာစေဖို့နဲ့ အမေရိကန်နဲ့ ဒေသတွင်း စီးပွားရေး ဆက်ဆံမှုတွေ အားကောင်းလာဖို့ အဓိက ဆွေးနွေး ဆောင်ရွက် မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကြာမြင့်မယ့် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာတော့
မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာရေးကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စု ကုန်သည်ကြီးများအသင်းနဲ့ UMFCCI မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးတွဲ လုပ်မယ့် စီးပွားရေး ဆွေးနွေးပွဲမှာလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) က စကားပြောဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန်ဘက်က မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ယာယီ ဆိုင်းငံ့ထားလိုက်တဲ့နောက်၊ မြန်မာနိုင်ငံထဲ အမေရိကန် လုပ်ငန်းကြီးတွေ အတော်များများ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြပါတယ်။

ဒီအတွက်လည်း အမေရိကန်လုပ်ငန်း အတော်များများ မြန်မာနိုင်ငံကို သွားရောက် လေ့လာမှုတွေ ရှိနေပြီး၊ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေ တွက်ချက်နေကြချိန် ဖြစ်ပါတယ်။
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟာ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပြင် ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ စင်ကာပူနိုင်ငံတွေကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။
XS
SM
MD
LG