သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတမံတွေကြောင့် ကမ္ဘာကြီးပိုပူနိုင်


မြစ်ကြောင်းတွေကိုပိတ်ပြီး ရေကာတာတွေ တည်ဆောက်တာကနေ ရေအားလျှပ်စစ် ထုတ်နိုင်သလို၊ သောက်သုံးရေ ဖူလုံဖို့ ရေလှောင်ကန်တွေ ရစေပြီး၊ အပမ်းဖြေ စခန်းတွေ ပေါ်လာတာလို ကောင်းကျိုးတွေကို ရစေတဲ့အပြင် ဆိုးကျိုးအဖြစ် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကိုပါ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
ကမ္ဘာပေါ်က ကြီးမားတဲ့ ရေကာတာကြီး ၅ သောင်း ဟာ မီသိန်းဓါတ်ငွေ့ အဓိက ထွက်တဲ့ နေရာတွေ ဖြစ်နေပါတယ်။

ရေကာတာတွေ ပိတ်ပြီးဆောက်လိုက်တဲ့အတွက် ကျလာတဲ့အနည်တွေထဲက အပင်နဲ့သတ္တဝါတွေနဲ့ အတူပါလာတဲ့ ကာဗွန်တွေကနေ မီသိန်းဓါတ်ငွေ့ အမြှပ်ကလေးတွေကို တွေ့နိုင်ပါတယ်။ မီသိန်းဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထက် ၂၅ ဆ ပိုပြီး ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။

ဂျာမဏီနိုင်ငံ Koblenz တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား အန်ဒရေ မက်ခ် (Andreas Maeck) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ပေ ၅၀ အောက် ရေအနက်ရှိတဲ့ ရေကာတာငယ် ကလေးတွေမှာ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်တဲ့ ပမာဏကို လေ့လာခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုရေလှောင်နိုင်တဲ့ ရေကာတာငယ်ပေါင်း သန်းနဲ့ချီရှိနေပြီး ဒီရေကာတာတွေမှာ ကျနေတဲ့ အနည်တွေကနေ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာကို သူတို့အဖွဲ့က တွေ့ရှိခဲ့တာပါ။ ဒီရေကာတာတွေကနေရတဲ့ မီသိန်းပမာဏဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏရဲ့ ၇ % ရှိနေတာမို့ ဒါဟာ အရင်တွက်ချက် ထားတာထက် သိပ်ကိုများနေတာပါ။

ရေကာတာ တည်ဆောက်မှုတွေဟာ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာမို့ စွမ်းအင်ထုတ်ဖို့၊ ရေသိုလှောင်ဖို့ နောက်ထပ် ဆောက်လုပ်မှုတွေအတွက် ဒီအဖွဲ့ရဲ့ သတိပေးဆောင်းပါးကို သဘာဝဝန်းကျင်နဲ့ သိပ္ပံနည်းပညာ စာစောင်မှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG