သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေး ဦးစီးချုပ်နဲ့ UWSA ဆွေးနွေးဖို့ရှိ


ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သားများကို တွေ့ရစဉ်။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သားများကို တွေ့ရစဉ်။
UWSA ခေါ်ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ အကြားရှမ်းပြည်တောင်ပိုင်း ဒေသမှာ ဖြစ်ပွါးနေတဲ့ စစ်ရေး တင်းမာမှုပြဿနာတွေကိုဖြေရှင်းဖို့ UWSAခေါင်းဆောင်တွေ နဲ့ မြန်မာ့တပ်မတော်ကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ UWSA ဖက်က ပြော ပါတယ်။ တွေ့ဆုံမယ့်နေ့ရက် နဲ့နေ့ရက် အတိအကျ မသတ်မှတ် ရသေးပေ မယ့် (၂) ဖက် မကြာခင်ဆွေးနွေးနိုင်မယ် လို့ မျှော်လင့်ကြောင်း UWSAခေါင်းဆောင်တွေကပြောပါတယ်။ ဒီလိုအခြေအနေမှာပဲ UWSA ထိန်းချုပ် နယ်မြေဖက်မှာဖြစ်နေတဲ့ နောက်ဆုံး တင်းမာမှုအခြေအနေကရော ဘယ်လိုရှိပါသလဲ၊ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

လတ်တလောစစ်ရေးတင်းမာနေတဲ့အခြေအနေကိုဖြေလျော့ဖို့အတွက်UWSAခေါ်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဆွေးနွေးသွားမယ်လို့ UWSA ခေါင်းဆောင်တွေကပြောပါတယ်။ တွေ့ဆုံမဲ့နေ့ရက်ကိုအတိအကျမသိရသေးပေမဲ့ တောင်ပိုင်းဒေသ ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်ပြဿနာကိစ္စကိုဆွေးနွေးသွားမယ်လို့ UWSAဝိန်းကောင်ခရိုင်အတွင်းရေးမှူး ဦးစောလွင် က အခုလို ပြောပါတယ်။

ရှိတယ်။ ဒါပေမဲ့ဘယ်နေ့ဘယ်ရက်တော့မသိသေးဘူး။ တွေ့တာတော့ အဓိကဆွေးနွေးတာတော့ တောင်ပိုင်းကိစ္စဘဲ ရှိတယ်။ တောင်ပိုင်းကိစ္စဘဲ။ ဒါကတော့ပြောတော့ပြောထားတယ်။ ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာတွေ့မယ် မသိသေးဘူး။

ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင်မိုင်းတုံမြို့နယ်မှာရှိတဲ့ (UWSA)တောင်ပိုင်း တပ်စခမ်းချရာ လွယ်ကောင်မူး တပ် စခမ်းအပါအဝင် စခမ်း(၄)ခုကို တပ်ဆုတ်ပေးဖို့မြန်မာစစ်တပ်ရဲ့ညွှန်ကြားချက်ကို ဝတပ်ဖွဲ့တွေကနေလက်မခံလို့ မြန်မာစစ်တပ်ကနေ ဝိုင်းထားရာကနေအစပြုပြီး နှစ်ဖက်စစ်ရေးတင်းမာလာခဲ့တာပါ။ လက်ရှိမှာတိုက်ပွဲဖြစ်ပွါးမှု မရှိ သေးပေမဲ့ မြန်မာစစ်တပ်ဘက်ကအင်အားတိုးချဲ့မှုတွေရှိနေပြီး အခြေအနေတင်းမာနေဆဲလို့ ဝိန်းကောင်ခရိုင်အတွင်း ရေးမှူးဦးစောလွင်က အခုလို ပြောပါတယ်။

အစိုးရတပ်တွေလား။ တိုးချဲ့တော့ဘာညာတော့ရှိတယ်။ နှစ်ဖက်စလုံးလဲတော်တော်တင်းတယ်။ စစ်ရေးအရှိန်ပြော တာ။ တင်းမာတော့တော်တော်တင်းမာတယ်။ တိုက်ပွဲတော့ အဲတာမရှိသေးဘူး။

ပြီးခဲ့တဲ့အပါတ်အတွင်းမှာ မိုင်းတုန် မိုင်းခတ် ပန်ဖကျေူရွာတွေဘက်မှာ အစိုးရစစ်တပ်အင်အား(၅၀၀)နီးပါး ထပ်မံအင်အားဖြည့်တင်းထားတယ်လို့လဲ(UWSA)တပ်မှူးတဦးကပြောပါတယ်။

ဒါ့အပြင်မြန်မာစစ်တပ်ဘက်ကနေ UWSAခေါ်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တောင်ပိုင်းနဲ့မြောက်ပိုင်းကို ဆက် သွယ်သွားတဲ့လမ်းကြောင်းကိုပိတ်ပင်ထားတယ်လို့ တရုတ်မြန်မာနယ်စပ်စစ်ရေးအကဲခတ်သူ ဦးအောင်ကျော် ဇောက အခုလိုပြောပါတယ်။

ဗမာအစိုးရကတောင်ပိုင်းမြောက်ပိုင်းလမ်းကြောင်းကိုပိတ်ထားတယ်။ မြောက်ပိုင်းကလူတွေ တောင်ပိုင်းကိုသွားလို့ လုံးဝမရဘူး။ သူတို့တောလမ်းကဘဲသွားတယ်။ ပန်ဆိုင်းကနေ ကျိုင်းတုန်အထိသွား။ ကျိုင်းတုန်ကနေတာချီလိတ်တို့ မိုင်းတုန်မိုင်းဆတ်တို့ အဲဒီမှာတောထဲဆင်းတဲ့လမ်းပေါ့။ အခုဗမာအစိုးရကသူတို့ပိတ်ထားတယ်။

(မြန်မာအစိုးရနဲ့ UWSAတို့ 1989ခုနှစ်တုန်းက ရရှိထားတဲ့အပစ်အခတ်ရပ်စဲရေးမှာ သဘောတူညီချက်ထဲမှာရော ၂၀၁၃ခုနှစ်မေလမှာ ဝန်ကြီးဦးသိန်းဇော်ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီတွေနဲ့
ငြိမ်းချမ်းရေးသဘောတူဆွေးနွေးပွဲတွေမှာပါ တပ်စခမ်းရုပ်သိမ်းဆုတ်ခွါရေးကိစ္စရပ်တွေမပါဝင်ဘူးလို့ UWSAဝိန်း ကောင်ခရိုင်အတွင်းရေးမှူးဦးစောလွင်က အခုလို ပြောပါတယ်။

မပါဘူး။ ဒါကရုတ်တရက်ဘဲ။ ဆွေးနွေးတဲ့အချိန်ကဘာမှမပြောဘူး။ ဘာမှမပါဘူး။ သူတို့တောင်ကုန်းကိုပြန်ရချင် တယ်။ ကျွန်တော်တို့ကိုဆုတ်ခိုင်းတယ်။ ကျွန်တော်တို့တော့ ဆုတ်တာဘာညာတော့ ကျွန်တော်တို့လူကြီးလဲ ဘာမှ မပြောသေးဘူး။

UWSAတပ်ဖွဲ့အနေနဲ့ မြန်မာစစ်တပ်တောင်းဆိုထားတဲ့ဒေသတွေမှာ တပ်ဆုတ်ပေးမှာမဟုတ်သလို ဒီနယ်မြေ ပြဿနာဟာ မြန်မာထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ဆွေးနွေးပြီးရင် အဆင်ပြေသွားမယ်လို့မျှော်လင့်ရကြောင်း ဦးစော လွင်ကပြောပါတယ်။

အခုစစ်ရေးတင်းမာနေတဲ့ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်အတွင်းနယ်စပ်တစ်လျှောက်မှာ UWSA တောင်ပိုင်းတပ်ရဲ့ အမှတ် ၁၇၁ စစ်ဒေသဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေခွဲထွက်ခဲ့ပြီးမြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ တာကြောင့် နှစ်ဘက်တင်းမာမှုတွေဖြစ်ခဲ့ပေမဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာ အပစ်အခတ် ရပ်စဲ ရေးကို ဆက်လက်စောင့်ထိန်းဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

လက်ရှိ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်းမြို့နယ် ခြောက်မြို့နယ်ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ်သတ်မှတ်ထားပါတယ်။

UWSA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိမှတ်ပြုဖို့နိုင်ငံတော်အစိုးရကိုတောင်းဆိုခဲ့ပေမဲ့တစုံတရာ တုန့်ပြန်မှုမရှိသေးပါဘူး။

ဝတပ်ဖွဲ့ဟာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အနက်က အင်အားအကြီးမားဆုံးတပ်ဖွဲ့ဖြစ်ပြီး လက်နက်ကိုင် အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
XS
SM
MD
LG