သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ တာဝန်ယူလိုဟု ဒေါ်စုပြော


 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့အာရှစီးပွားရေးဖိုရမ် ဒုတိယမြောက်နေ့တွင် တွေ့ရစဉ်။ (ဇွန် ၆၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့အာရှစီးပွားရေးဖိုရမ် ဒုတိယမြောက်နေ့တွင် တွေ့ရစဉ်။ (ဇွန် ၆၊ ၂၀၁၃)
မြန်မာနိုင်ငံသားတွေ အလိုချင်ဆုံး ကိစ္စရပ် ခြောက်ခုရှိပြီး အဲဒီထဲမှာ အလုပ်အကိုင် အခွင့်အလမ်းဟာ ထိပ်တန်း ဦးစားပေးအဖြစ် ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် တိုင်းပြည်ကို ဦးဆောင်ဖို့လည်း အဆင်သင့်ပဲလို့ ပြောပါ တယ်။ နေပြည်တော်မှာကျင်းပနေတဲ့ ၂၀၁၃ ခုနှစ် အရှေ့အာရှစီးပွားရေးဖိုရမ် ဒုတိယမြောက်နေ့မှာ တစ်ဦးတည်း သီးခြားလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်ရှိနေတဲ့ ကိုကျော်ကျော်သိန်း က နေပြည်တော်ကနေ သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် သူ အဓိကပေးချင်တဲ့ သတင်းစကားဟာ ၂၀၁၂ ခုနှစ်က ဘန်ကောက်မှာကျင်းပတဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောခဲ့တာနဲ့အလားတူ အလုပ်အကိုင်ဖန်တီးရေးပဲ ဖြစ်ပါ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီကိစ္စကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းတာ မျိုး မရှိသေးတာကြောင့်လို့ ထောက်ပြပါတယ်။

နိုင်ငံတွင်း ဘယ်နေရာကိုပဲ သူသွားသွား လူတွေကို သူတို့အလိုအပ်ဆုံးက ဘာလည်းလို့ မေးတဲ့အခါတိုင်းမှာ အားလုံး တညီ တညွတ်ထဲ ပြောကြတဲ့ လိုအပ်ချက် ခြောက်ချက်ရှိပါတယ်လို့ ထပ်ခါတလဲလဲပြောကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။
"ပထမဆုံးကတော့ အလုပ်အကိုင်ပါ။ သူတို့ အလုပ်လိုချင်ကြပါတယ်။ ပေးတာကမ်းတာကို မလိုချင်ပါဘူး။ သူတို့ ကိုယ်တိုင်အတွက် အလုပ်လုပ်နိုင်တယ်ဆိုတဲ့ ဂုဏ်သိက္ခာရှိချင်ပါတယ်။ နံပါတ်တစ်ကတော့ အလုပ်အကိုင်ပါပဲ။ နံပါတ်နှစ်က ရေပါ၊ နံပါတ်သုံးက လမ်းတွေပါ၊ နံပါတ်လေးက လျှပ်စစ်မီး၊ နံပါတ်ငါးက ပညာရေးနဲ့ နံပါတ်ခြောက်က ကျန်းမာရေးစောင့်ရှောက်မှု ပါ။ ဒါကို နေရာတိုင်းမှာ ထပ်ခါတလဲလဲပြောကြတာပါ။ ဒါကြောင့် အလုပ်အကိုင်ဟာ ဦးစားပေးကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် တော့ လူငယ်တွေ အလုပ်အကိုင်ရဖို့ပါ။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အခုကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အဓိကမေးခွန်းထုတ်ကြတဲ့ ကိစ္စတွေထဲမှာ ထိပ်တန်း က ရှိနေတာကတော့ ၂၀၁၅ ခုနှစ်မှာ သူ သမ္မတအဖြစ် အရွေးခံမယ် မခံဘူးဆိုတာပါပဲ။ အခု သတင်းစာရှင်းလင်းပွဲအတွင်းမှာ တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီမေးခွန်းကို မြန်မာလူထုအတွက် မြန်မာဘာသာစကားနဲ့ အပြည့်အစုံ ဖြေကြားပေးခဲ့ပါတယ်။

