သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ မိုဘိုင်းဖုန်း အော်ပရေတာ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို လုပ်ကိုင်ခွင့်ပေး


ရန်ကုန်မြို့က လမ်းဘေးဆက်သွယ်ရေး တယ်လီဖုန်းဆိုင် ( ဇွန် ၂၄၊ ၂၀၁၃)
ရန်ကုန်မြို့က လမ်းဘေးဆက်သွယ်ရေး တယ်လီဖုန်းဆိုင် ( ဇွန် ၂၄၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ ၂ ခု ရဲ့ အမည်ကို ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ က ဒီကနေ့ ကြေညာခဲ့ပါတယ်။ အခုလို မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရမယ့် ပြည်ပ ကုမ္ပဏီတွေ စာရင်း မကြေညာခင် တစ်ရက်အလို မှာ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး အော်ပရေ တာ ရွေးချယ်မှု ဆိုင်းငံ့ထား ဖို့ ဆိုပြီး ဆုံးဖြတ်ပေမဲ့ ဒီနေ့မှာတော့ တင်ဒါကော်မတီ ကနေ ရွေးချယ်နိုင်ခဲ့ တာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းဟာ အခြားနိုင်ငံတွေထက် နောက်ကျနေ တဲ့ အတွက် ၂၀၁၅ ခုနှစ်မတိုင်မှီမှာ ဆက်သွယ်ရေး ကွန်ရက်ကို ၈၅ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်ဖို့အတွက် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်နိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ် ယူရေးကော်မတီ က ဆက်သွယ်ရေး ကုမ္ပဏီ ၂ ခု ကို ဒီကနေ့မှာရွေးချယ်လိုက်တာပါ။ တင်ဒါ ရရှိသွားတဲ့ ကုမ္ပဏီတွေကတော့ နော်ဝေ အခြေစိုက် Telenor ကုပဏီနဲ့ ကာတာ အခြေစိုက် Ooredoo ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ရွေးချယ်တဲ့ နေရာမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ် ယူရေးကော်မတီ က ပွင့်လင်း မြင်သာမှု ရှိရှိ နဲ့ ရွေးချယ်ရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း တင်ဒါခေါ်ယူ ရေးကော်မတီ ဥက္ကဌ ဦးဆက်အောင် ကပြောပါတယ်။

" ကျနော်တို့က Selection ကော်မတီဖြစ်တဲ့အတွက် ရွေးချယ်မှု တာဝန်ကတော့ ခုနကပြောသလို လာဘ်စားမှု လုံးဝ မရှိပဲနဲ့၊ လက်သိပ်ထိုးပုံစံမျိုး လုံးဝ မရှိပဲနဲ့၊ ကျနော်တို့က transparent ဖြစ်ဖြစ်နဲ့၊ နိုင်ငံတကာ ကို ရွေးဖို့ တာဝန်တခုပဲ ရှိပါတယ်။"

အခုလို ရွေးချယ်ရေးတွေ မလုပ်ခင် ၁ ရက် အလိုမှာပဲ ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးမှာ တမူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်၊ ဆက်သွယ်ရေးဆိုင်ရာ ရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးဆွေက ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ် ရွေးချယ်ရာ မှာ ပြည်တွင်း ဖက်စပ်ကုမ္ပဏီတွေကိုသာ တင်ဒါ အနိုင်ပေးသင့်တယ် လို့ အရေးကြီး အဆို တင်သွင်း ခဲ့ပြီးတော့ ပြည်သူ့ လွှတ်တော်က ဆွေးနွေးပြီး ဆက်သွယ်ရေး ဥပဒေ ဆွဲပြီးမှသာ ဆက်သွယ်ရေး အော်ပရေတာ ရွေးမယ်ဆိုပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံတော်သမ္မတ က ပြည်သူ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းထံ ကို သဝဏ်လွှာ တစ်စောင်ပို့ပြီးတော့ ဒီဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း ရွေးချယ်ဖို့ လုပ်ငန်းစဉ်မှာ လွှတ်တော် အနေနဲ့ နားလည်း လက်ခံပေး ဖို့ဆိုပြီး အသိပေးလာခဲ့တာပါ။

သမ္မတ ပေးပို့တဲ့ သဝဏ်လွှာရဲ့ ရည်ရွယ်ချက်မှာတော့ တိုင်းပြည် မှာ နောက်ကျနေတဲ့ ဆက်သွယ်ရေး စနစ်ကို ဖွံ့ဖြိုးဖို့ အခုလို နိုင်ငံတကာ ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူခဲ့တာဖြစ်တယ်လို့ လည်း သမ္မတက ပြောပါတယ်။
ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ပြီးတော့ ဦးမြတ်ဟိန်းက အစိုးရအနေနဲ့ ဆက်သွယ်ရေးအော် ပရေတာ ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပြီးတော့ နောက်ပိုင်း ပေါ်ပေါက်လာမယ့် ဆက်သွယ်ရေး ဥပဒေ အသစ်ကိုလည်း လိုက်နာသွားမှာ ဖြစ်တယ်လို့ ပြောခဲ့တဲ့ အကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

"တင်လာတဲ့အပေါ်မှာ ထောက်ခံပေးခဲ့တာကို ဒါကို ပြည်ထောင်စု ဝန်ကြီးက ပြန်ရှင်းတဲ့ အခါမှာ သူတို့က စနစ်တကျ လုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ တင်ဒါကိုလည်း စနစ်တကျ ခေါ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ သူတို့က ဒါမျိုးရှင်းပြတဲ့အခါမှာ လွှတ်တော်က နေပြီးတော့ ဥပဒေအသစ်ပေါ်လာတဲ့အခါမှ အဲတာကို လုပ်သင့်တယ်ဆိုတာကို ဝန်ကြီးက ပြန်ပြီးဖြေပါတယ်။ လွှတ်တော်ကနေ ပြဌာန်းလိုက်တဲ့ ဥပဒေအသစ်၊ ပေါ်လာတဲ့ဥပဒေအတိုင်းပဲ သူတို့လိုက်နာကျင့်သုံးမယ်ဆိုပြီးတော့ ပြန်ဖြေတယ်။
လုပ်ခဲ့တာလည်း အားလုံး စနစ်တကျ သူတို့ဘက်က အမှားအယွင်း ဘာမှမရှိခဲ့ဘူးဆိုပြီး ပြန်ဖြေတော့ လွှတ်တော်မှာ အကုန်လုံး ပြန် သဘောပေါက်ကြတယ်လေ။"

အခုလို ဆက်သွယ်ရေးဝန်ကြီး က ပြောဆိုလာတဲ့ အပေါ်မှာ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ NLD ကဦးဝင်းမြင့် နဲ့ NDF က ဒေါ်တင်နွယ်ဦး တို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး သူရ ဦးရွှေမန်း ကလည်း အခု ကိစ္စဟာ ဆောင်ရွက်သင့်တယ် ဆိုပြီးတော့ ပြန်ပြီး ခွင့်ပြုခဲ့တဲ့အကြောင်း ဦးဖေသန်းကအခုလိုပြောပါတယ်။

" လွှတ်တော်ဥက္ကဌကလည်း ပြည်ထောင်စုဝန်ကြီးရှင်းပြချက်ကို သူကလည်း လက်ခံတယ်။ အဲ့ဒီ့အပေါ်မှာ သူကလည်း ဝင်ဆွေးနွေးတယ်။ နောက်ပြီး တခြားကိုယ်စားလှယ်တွေကလည်း ဝင်ပြီးတော့ ဆွေးနွေးတယ်။ အဲ့တာ တနေ့က အရေးတကြီးအဆိုတင်ခဲ့တာကို ပြန်ပြီးတော့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အတိုင်း ပြန်လုပ်ပါ။ ကျနော်တို့က လွှတ်တော်က အဲ့ဒီ့အပေါ်မှာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်း ဝန်ကြီးဌာနရဲ့ ဂတိပေးထားတဲ့ အတိုင်း စောင့်ကြည့်ပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ပြန်ပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။"

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီနဲ့ ကာတာ အခြေစိုက် Ooredoo ကုမ္ပဏီတွေ ကို လက်ရှိ အချိန်မှာ မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်း လုပ်ခွင့်ပေးထားပြီးတော့ သူတို့ အပြင် အရန်အနေနဲ့ ပြင်သစ် ဆက်သွယ်ရေး ကုမ္ပဏီ orange နဲ့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Marubini ကို ရွေးချယ်ထားတာပါ။ တင်ဒါ အောင်မြင်သွားခဲ့တဲ့ Telenor ကုမ္ပဏီ ကတော့ အခုလို မြန်မာနိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် ရလို့ ဝမ်းသာကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
XS
SM
MD
LG