သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ


ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။
ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပေါ်နေပြီး အစိုးရနဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲတာတွေ၊ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာတွေ ရှိနေပေမဲ့လည်း နိုင်ငံကနေ ထွက်ပြေးသွား ကြရတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ အိမ်ပြန်ရေးကတော့ အလှမ်းဝေးနေဆဲပါပဲ။ နိုင်ငံတွင်းအခြေအနေတွေဟာ ဒုက္ခသည်တွေ ကိုယ့်ဒေသကိုယ်ပြန်ပြီး နေထိုင် လုပ်ကိုင် စားသောက်နိုင်ဖို့အတွက် ခိုင်မာတဲ့ အာမခံချက်မရှိသေးဘူးလို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ပြောပါတယ်။ ဒီကနေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တာနဲ့အညီ မြန်မာ နိုင်ငံက ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး အလားအလာနဲ့ သူတို့ရဲ့ အခြေအနေ အပြည့်အစုံကို ရန်ကုန်ကနေ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းအသီးသီးမှာ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေအတွက် တတိယနိုင်ငံတွေ ဆီ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ဖို့ စီစဉ်တာတွေ ဆက်ရှိနေသေးပေမဲ့လည်း တစ်နေ့မှာ မြန်မာနိုင်ငံ ဆီပြန်ကြဖို့ ပြောဆို ဆွေးနွေးတာတွေ အခုအခါမှာ ပိုပိုပြီး ရှိလာနေပါပြီ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက အခြေအနေဟာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့အိမ်ပြန်ဖို့ လုံလောက်တဲ့ အားပေးထောက်ပံ့မှု မရှိသေးတာကြောင့် ဒါဟာ တကယ်ဖြစ်မလာနိုင်သေးပါဘူးလို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ဒေသတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆက်သွယ် ရေးအရာရှိ မစ္စ ဗီဗီယန် တန်းန် (Vivian Tan) က ဗွီအိုအေကို ပြောပါတယ်။

"မြေမြှုပ်မိုင်းတွေက ရှိနေဆဲပါ၊ မလုံခြုံမှုက ရှိနေဆဲပါ။ ဒုက္ခသည်တွေ စပြီး အိမ်မပြန်ခင်မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်အဝန်းအဝိုင်းကြားမှာ အိမ်ပြန်ရေးကိစ္စ ဆွေးနွေးပြောဆိုတာတွေ ရှိနေတာကို ကျမတို့သိထားပြီးတော့ အဲဒီဆွေးနွေးပွဲတွေ လွယ်ကူချောမွေ့အောင်နဲ့ အဆုံးတစ်နေ့ မြန်မာနိုင်ငံဆီ သူတို့ပြန်တဲ့အခါ လိုအပ်လာဖွယ်ရှိတဲ့ ပြင်ဆင်မှုတွေကို လုပ်နိုင်ဖို့ ကျမတို့ ကြိုးစား ကူညီပေးနေပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်ပြန်ဖို့ကိစ္စကို ကျမတို့ တိုက်တွန်းမနေပါဘူး။" လို့ မစ္စ ဗီဗီယန် တန်းန်က ပြောပါတယ်။

ဒုက္ခသည်တွေ အိမ်ပြန်လာဖို့ ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ဒုက္ခသည်စခန်းတွေကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတချို့ကလည်း ဒုက္ခသည်တွေ အိမ်ပြန်လာရေး ပြောဆိုတာတွေ ရှိထားဖူးပါတယ်။

ရှေ့ပြေးအစီအစဉ်အနေနဲ့ အိမ်ထောင်စု လေးငါးဆယ်လောက် ပြန်လာဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပေမဲ့ ဒုက္ခသည် စခန်း တာဝန်ရှိသူတွေ ဘက်မှာတော့ စားဝတ်နေရေး အဆင်မပြေမှာတွေ၊ အလုပ်အကိုင် အဆင်မပြေမှာတွေ စတဲ့ စိုးရိမ်ချက်တွေ က ရှိနေတာပါ။ ဒါကြောင့်လည်း ပြန်ချင်ကြပေမဲ့ မပြန်နိုင်ကြသေးပါဘူးလို့ ကရင် ဒုက္ခသည်ရေးရာကော်မတီ KRC ရဲ့ဥက္ကဋ္ဌ ဦး ရောဘတ်ထွေးက ဗွီအိုအေကို ပြောပါတယ်။

"ဘယ်သူမဆို စခန်းမှာရှိတဲ့သူတွေက ကိုယ့်အိမ်ရယ်၊ ကိုယ့်နေရာရယ် အားလုံးပြန်ချင်တာပါပဲ။ ဒါပေမဲ့ အခြေအနေပေါ်မှာ ကျနော်တို့ ကြည့်ပြီးတော့ လောလောဆယ်မှာတော့ မပြန်နိုင်သေးဘူးပေါ့နော်။ တဖက်ကနေ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ပြန်နေရမယ့်နေရာတွေကလည်း မိုင်းဗုံးတွေ မရှင်းရသေး တာလည်း အများကြီးရှိသေးတယ်။ ပြီးတော့ ပြန်လာလို့ ရှိရင်လည်း စားဝတ်နေရေးနဲ့ပတ်သက်တာလည်း လိုဦးမယ်။ နောက်တခုက အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တာလည်း ကျနော်တို့က ဘာမှ အကောင်အထည်ဖော်နိုင်စရာ မရှိဘူး။ ကျနော်တို့က လောလောဆယ်ကတော့ မပြန်နိုင်သေးဘူးပေါ့နော်။"

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး၊ ပညာ ရေးစတဲ့ အကူအညီတွေကို နိုင်ငံတကာအလှူရှင်တွေက နှစ်ပေါင်းများစွာ ကူညီထောက်ပံ့လာခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခုအခါ မှာ အလှူရှင် အများအပြားဟာ မြန်မာနိုင်ငံတွင်းဆီ ခြေဦးလှည့်လာနေကြပြီမို့ နယ်စပ်က ဒုက္ခသည်တွေ အတွက် အထောက်အပံ့တွေ အတိုင်းအတာ တစ်ခု အထိ လျော့နည်းလာနေသလို ဒီ့ထက်ပို နည်းသွားမယ့်အရေးကိုလည်း စိုးရိမ်နေကြပါတယ်။

"အခုလက်ရှိကတော့ အဆင်ပြေတယ်လို့ပဲ ပြောရမှာပေါ့နော်။ ရရှိတဲ့ သတင်းအပေါ်မှာ လာမယ့်နောက်ပိုင်း ဒီ့ထက်အလျော့ပေါ့မယ့် အထောက်အပံ့တွေရှိနိုင်တယ်လို့ သတင်းရရှိတယ်။"

အုန်းဖျံဒုက္ခသည်စခန်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးစောဝါးတီးပါ။

အိမ်ပြန်ရေးကိစ္စကို ဒုက္ခသည်တွေကိုယ်တိုင်က ဆုံးဖြတ်ရမှာဖြစ်ပြီး UNHCR အနေနဲ့က သူတို့ပြန်ချင်တဲ့အချိန်မှာ ပြန်နိုင်ရေး အတွက် ကူညီလုပ်ဆောင်ပေးဖို့ဖြစ်တယ်လို့ မစ္စဗီဗီယန်က ပြောပါတယ်။ ဘယ်တော့ အိမ်ပြန်ကြမယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်အတိအကျမရှိဘဲ UNHCR အနေနဲ့ကတော့ သတ်မှတ် အခြေအနေတွေပြည့်စုံမှ အိမ်ပြန်ဖို့ စီစဉ်တာမျိုး ဖြစ်စေချင် ပါတယ်။

"ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဆီ ပြန်တဲ့အခြေအနေတိုင်းဟာ ကိုယ့်သဘောနဲ့ကိုယ်ဖြစ်ရပါမယ်၊ ဒုက္ခသည်တွေကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ဖြစ်ရမယ်ဆိုတာ ကျမ အလေးအနက်ပြောပါတယ်။ အသက်မွေးဝမ်းကျောင်းကိစ္စကလည်း ပြန်ပြီး ရွှေ့ပြောင်းနေထိုင်တာမတိုင်ခင် လုပ်ရမယ့် အရေးပါတဲ့ကိစ္စတစ်ခုပါ။ မြန်မာနိုင်ငံဆီ သူတို့ပြန်ချင်ပြီး ရှင်သန် နေထိုင်ဖို့ ဆိုရင် ဒုက္ခသည်တွေမှာ လက်ရှိအချိန် ဘယ်လို အရည်အသွေးတွေရှိတယ်၊ ဘယ်လို အရည်အသွေးတွေ လိုတယ်လို့ သူတို့ခံစား ရတယ်ဆိုတာတွေကို သိရအောင် ကျမတို့ ကြိုးစားနေပါတယ်။" လို့ ဒေသတွင်း UNHCR ရုံးက ဆက်သွယ်ရေးအရာရှိ မစ္စ ဗီဗီယန် တန်းန်က ဗွီအိုအေကိုပြောပါတယ်။

ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးမှာ နောက်ထပ် အရေးပါတဲ့အချက်တစ်ခုကတော့ အစိုးရနဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တွေအကြား အပစ်အခတ် ရပ်စဲရေးကနေ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့ အဆင့် အထိ ရောက်လာ ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံ လူ့အခွင့်အရေးတွေ ကို လေးစားလိုက်နာရေး သေချာအောင်လုပ်ဖို့လည်းလိုတယ်လို့ မစ္စဗီဗီယန်က ထောက်ပြပါတယ်။

ထိုင်းနိုင်ငံတွင်း ဒုက္ခသည်စခန်းကိုးခုမှာ လက်ရှိအားဖြင့် ခန့်မှန်းခြေ ဒုက္ခသည်ပေါင်း ၁၂၈,၀၀၀ ရှိနေပြီးတော့ ၂၀၀၅ ခုနှစ် ကတည်းကနေဆိုရင် ဒုက္ခသည်အရေအတွက် ၈၃,၀၀၀ လောက်ဟာ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန် စတဲ့ တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်း အခြေစိုက် နေထိုင်ခဲ့ကြပြီးဖြစ်တယ်လို့ ဒေသတွင်း UNHCR ရုံးက ပြောပါတယ်။
XS
SM
MD
LG