သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်


မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့ ရှမ်းခေါင်းဆောင်တွေ ၂၀၁၂ခုနှစ် မေလက တွေ့ဆုံခဲ့ကြစဉ်။
မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့ ရှမ်းခေါင်းဆောင်တွေ ၂၀၁၂ခုနှစ် မေလက တွေ့ဆုံခဲ့ကြစဉ်။
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စားလှယ်တွေ မြန်မာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်း အတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ် လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက်ဆွေးနွေးနေကြပေမဲ့ လုံခြုံရေးအခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစုကတော့ နေရင်းမပြန်ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။

မြန်မာစစ်တပ်နဲ့ SSAရှမ်းပြည်တောင်ပိုင်းတပ်မတော်ကြား စစ်ရေးပဋိပက္ခ တင်းမာမှုတွေလျော့ ချနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက် လာစေဖို့ RCSS ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီအဖွဲ့ ကိုယ်စားလှယ်တွေ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းမှာ နေပြည်တော်ကို သွားရောက်ပြီးတွေ့ဆုံဖို့ စီစဉ်နေကြတယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် လက်ထောက်ပြောခွင့်ရ ဗိုလ်ကြီးစိုင်းစိုင်မိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းတို့က အကြောင်းကြားလာတာကတော့ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းပေါ့နော်၊ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်တယ်ဆိုရင် သွားရောက်တွေ့ဆုံနိုင်တယ်ဆိုပြီးတော့ အကြောင်းကြားလာခြင်းဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကျနော်တို့ ငြိမ်းချမ်းရေးစောင့်ရှောက်ရေးအဖွဲ့ပေါ့နော်။ ဖွဲ့ဖို့ရော၊ မတရားအသင်းဥပဒေတွေ ပယ်ဖျက်ဖို့ရော၊ အဲ့ဒီ့ကိစ္စတွေကို ထပ်ဆွေးနွေးဖို့ဆန္ဒရှိပါတယ်။”

ရှမ်းပြည်တောင်ပိုင်းတပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါ လက်နက်ကိုင်အင်အားစုတွေအားလုံးနဲ့ အစိုးရတပ်တွေကြား တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ တိုက်တွန်းတောင်းဆိုသွားဖို့ရှိတယ်လို့လည်း ဗိုလ်ကြီးစိုင်းစိုင်မိန်းကပြောပါတယ်။

“ပြည်ထောင်စုကို ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဖို့က အဓိကကျတာပေါ့၊ အားလုံးက တောင်းဆိုနေတဲ့အချက်ဖြစ်တယ်။ ကျနော်တို့က အစိုးရက အတိုင်းအတာတခုအထိ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့မျှော်လင့်ချက်ကတော့ တလှမ်းပြီးတလှမ်းပေါ့၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ၊ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ယုံကြည်ထားတယ်။ အကယ်လို့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် နိုင်ငံရေးတွေ ဆွေးနွေးဖို့ လိုအပ်တယ်၊ နိုင်ငံရေးတွေ မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲထားရုံလောက်ပဲ လုပ်မယ်ဆိုရင် ကျနော်တို့ တစ်နှစ်ကျော် အပစ်ရပ်ခဲ့တယ်။ အခုအချိန်အထိ ငြိမ်းချမ်းရေးဟာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျနော်တို့ နိုင်ငံရေးတွေ မြန်မြန်ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ မြန်မြန်ရနိုင်မှသာ ခိုင်မာတဲ့ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ယုံကြည်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီချက် ရထားပြီးနောက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တွင်း နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ရာချီတဲ့ဒုက္ခသည်တွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ အခုထပ်ပြီး ငြိမ်းချမ်းရေး နှစ်ဘက် တွေ့ဆုံမှုတွေ လုပ်နေချိန်မှာ လောလောဆယ် စစ်ရေးအရှိန်လျော့နေပေမဲ့ စစ်ပြေးဒုက္ခသည်အများစုကတော့ လုံခြုံရေးစိုးရိမ်နေကြဆဲဖြစ်လို့ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ရှမ်းလူထုအခြေပြုအဖွဲ့က စိုင်းခေးစိုင်က ဗွီအိုအေကိုပြောပါတယ်။

ဒုက္ခသည်တွေ စစ်ဘေးဒဏ်ကြောင့် ဒီလိုအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန် ဒေသခံတွေရဲ့ အိုးအိမ်တွေကို ပျက်စီးခဲ့ရတဲ့အနေအထားမှာ ရှမ်းပြည်တောင်ပိုင်းတပ်၊ သက်ဆိုင်ရာ နယ်မြေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေဘက်က ဒုက္ခသည်တွေ ဘဝပြန်လည်ထူထောင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတယ်လို့ လည်း ဗိုလ်ကြီးစိုင်းစိုင်မိန်းကပြောပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ရှမ်းပြည်တောင်ပိုင်းတပ်အပါအဝင် မိုင်းလားတပ်ဖွဲ့၊ ဝသွေးစည်း ညီညွတ်ရေးတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီတွေနဲ့ ဆွေးနွေးနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း တပ်နဲ့လည်း ဆွေးနွေးပွဲတွေဖြစ်မြောက်နိုင်ဖို့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။ ဒီလိုတဖွဲ့ချင်း သီးခြားစီတွေ့ဆုံနေကြတဲ့အတွက် ရှမ်းပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့အနေအထားမှာ ရှိနေတယ်လို့လည်း စိုင်းခေးစိုင်က ထောက်ပြပြောဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာ တပ်က ပေါင်းစုံရှိတယ်လေ၊ အဲ့ဒီ့ တပ်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လည်း ခက်ခဲနေတာ နည်းနည်းရှိတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ ပှိုင့်က ဘုံသဘောတူညီချက်တွေပေါ့၊ ဒီဘုံသဘော တူညီမှုကိုရဖို့ကလည်း ရှေ့ဆက်နည်းနည်းကြန့်ကြာမယ်လို့ ကျနော်တို့ယူဆပါတယ်။”

SSAတောင်ပိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီထားတာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အနည်းဆုံး တိုက်ပွဲပေါင်း ၈၀လောက်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့မေလ ဒုတိယပတ်အတွင်း မူဆယ်၊ နမ်းခမ်းမြို့နယ်တွေမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။
XS
SM
MD
LG