သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျန်းမာရေး အလားအလာကောင်း


HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ရောဂါ ၃ မျိုး ရန်ပုံငွေအဖွဲ့ကြီးက အခုအခါမှာ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် အသွင်ပြောင်းပြီး ကူညီထောက်ပံ့မှုတွေ ပေးလာတာမို့ အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍဟာ တိုးတက်မှုတွေ ရှိလာနိုင်တော့မယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့ လုပ်ခလစာတွေ တိုးမြှင့်ပေးတာ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ပံ့ပိုးပေးဖို့တွေတော့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရနဲ့ ကျန်းမာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ John Hopkins တက္ကသိုလ်က ညွှန်ကြားရေးမှုး ဒေါက်တာ ခရစ် ဘေယာ (Dr. Chris Beyrer) နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အရင်က ရပ်ဆိုင်းထားတဲ့ 3-D Fund ရန်ပုံငွေ အဖွဲ့ကြီးကနေ HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လုပ်လာခဲ့သလို အခုအခါမှာ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် ရည်မှန်းချက်အရ ဒီရောဂါ ၃ မျိုးအပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ် ကျန်းမာရေး အတွက်ပါ တိုးပြီး လုပ်ဆောင်လာခဲ့တာပါ။

ဒီထောင်စုနှစ် ကျန်းမာရေး ပန်းတိုင်အတွက် အရင်တုန်းက မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူထားတဲ့ အမေရိကန်အစိုးရ အပါအဝင် အနောက်နိုင်ငံတွေက ပံ့ပိုးမှုတွေ တိုးလုပ်လာတာမို့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အထောက်အကူ ရလာနိုင်တယ်လို့ John Hopkins တက္ကသိုလ်က HIV- AIDS ရောဂါသုတေသနနဲ့ လူထုကျန်းမာရေး ဆိုင်ရာအကြီးအကဲ ဒေါက်တာ ခရစ် ဘေယာက ပြောပါတယ်။
“ဒီရန်ပုံငွေအတွက် အထောက်အပံ့ပေးဖို့ ကတိပေးထားတဲ့ အဖွဲ့တွေထဲမှာ ဗြိတိန်နိုင်ငံက DIFID လို့ ခေါ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု အကူညီပေးရေးဌာန၊ AUSAID ၊ အီးယူ၊ နော်ဝေးအပြင် အခုဆို အမေရိကန် ပြည်ထောင်စုပါ ပါလာပြီး သူတို့က လာမယ့် ၅ နှစ်အတွင်းမှာပဲ ဒေါ်လာသန်းပေါင်း ၂၅၀ ကနေ ၃၅၀ အတွင်း အကူညီပေးမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါဟာ အရင် 3MDG ရန်ပုံငွေကို ထပ်ပြီး ဆောင်းပေးမှာမို့ မြန်မာနိုင်ငံအတွက် အတော့်ကို အကူအညီရမှာပါ။”

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လထဲ သွားရောက်ခဲ့တဲ့ ဒေါက်တာဘေယာ အနေနဲ့ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေနဲ့ တိုးတက်လာနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလို ကျန်းမာရေးဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းက သေသေချာချာ စောင့်ကြည့်နိုင်မှာမို့ အလှူရှင်တွေ ကူညီရကျိုးနပ်မယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ အကောင်းဘက်ဆောင်တဲ့ အပြောင်းအလဲတွေ အများကြီး မြင်နေရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ အပြောင်းအလဲရဲ့ အစပဲရှိနေ ပါသေးတယ်။ နိုင်ငံရေးအရ အပြောင်းအလဲတွေနဲ့ အတူ သတင်းမီဒီယာ ပွင့်လင်းမှု ပိုရှိလာတဲ့အတွက် လုပ်ငန်းပိုင်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်လာတာ တွေရပါတယ်။ ဒီအခြေအနေက စိန်ခေါ်နေတဲ့ ပြဿနာတွေကို လူတွေ ပိုသိလာနိုင်တာဖြစ်ပြီး ဥပမာ အလှူရှင်တွေ လှုလိုက်တဲ့ ငွေတွေအလဟဿ မဖြစ်ပဲ တကယ်လိုအပ်တဲ့ နေရာတွေမှာ တကယ်သုံးနိုင်တဲ့ အနေထားမျိုး ဖြစ်လာနိုင်ပါတယ်။”

ပြုပြင်ပြောင်းလဲမှှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုဟာ အဓိကလိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ လုပ်ခလစာနဲပါးတဲ့အတွက် ဘဝ ရပ်တည်ရေးအတွက် လုံလောက်မှု မရှိတာဟာ ကျန်းမာရေးကဏ္ဍမှာ အဓိက ပြဿနာတခုလို့လည်း မြင်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေ နဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့က HIV- AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံတိုင်းလိုလိုမှာ တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်လို့ ကျွန်တော်မြင်တာက အစိုးရရဲ့ ပံ့ပိုးမှုပါ။ အစိုးရလက်အောက်မှာပဲ ဒီကျန်းမာရေးလုပ်သားတွေ ရှိဖို့ လိုပါတယ်။ အခု အတော်များများဟာ ဝင်ငွေနဲပါးတဲ့ အတွက် တခြားမှာ ဘဝရပ်တည်နိုင်ဖို့ အလုပ်ထွက် လုပ်နေရတာမျိုး တွေ့ရတဲ့ အတွက် အစိုးရဘက်က သူတို့ရဲ့ လုပ်ရပ်ကို ပံ့ပိုးပေးတဲ့ အနေနဲ့ လုပ်ခလစာတွေကို တိုးမြှင့်ပေးဖို့ လိုပါတယ်။ ဒါကို အဓိက ပြုပြင်ပြောင်းလဲပေးဖို့ လိုပါတယ်။ ဒီကျန်းမာရေး လုပ်သားတွေ အစိုးရ လက်အောက်မှာပဲ ပြည့်ပြည့်စုံစုံနဲ့ လူထုအတွက် ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ လုပ်ပေးရမှာပါ။”

ဒါ့အပြင် ဒေသခံ မြန်မာ NGO အဖွဲ့တွေရဲ့ ကဏ္ဍကလည်း သိပ်ကိုအရေးပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရသမျှ အလှူငွေနဲနဲနဲ့ တကယ်ကြီးမားတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေတာ တွေ့ရတာမို့ အခုလို ပွင့်လင်းလာချိန်မှာ အစိုးရအနေနဲ့ သူတို့နဲ့ လက်တွဲ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်တယ်လို့လည်း အကြံပေးပါတယ်။
HIV- AIDS ရောဂါမျိုးကို ရှမ်းပြည်နဲ့ အထူးသဖြင့် ကချင်ပြည်နယ်တွေမှာ အဖြစ်များတာတွေ့ရပြီး ဒီဒေသတွေအတွက် အထူးစီမံကိန်းတွေ ချပေးဖို့ လိုအပ်သလို တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ကဏ္ဍကလည်း သိပ်ကိုအရေးပါတာမို့ လျှစ်လျူရှု မထားသင့်ဘူးလို့ ဒေါက်တာဘေယာက ပြောပါတယ်။
XS
SM
MD
LG