သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ တရုတ် နဲ့ မြန်မာ့ ကြားနေဝါဒ


မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်လွှတ်တော်အမတ်များနဲ့ တွေ့ဆုံစဉ်။
မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်လွှတ်တော်အမတ်များနဲ့ တွေ့ဆုံစဉ်။
အမေရိကန်၊ ဥရောပနဲ့ ဆက်ဆံရေးအခြေအနေ အဆင်ပြေလာတဲ့ မြန်မာအစိုးရဟာ အရင်လို တရုတ်ကိုချည်း မှီခိုနေရတဲ့ဘဝကို ကျောခိုင်းနိုင်ဖို့ အလားအလာ ရှိလာပြီလို့ ယူဆကြပါတယ်။ ပြုပြင်ရေး အရှိန်ရလေလေ၊ အမေရိကန်နဲ့ ဥရောပ အကူအညီ ရနိုင်လေလေ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ တာဆူနေတဲ့ မြန်မာအစိုးရအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူတာ အားလုံးကို ရုတ်သိမ်းပေးတာ မဟုတ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးကောင်းမွန်နေပြီဖြစ်လို့ ဖြစ်နိုင်စရာတွေ အများကြီးရှိပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေးအဆင်ပြေလာတာဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဆီယံအသင်းအတွက် အပေါင်းလက္ခဏာဖြစ်ပေမယ့် တရုတ်အတွက် အနုတ်လက္ခဏာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားလို့ တရုတ်ရဲ့ အမှုသည် အိမ်နီးချင်းနိုင်ငံဖြစ်လို့ မှီခိုမှုနည်းပါးသွားတာဟာ တရုတ်အစိုးရ အရှုံးထွက်တာပဲလို့ မြင်တာမျိုးလည်း ရှိပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အိမ်နီးချင်းနိုင်ငံဟာ အဓိကကျတယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ ဒါကြောင့်မို့ အမေရိကန်ထက်စာရင် တရုတ်အတွက် ပိုပြီးအရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။

တရုတ်အစိုးရရဲ့ အိမ်နီးချင်းရေးရာ ဂျောင်ဗျန် (Zhoubian) မူဝါဒမှာ အမေရိကန်ဟာ အရေးကြီးပါတယ်။ အမေရိကန်ဟာ တရုတ်ရဲ့ အိမ်နီးချင်းမဟုတ်ပေမယ့် တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို သြဇာလွှမ်းမိုးနိုင်တယ်လို့ တရုတ်အစိုးရက အသိအမှတ်ပြုထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေဖို့ကို အဓိကထားတယ်ဆိုပေမယ့် မိမိလုံခြုံရေးနဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်လာရင် တရုတ်အစိုးရဟာ ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း တောင်တရုတ်ပင်လယ်က ကျွန်းပိုင်ဆိုင်မှု ပြဿနာမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လဲ အမေရိကန်အစိုးရရဲ့ အာရှအရေး ဦးစားပေးလမ်းစဉ်ကို အာဆီယံအသင်းနဲ့ တခြားအာရှနိုင်ငံတွေက ကြိုဆိုတာဖြစ်ပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အဆင်ပြေတာတွေ ရှိသလို၊ တင်းမာစေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။

တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကို အမေရိကန်က အဆုံးအဖြတ်ပေးနိုင်တာ မဟုတ်ပေမယ့် အမေရိကန်ရဲ့ အခန်းကဏ္ဍကို လစ်လှူရှုလို့ မဖြစ်နိုင်ဘူးလို့ တရုတ်ပညာရှင် ဂျန်ရှောင်းမင်က သုံးသပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဟာ တရုတ်ဆီက အကျိုးအမြတ်ခံစားရတာ ရှိသလို၊ တရုတ်ရဲ့ စီးပွားပြိုင်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ဟာ စီးပွားရေးမှာ တရုတ်ကို အားကိုးပြီး လုံခြုံရေးမှာ အမေရိကန်ကို မှီခိုအားထားတာမျိုး ရှိလာပါတယ်။ တရုတ်နဲ့ အိမ်နီးချင်း ဆက်ဆံရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ တရုတ်စစ်တက္ကသိုလ် မဟာဗျူဟာရေး လေ့လာရေးဌာနက သုတေသီ ဂျန့်ချီ က ယူဆပါတယ်။ ဒါကြောင့်မို့ အိမ်နီးချင်းနိုင်ငံတွေ မယုံသင်္ကာဖြစ်စေပြီး အထင်လွှဲမှားစေမယ့် အပြုအမှုကို တရုတ်ဖက်က ရှောင်ရှားသင့်တယ်လို့ ဂျန့်ချီ က ဆိုပါတယ်။

