သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တရုတ် ရင်းနှီးမှု အများဆုံးဖြစ်နေဆဲ


ရန်ကုန်မြို့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နံှတာတွေထဲမှာ တရုတ်နိုင်ငံဟာ အများဆုံး အချိုးနဲ့ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကဏ္ဍဟာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး အဲဒီနောက်မှာတော့ စွမ်းအင်ကဏ္ဍနဲ့ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြပါ တယ်။ ဒါကြောင့်လည်း ဒီကဏ္ဍတွေအပြင် လုပ်သားအင်အား အများအပြားသုံးရတဲ့ တခြားကဏ္ဍတွေမှာပါ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေရဖို့ ကြိုးစားနေတယ် လို့ ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့လည်ခေါင်က အစိုးရပိုင် ရှေးဟောင်း အဆောက်အဦးလေးလုံး ကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ပုဂ္ဂလိကလက်ထဲ ငှားရမ်းပြီး ရှေးမူ မပျက် ပြင်ဆင် မွမ်းမံပြီးတော့ ဟော်တယ်တွေအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ကြာသပတေးနေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ရုံး မှာ ရှင်းလင်းပြောဆိုခဲ့ချိန်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ပြောပြခဲ့တာပါ။

"ကျနော်တို့ ဒီနှစ်၂၀၁၃ခုနှစ် ဇွန်လ အထိ ဒီစာရင်းပိတ်တဲ့ အနေအထားအရ ကျနော်တို့ မြန်မာနိုင်ငံမှာ စုစုပေါင်း Investment ဝင်လာတာ အမေရိကန်ဒေါ်လာ ၄၂.၉ ဘီလံယံကျော် ရှိနေပြီဖြစ်ပါတယ်။ အများဆုံး ရင်းနှီးမြှပ်နှံ ထားတဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။ စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏရဲ့ ၃၄ရာခိုင်နှုန်း နီးနီးလောက်ကို တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံထားတာဖြစ်ပါတယ်။"

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးပါ။

ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ကဏ္ဍဖြစ်ပြီး စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုရဲ့ ၄၀% ရှိတယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။ အဲဒီနောက်မှာတော့ စွမ်းအင်ကဏ္ဍမှာ ၃၀% နဲ့ သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍမှာ ၇% အသီးသီးရှိနေပါတယ်။

ဒီကဏ္ဍတွေဟာ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမဟုတ်သလို လုပ်သားအင်အား အများအပြားသုံးတဲ့ ကဏ္ဍတွေလည်း မဟုတ်တာကြောင့် တိုင်းပြည်နဲ့ လူထု အတွက် အကျိုးရှိစေမယ့် တခြားကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နံှမှုတွေဝင်လာဖို့ ကြိုးစားနေတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

"တိုင်းပြည်မှာ စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနည်းနေတယ်။ ဒီကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများများ ဝင်လာခြင်းအားဖြင့် တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၇၀ကျော် လယ်ယာကဏ္ဍမှာ ပါဝင်ပတ်သက်တဲ့သူများ ဖွံ့ဖြိုးတိုးတက်မှုလည်း ပိုမိုရရှိအောင်၊ နောက်တခုက ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကျေးလက် ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ဖြစ်ဖို့၊ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှုဝင်လာဖို့၊ နောက်တခုက ဒီကုန်ထုတ်လုပ်မှု လုပ်ငန်းတွေပေါ့လေ။ အထူးသဖြင့် ဒီလတ်တလောအားဖြင့် ကျနော်တို့ ဦးစားပေးဆောင်ရွက်နေတာကတော့ လုပ်သားအခြေပြုတွေမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဝင်လာဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ တတိယ အချက်ကတော့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ တိုင်းပြည် အတွက်လည်း တကယ်လိုအပ်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါတွေကိုလည်း ရင်းနှီးမြှပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ "

ဦးအောင်နိုင်ဦးပြောသွားတဲ့အထဲက ဟော်တယ်နဲ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်ကြိုးစားနေတယ်ဆိုတာကို ထင်ဟပ်တဲ့အနေနဲ့ အစိုးရပိုင် ရှေးဟောင်း အဆောက်အဦးလေးလုံးကို ဟော်တယ်အဖြစ် အသွင်ပြောင်းလဲ အသုံးပြုဖို့ လုပ်နေတဲ့အခြေအနေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည်တွေ ဒီ့ထက်ပိုပြီး ဝင်ရောက်လာအောင် ကြိုးစားနေတဲ့ တစ်ချိန်ထဲမှာ ဟော်တယ်ခန်းခတွေ မြင့်မားလွန်းတာနဲ့ အခန်းမလုံလောက်တဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့်လည်း အိုမင်းဟောင်းနွမ်းနေတာကြောင့် အသုံးပြုလို့ မရတော့လောက်အောင်ဖြစ်နေတဲ့ အစိုးရ ဌာနဆိုင်ရာရုံးတွေအဖြစ် အသုံးပြုခဲ့တဲ့ အဆောက်အဦးလေးလုံးကို ပုဂ္ဂလိကကုမ္ပဏီတွေလက်ထဲ လွှဲပြောင်းငှားရမ်းပြီး ဟော်တယ်တွေ အဖြစ် ပြောင်းလဲ အသုံးပြုဖို့ ပြင်ဆင်နေတာပါ။

ဒီလိုလုပ်ရတာဟာ ဟော်တယ်နဲ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက်ရော၊ အဆောက်အဦးတွေကို ထိန်းသိမ်းဖို့အတွက်ပါ ဖြစ်ပါတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

" အဆောက်အဦးတွေက ကိုလိုနီခေတ်က အဆောက်အဦးတွေဖြစ်တဲ့အတွက် တကယ်တမ်းပြောရင်တော့ ရှေးဟောင်းအဆောက်အဦးတွေပါ။ ဒါတွေက ရေရှည် ထိန်းသိမ်းထားဖို့ တိုင်းပြည်မှာ လိုအပ်ပါတယ်။ ဒါကျနော်တို့ရဲ့ အမွေအနှစ်တွေလည်း ဖြစ်ပါတယ်။ အဲ့တော့ ဒီဟာတွေကို နိုင်ငံတော်က တာဝန်ယူပြီးတော့ ထိန်းသိမ်းဖို့ ရံပုံငွေ အခက်အခဲရှိလာတဲ့ အချိန်မှာ ကျနော်တို့က ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို တာဝန်ယူ ထိန်းသိမ်းစေခြင်းအားဖြင့် နိုင်ငံတော်အတွက်လည်း ယဉ်ကျေးမှု အမွေအနှစ်တွေကို တဖက်တလမ်းက နိုင်ငံတော်စားရိတ်ကုန်ကျမှုမရှိပဲ ထိန်းသိမ်းနိုင်ဖို့ အခွင့်အလမ်းလည်း ပေါ်ပေါက်လာဖို့ ကျနော်တို့ရည်ရွယ်တာဖြစ်ပါတယ်။"

အခု မွမ်းမံပြင်ဆင်ဖို့လုပ်နေတဲ့ အဆောက်အဦးလေးလုံးစလုံးဟာ နှစ် ၈၀ ကနေ ၁၀၀ ကျော် သက်တမ်းရှိတဲ့ ကိုလိုနီခေတ် အဆောက်အဦးတွေပါ။ ဒါကြောင့်လည်း ရှေးမူမပျက် မွမ်းမံပြင်ဆင်တည်ဆောက်ရေးမှာ တကယ် လုပ်နိုင်မယ့် ကုမ္ပဏီတွေကို တနှစ်ကျော်ကြာ အချိန်ယူပြီးတော့ စိစစ်ရွေးချယ် ခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ထားပါတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွဲဘက်အတွင်းရေးမှူး၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရဦးသောင်းလွင်က ပြောပါတယ်။

"အချိုးအားဖြင့်ဆိုရင် ယနေ့ခေတ်မှာ Transparency ရှိရှိ၊ တရားမျှတမှုရှိရှိ ဒါဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပြည်သူလူထု ကိုယ်စား ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် ပြည်သူလူထုလိုလားတဲ့ Transparency ရှိဖို့ တရားမျှတမှုဖြစ်ဖို့ ဒါတွေကို ကျနော်တို့က တာဝန်ခံပြီး ရွေးချယ်ပေးတာဖြစ်ပါတယ်။"

ရှေးဟောင်းအဆောက်အဦးတွေကို နဂိုလက်ရာအတိုင်း ထိန်းသိမ်းပြီး ပြုပြင်မွမ်းမံတည်ဆောက်ဖို့အတွက် တင်ဒါဖိတ်ခေါ်ခဲ့တာ မှာ ပြည်တွင်းပြည်ပက ကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေ စသည်အားဖြင့် ကုမ္ပဏီပေါင်း ၈၃ ခု တင်ဒါတင်သွင်းခဲ့တယ်လို့ သူရ ဦးသောင်းလွင်ကပြောပါတယ်။

အဲဒီထဲကမှ အချက် ၉ ချက်ပေါ်မှာ အခြေခံ စိစစ်ပြီးတော့ စုစုပေါင်း ကုမ္ပဏီ ၁၃ ခုကို ပဏာမ အဆင့် ရွေးချယ်ထားပါတယ်။ ဇူလိုင်လ ၂၇ ရက်၊ စနေနေ့မှာ ကုမ္ပဏီတွေအားလုံးကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်အားလုံး နဲ့ တွေ့ဆုံပြီးတော့ ပြန်စိစစ်ပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို ကြေညာမယ် လို့ ဒုဝန်ကြီး သူရဦးသောင်းလွင် ကပြောပါတယ်။


တင်ဒါအောင်တဲ့ကုမ္ပဏီတွေဟာ လုပ်ငန်းအဆိုပြုလွှာကို တင်သွင်းကြရမှာဖြစ်ပြီး လုပ်ငန်းလုပ်ဖို့ ခွင့်ပြုမိန့်ကို ကော်မရှင်ကနေ ရတဲ့အချိန်ကနေ စတင်လုပ်ဆောင်ကြရမှာပါ။ စီမံကိန်းကို ၂၀၁၅ ခုနှစ်နောက်ဆုံးထားပြီး ပြီးဆုံးအောင်ဆောင်ရွက်ဖို့ လျာထားတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။
XS
SM
MD
LG