“ အမေးအဖြေတခုမှာ ဘီဘီစီသတင်းထောက်ကမေးပါတယ်။ ကျမကိုမေးတယ်။ သမ္မတဖြစ်ချင်သလားတဲ့။ သမ္မတဖြစ်မှပဲ ကျမတို့ဖြစ်ချင်တာကို ကျမတို့ လုပ်နိုင်မှာ။ ကျမဟာ နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်အနေနဲ့ ဆိုရင် ကျမတို့ပါတီကနေပြီးတော့ ရွေးကောက်ပွဲကနေတဆင့် နိုင်အောင်လို့ လုပ်မယ်။ ခေါင်းဆောင်က နိုင်ငံခေါင်းဆောင်လည်းဖြစ်ဖို့ ကြိုးစားရမယ့်ဆိုတာ ဒါသဘာဝကျပါတယ်။ သူက ကျမကိုပြောတယ်။ သူမေးဖူး၊ မြန်းဖူးတဲ့ နိုင်ငံရေးသမားတွေထဲမှာ ဘယ်သူကမှ သမ္မတဖြစ်ချင်တယ်။ ဝန်ကြီးချုပ်ဖြစ်ချင်တယ်လို့ ဝန်မခံဘူးဖူးတဲ့။ သူတို့က ဘယ်လိုပြောလည်းဆိုတော့ ပြည်သူလူထုက လိုလားလို့ရှိရင်တော့ ကျနော်တို့၊ ကျမတို့ပါတီက တိုက်တွန်းရင်တော့ စသဖြင့်၊ စသဖြင့်၊ အဲ့တော့ ကျမကမေးတယ်။ သူတို့ အဲ့လိုပြောရင် ယုံသလားမေးတော့၊ မယုံပါဘူးတဲ့။ အဲ့တော့ကျမကပြောတယ်။ မယုံသည့်တိုင်အောင်၊ ဘာဖြစ်လို့ ကျမက ဝေ့လည်ကြောင်ပတ်နဲ့ပြောနေမလဲ။ ကျမတို့ဟာ နိုင်ငံရေးပါတီဖြစ်တယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကနေတဆင့် ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ အစိုးရအာဏာရဖို့ ကြိုးစားတယ်ဆိုတာ ဒါသဘာဝကျတယ်။ အဲ့တော့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်အဖြစ်နဲ့ ဒီနိုင်ငံခေါင်းဆောင်၊ အစိုးရခေါင်းဆောင် လုပ်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ ပြောတာ သဘာဝကျတယ်လို့ ကျမပြောတာပါဆိုပြီး ဒီအတိုင်းပဲ ကျမရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်ဘက်မှာ လူမျိုးစုနှစ်ခုအကြား အကြမ်းဖက်ပဋိပက္ခတွေ စဖြစ်ခဲ့ပြီးတဲ့နောက် တခြားဒေသတွေမှာလည်း ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီး အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ရပ်တည် ပြောဆိုတာမျိုးမရှိဘူးဆိုတဲ့ ဝေဖန်သံတွေထွက်နေတာက ကြာပါပြီ။ ဒီကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံရေးအရ အထိနာစေသလား၊ ဒီလိုအခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေသလား”ဆိုတဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ ဒီကိစ္စကြောင့် နိုင်ငံရေးအရ ဓားစာခံဖြစ်ရတယ်လို့ မခံစားရဘူးလို့ အခိုင်အမာ ပြောပြီး သူတကယ်တမ်း စိုးရိမ်တာက အခြေအနေကို မီးထိုးပေးသလိုဖြစ်သွားမှာမျိုးပါပဲလို့ ပြောပါတယ်။ "လူမှုအဝန်းအဝိုင်းတစ်ခုခုက မှားတယ်လို့ပြောပြီး အခြေအနေကို လှုံ့ဆော်ပေးတာမျိုး ကျမ မဖြစ်ချင်ပါဘူး။ အဲဒီလိုပြောမယ် ဆိုရင် ဒီလူမှုအဝန်းအဝိုင်းတွေထဲက အစွန်းအရောက်ဆုံးအစုတွေကို လှုံ့ဆော်သလိုဖြစ်ပါလိမ့်မယ်။ သူတို့ဟာ ပစ်မှတ်ထားခံ ရတယ်၊ နိုင်ငံရေးသမားတွေ ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုကြီးတဲ့အဖွဲ့တွေရဲ့ စာနာနားလည်မှုကို မရဘူးလို့ ခံစားကြရရင် အဲဒါက သူတို့ကို ပိုပြီး အစွန်းရောက်သွားစေမှာပါ။ ဒါဟာ ကျမ ကြောက်ရွံ့စိုးရိမ်တဲ့ကိစ္စပါ။ ဒါဟာ အခြေအနေကို ကူညီဖြေရှင်းတဲ့အစား ပိုဆိုးအောင် လှုံ့ဆော်တာပါပဲ။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့က စပြီး နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း အခု သတင်းစာရှင်းလင်းပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲပါ။ ဇွန်လ ၇ ရက် သောကြာနေ့ ဖိုရမ်အစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ခုပါဝင်ပါတယ်။ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုအသစ်တွေအတွက် မြန်မာနိုင်ငံဟာ လမ်းဖွင့်နေတာနဲ့အမျှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ပြည့်မီပြီး တီထွင်ကြံဆမှုတွေကို တွန်းအားပေးမြှင့်တင်ဖို့ရာ လုပ်ဆောင်ဖို့လိုအပ်တာတွေကို ဆွေးနွေးကြမယ့် အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG