သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား


ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။

အိုဘားမား အနေနဲ့ ဆီရီးယား အတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားပေမယ့်၊ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံ့တွေ တိုးမြှင့်ပြီး ပေးသွားဖို့ သမ္မတ အိုဘားမားက သူ့ရဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ကို ပြောထားပြီးသွားပြီလို့ အိမ်ဖြူတော် အရာရှိတွေ ကပြောပါတယ်။

အခုထိတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေကို ပေးနေတဲ့အကူအညီတွေထဲမှာ လူကိုသေစေနိုင်တဲ့ ပစ္စည်းအထောက်အပံ့တော့ မပါသေးပါဘူး။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေအတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးထားပြီးသား ဖြစ်တယ်လို့ ဖော်ပြထားကြောင်း အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်လင်း ဟေဒန် (Caitlin Hayden) ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အထောက် အပံ့ဟာ ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေကပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာဟာ အခုဆိုရင် ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ ဘရှာ အယ်လ်အာဆတ် (Bashar al-Assad) အစိုးရအပေါ် ပြင်းပြင်ထန်ထန် အရေးယူမှုတွေ မလုပ်ခင်မှာပဲ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေ သုံးနေတာနဲ့ ပက်သက်လို့ အချက်အလက်တွေ ထပ်ပြီး လိုအပ်နေသေးတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ကပြောသွားပါတယ်။
XS
SM
MD
LG