ကမ္ဘာ့အရေး သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ တရုတ်နဲ့ ဆက်နွှယ်ပြီး မြန်မာပြည်ဟာ အရေးပါလာတာ တွေ့ရပါတယ်။ ပြည်တွင်းပြောင်းလဲမှုကြီးတွေ၊ တရုတ်နဲ့ ဆက်စပ်နေတာကို သမိုင်းမှာ တွေ့နိုင်ပါတယ်။ တရုတ်ပြည်မှာ စစ်နိုင်ဖို့အတွက် တရုတ်ရဲ့ဝင်ပေါက် မြန်မာပြည်ကို ဂျပန်က ပထမဦးဆုံး စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး (၂) နှစ်နီးပါးအကြား ၁၉၄၉ အောက်တိုဘာမှာ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတာမို့ မြန်မာပြည်ဟာ အမေရိကန်ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး မဟာဗျူဟာမှာ အရေးပါလာပြန်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရဟာ ကြားနေရေး မူဝါဒကို ကျင့်သုံးပြီး တရုတ်နဲ့ အမေရိကန်တို့ကို ချစ်ကြည်ရေး လုပ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ ထွက်ပေါက်ဟာ ကြားနေလမ်းစဉ် ဖြစ်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာရတဲ့ အကြောင်းတွေထဲမှာ အမေရိကန်ရဲ့ လုပ်ရပ်လည်း ပါဝင်တယ်လို့ နံမည်ကျော် အမေရိကန်ပညာရှင် ပါမောက္ခ Noam Chomsky က ၂၀၀၈ မှာ ပြောခဲ့ပါတယ်။ တရုတ်ပြည်မှာ စစ်ရှုံးလို့ ရှမ်းပြည်နယ်မှာ ဝင်ရောက်ခိုလှုံတဲ့ ကူမင်တန်တရုတ်ဖြူတပ်တွေကို အမေရိကန်က စစ်လက်နက်ပစ္စည်း ထောက်ပံ့ပါတယ်။ ရည်ရွယ်ချက် တရုတ်ကွန်မြူနစ်အစိုးရကို ပြန်လည်တိုက်ခိုက် နိုင်ဖို့ပါ။ ရှမ်းပြည်နယ်မှာ ကူမင်တန် တရုတ်ဖြူတွေ စစ်အင်အားကြီးထွားလာတာကို တုန့်ပြန်တဲ့အနေနဲ့ ဗမာအစိုးရက စစ်အင်အားတိုးချဲ့ရက နောက်ဆုံးမှာ စစ်အာဏာသိမ်းတဲ့အထိ ဖြစ်လာတဲ့အတွက် ဒီမိုကရေစီ ပျက်စီးရတယ်လို့ Noam Chomsky က သုံးသပ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ပျက်စီးပြီး စစ်အာဏာရှင်စနစ် ပေါ်ထွက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ အမေရိကန်စနက်လည်း ပါဝင်တယ်လို့ဆိုရင် မြန်မာ့ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာအောင် အမေရိကန်က ကူညီဖို့ ကတိပေးတာ သဘာဝကျတယ်လို့ ပြောရပါလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့ အမေရိကန်နဲ့ တရုတ် ပဋိပက္ခဖြစ်ချိန်မှာ ကျင့်သုံးခဲ့တဲ့ ကြားနေဝါဒကို အမေရိကန်-တရုတ် ပူးတွဲလုပ်ကိုင်နေချိန်မှာ ပြန်လည်ကျင့်သုံးဖို့ အခက်အခဲရှိမှာ မဟုတ်ကြောင်း တင်ပြလိုက်ပါတယ်။
XS
SM
MD
LG