သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သမ္မတဖိတ်ခေါ်


အရှေ့အာရှဆိုင်ရာ စီးပွားရေးဖိုရမ်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် ( ဇွန် ၆၊ ၂၀၁၃)
အရှေ့အာရှဆိုင်ရာ စီးပွားရေးဖိုရမ်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် ( ဇွန် ၆၊ ၂၀၁၃)
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ နောက်ကြောင်းပြန်လှည့်နိုင်သေး သလား ဆိုတာဟာ သက်ဆိုင်တဲ့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းနေတဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလ တစ်ခုမှာ ရောက်နေတယ်လို့ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ သုံးရက်ကြာကျင်းပနေတဲ့ ၂၀၁၃ ခုနှစ်၊ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီကနေ့အခြေအနေတွေနဲ့ပတ်သက်လို့ အသီးသီးမှတ်ချက်ပေး ပြောဆိုခဲ့ကြတာပါ။

"မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလတစ်ခုမှာ လူကြီးမင်းတို့ မြန်မာနိုင်ငံဆီ ရောက်လာကြတာပါ။ ကျနော်တို့ဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းဖို့ အပြင်းအထန် ကြိုးစား လုပ်ဆောင်နေပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ဒီနိုင်ငံကို ဒုက္ခပင်လယ်ဝေစေခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခမျိုးစုံကို အဆုံးသတ်ဖို့ ကြိုးစား နေပါတယ်။ စီးပွားရေးကိုလည်း ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ဈေးကွက်ပေါ်မှာ အခြေခံတဲ့ စီးပွားရေးစနစ်ဆီ ကူး ပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့နေရာမှာ အောင်မြင်မှု ရဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အရေးကြီးပါတယ်" လို့ သမ္မတဦးသိန်းစိန်က ကြာသပတေးနေ့ နေ့လည်ပိုင်းမှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားအတွင်း ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လူအများ အဓိကသိချင်ကြတဲ့ မေးခွန်းက လက်ရှိ အခြေအနေတွေကနေ နောက်ကြောင်းပြန်လှည့်နိုင် သေးသလားဆိုတဲ့ မေးခွန်းဖြစ်တာနဲ့အညီ ကြာသပတေးနေ့ကပဲ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ဒီမေးခွန်းနဲ့ပဲ စဖွင့်ခဲ့ပါ တယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရှုမြင်ပုံနဲ့ သူ့ရဲ့အဖြေက -

"ဒီလုပ်ငန်းစဉ်က နောက်ပြန်လှည့်နိုင်သလားဆိုတာဟာ နှစ်ဘက်စလုံးကလူတွေရဲ့ စိတ်သဘောထားခံယူချက်ကို ပြောင်းနိုင်သလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရဲ့ လူများစုက ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားဖို့ ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိမှုပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ကျမတို့ရဲ့ သန္နိဋ္ဌာန်နဲ့ ခိုင်မာမှုတွေပေါ်မှာ မူတည်နေပါတယ်၊ စိတ်သဘောထား ခံယူချက်တွေကို ပြောင်းလဲနိုင်မှုပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ လွယ်ကူတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့လုပ်နိုင်မယ် ဆိုတာ ကျမယုံကြည်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗြိတိသျှ အသံလွှင့်ကော်ပိုရေးရှင်း BBC ရဲ့ World Debate ဆွေးနွေးခန်းအစီအစဉ်မှာ Myanmar: What Future? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောသွားတာပါ။

အဲဒီဆွးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စုရုံး ဝန်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းကတော့ နောက်ကြောင်းပြန်လှည့်နိုင်သေးသလားဆိုတဲ့ မေးခွန်းကို အခုလို ချဉ်းကပ်ဖြေဆိုပါတယ်။

"အရင်ကာလတွေတုန်းက ကျနော်တို့ဟာ အဖက်ဖက်က ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံ တစ်ခုဖြစ်ခဲ့ပါတယ်။ အခု ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တက်ကြွပြီး တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု အဖြစ် ရှေ့ဆက် သွားနေပါတယ်။ နောက်တစ်ချက် ကတော့ ကျနော့်ရဲ့ လေးစားရတဲ့အမကြီး လွန်ခဲ့တဲ့နှစ်နှစ်ဆယ် က ပြောခဲ့သလိုပါပဲ။ ကြောက်ရွံ့ခြင်း က ကင်းလွတ်ဖို့ပါ။ အခု ဆိုရင် ကျနော်တို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်တွေ ရှိနေပါပြီ။ ဒါ့အပြင် သတင်းစာ လွတ်လပ် ခွင့်ရှိနေပါပြီ။ ဒါကြောင့် ဒါဟာ ပြောင်းပြန်လှန် ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။" လို့ သမ္မတရုံး ဝန်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းက လည်းပြောသွားပါတယ်။

အဲဒီဆွေးနွေးခန်းဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကြာသပတေးနေ့ ဆွေးနွေးပွဲတွေထဲမှာ လူအများဆုံးစိတ်ဝင်စားတဲ့ ပွဲတစ်ပွဲ ဖြစ်ဖွယ်ရှိပါတယ်။ ဒီဖိုရမ်တစ်ခုလုံးမှာ လူ ၁၀၀၀ ကျော် တက်တယ်လို့ စီစဉ်သူတွေကပြောတဲ့ထဲ လူ ၄၀၀ ကျော် အဲဒီဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့ကြပါတယ်။ မြန်မာအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူထဲကဆိုရင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် တာတွေ့ရသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း တက်ရောက်ပါတယ်။

ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ရောက်ရင် သမ္မတအဖြစ် အရွေးခံမခံဆိုတာနဲ့ပတ်သက်လို့ မေးမြန်းတာမှာ သူ့အနေနဲ့ သမ္မတအဖြစ် အရွေးခံလိုတဲ့အကြောင်းနဲ့ အဲဒီအခြေအနေရောက်ဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အကြောင်း ပြန်ဖြေခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းအခြေအနေအရပ်ရပ်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြတာမှာ နောက်ကြောင်း ပြန်လှည့်နိုင်သေးသလားဆိုတဲ့ မေးခွန်းနဲ့အတူ သတင်းစာလွတ်လပ်ခွင့်၊ စစ်ဘက်ရဲ့အခန်းကဏ္ဍ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား၊ လူနည်းစုအခွင့်အရေးကာကွယ်ရေးနဲ့ နိုင်ငံသားဖြစ်မှု၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး စသည်အားဖြင့် ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လာမယ့်အနာဂတ်အပေါ် အဆိုးမြင်သလား၊ အကောင်းမြင်သလားဆိုတာကို ပင်တိုင်ဆွေးနွေးသူက ဆွေးနွေးပွဲ အဆုံး မေးမြန်းချိန်မှာ အဆိုးမြင်သူမရှိသလောက်ဖြစ်ပြီး ခန်းမထဲမှာရှိနေသူအများစုက အကောင်းမြင်တယ်လို့ ဖြေဆိုခဲ့ကြပါ တယ်။
XS
SM
MD
LG