သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်ဖွဲ့မည်


မြန်မာ့လွှတ်တော်
မြန်မာ့လွှတ်တော်
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ့် ခြေလှမ်းတရပ် အဖြစ်နဲ့ ပြန်လည် သုံးသပ်မှုတွေလုပ်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က လက်ခံလိုက်ပါတယ်။ မကြာခင် ကော်မရှင် ကော်မတီတွေ ဖွဲ့စည်းပြီး အချေအတင် ဖြစ်စရာ အပိုင်းတွေကို ပြင်ဆင်မှုတွေ လုပ်နိုင်လိမ့် မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ မျှော်လင့်နေကြတာပါ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အလားအလာတွေကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ဒီမိုကရေစီ အခြေခံတွေ အားနည်းတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန် ခံနေရတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်လည် လေ့လာ သုံးသပ်ဖို့ ပြည်ထောင်စု လွှတ်တော်က လက်ခံလိုက်တဲ့ အတွက် ပြင်ဆင်သွားနိုင်ဖို့ လမ်းစတခု ဖြစ်လာခဲ့တာပါ။ အခြေခံဥပဒေကို ခေတ်နဲ့ အညီ ပြန်လည်ပြင်ဆင်နိုင်ဖို့ အရေးပေါ် အဆိုတရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် အခုနောက်ဆုံး ပြည်ထောင်စုလွှတ်တော် ကလည်း လက်ခံလိုက် တာ ဖြစ်ပါတယ်။

အာဏာရပါတီရဲ့ ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုကို ကျန်လွှတ်တော် အမတ်တွေကပါ ဝိုင်းဝန်းထောက်ခံခဲ့ကြတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။

“အဆိုတင်တာက သူရဦးအေးမြင့် ကတင်ခြင်းဖြစ်ပါတယ်။ အဲဒါကို ဦးသိန်းဇော် က ထောက်ခံပြီးတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီပေါ့လေ ပြင်ဆင်ဖို့ အဆိုတင်ပါတယ်။ အဲဒါကို ကျနော်တို့ ကန့်ကွက်ရန် ရှိမရှိပေါ့လေ အသံနဲ့ပဲ မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အားလုံးကပဲ ကန့်ကွက်မယ့်သူ မရှိကြောင်း ဆုံးဖြတ်ပါတယ်ခင်ဗျ။ ကော်မတီ၊ ကော်မရှင်ဖွဲ့မယ်ပေါ့လေ၊ အဲဒီမှာ လူပေါင်းစုံ ပါမယ်ပေါ့၊ ပညာရှင်တွေလည်း ပါမယ်ပေ့ါ။ ဒီလိုမျိုး ပြောပါတယ်ခင်ဗျ။”

လွှတ်တော်ကော်မရှင်၊ ကော်မတီတွေမှာ ပါဝင်သင့်သူတွေ၊ လုပ်ပိုင်ခွင့်တွေအတွက် အကြံပြု တိုက်တွန်းချက်တွေကိုတော့ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့လည်း လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ ဒါပေမဲ့လည်း အချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ မလွဲမသွေ ပြင်ဆင်ဖို့ လိုအပ်နေတာမို့ အချိန်မဆိုင်းသင့်ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကမြင်ပါတယ်။

“လေ့လာစူးစမ်းတယ်ဆိုတဲ့ နောက်မှာ လေ့လာစူးစမ်း ပြုပြင်ရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖြည့်စွက်ရန် အဲဒါမျိုးလေးတွေပေါ့နော် နောက်တလုံး ဝေါဟာရ ထပ်ပါသေးရင်တော့ ပိုပြီး အဓိပ္ပါယ်ရှိ တဲ့ ကော်မတီ၊ ကော်မရှင် ဖြစ်သွားနိုင်တာပေါ့လေ။ ၂၀၀၈ နဲ့ ကျနော်တို့သွားတာ ၂ နှစ် လောက်တောင်ရှိပြီပဲ။ အဲဒီတော့ ၂၀၀၈ နဲ့ ပတ်သက်လို့ ပြင်ဆင်သင့်တဲ့ ပုဒ်မတခုချင်း ကိုလည်း လွှတ်တော်အမတ် တဦးချင်းကလည်း သိလောက်ပါပြီ။ တပါတီချင်းကလည်း သိလောက်ပါပြီ။”

၂၀၀၈ ခုနှစ် အခြေခံဥပဒေကိုတော့ အရင်စစ်အစိုးရလက်ထက်မှာ ရေးဆွဲပြီး၊ အတည်ပြုနိုင်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပချိန်ဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရအပြီး လူတွေ အတိဒုက္ခ ရောက်နေကြတဲ့အချိန် ဖြစ်ခဲ့သလို စစ်တပ် က ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက်လည်း ဝေဖန်သံတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်နေပြီ ဆိုတာကို အာဏာရပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ ကိုယ်တိုင် လက်ခံလာနေတဲ့အတွက် ရှေ့ လာမယ့် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုတွေ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့ အကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။

“တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း မကန့်ကွက်ဘူးလေ။ အကုန်လုံးက တညီတညွတ်တည်း လုပ်တယ်ဆိုတော့ ဒီကိစ္စဟာ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်ခင်ဗျ။ ၂၀၁၅ မတိုင်ခင်မှာ ပြင်ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆိုရင်တော့ အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ တဦးအဖြစ် အစိုးရထိပ်တန်း ရာထူးတွေဖြစ်တဲ့ သမ္မတနဲ့ ဒုသမ္မတ တာဝန်တွေကို ထမ်းဆောင်ခွင့် ကန့်သတ်ထားတာ ဖြစ်သလို လွှတ်တော်ရဲ့ နေရာ ၄ ပုံ ၁ ပုံကိုလည်း စစ်တပ်ကိုယ်စားလှယ်တွေကို ပေးအပ်ထားတာပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအေးမောင် ကတော့ ဒီလို ဒီမိုကရေစီ မဆန်တဲ့ အခြေခံကျကျ အပိုင်းတွေကို အဓိကထား ပြင်ဆင်သွားဖို့ လိုမယ်လို့ပြောပါတယ်။

“အဓိကကတော့ အုပ်ချုပ်ရေး မဏ္ဍိုင်ပေါ့လေ။ ခေါင်ကတော့ သမ္မတကြီးပေါ့နော်။ သမ္မတနဲ့ ပတ်သက်တဲ့ အများလက်ခံနိုင်တဲ့ အရည်အချင်းပေါ့နော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လက်ရှိထည့်ထားတာတချို့ လက်ခံနိုင်တဲ့အပိုင်း ရှိချင်မှရှိမယ်။ ဥပမာ စစ်ရေးအမြင်တို့၊ ဘာတို့ ဆိုတာတွေရှိမယ်။ သားသမီးကအစ နိုင်ငံခြားသြဇာခံဆိုတဲ့ အသုံးအနှုန်းလေးတွေရှိမယ်။”

“ဒုတိယ အရေးကြီးတာက ကျနော်ထင်တာက ၂၅ ရာခိုင်နှုန်းသော ဒီမိုကရေစီ မဆန်ခြင်းကို ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ ခန့်အပ်လွှာကို ကာကွယ်ရေး ဦးစီးချုပ်က ပေးတာပေါ့။ ဆိုတော့ သူ့အနေနဲ့ ၅ နှစ်သက်တမ်း အတွင်းမှာ အကြိမ်ကြိမ် လူချင်းလဲနိုင်တဲ့ အနေအထားလေးတွေကို ကျနော်တို့ ပြီးခဲ့တဲ့ ကာလကိုကြည့်ရင် တွေ့ရှိရတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်ကြတော့ လဲလို့မရဘူး။ သူကကိုယ်စားပြုမှုအရ လူထုကရွေးထားတာကိုး။ ဆိုတော့ ဒီ ၅ နှစ် ကာလတခုမှာ တနှစ်ချင်းကို ဘယ်လောက်ရာခိုင်နှုန်း လျှော့မလဲဆိုတာလေးကို ဖွဲ့စည်းပုံမှာ ပါရင်ကောင်းတာပေါ့။ ဥပမာ ပထမတနှစ်မှာ ၅ ရာခိုင်နှုန်းလျှော့မယ်၊ ဒုတိယနှစ်မှာ နောက်ထပ် ၅ ရာခိုင်နှုန်း၊ စသဖြင့်ပေါ့ဗျာ။ ၅ နှစ်ပြည့်တဲ့အခါမှာ ဇီးရိုးကို ရောက်သွားမှာပေါ့လေ။”

အခြေခံဥပဒေမှာ လတ်တလော တိုင်းရင်းသား ဒေသတွေမှာ ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းသွားနိုင်မယ့် ပြင်ဆင်ချက်မျိုးကိုလည်း ထည့်သွင်းသင့်တယ်လို့
ဒေါက်တာအေးမောင် ကပြောခဲ့တာပါ။ ဒီလိုပဲ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကတော့ လူမျိုးစုဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ အရင်းအမြစ်တွေကို ခံစားခွင့်တွေ ပိုမိုထည့်သွင်းပြီး လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်သွားမှသာ ရေရှည်ပြဿနာတွေ ပြေလည်နိုင်လိမ့်မယ် လို့လည်း သတိပေးနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG