သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်း သေဆုံးသူ ပိုမိုများပြား


အီဂျစ်အဓိကရုဏ်း နှိမ်နင်းမှုမြင်ကွင်း။
အီဂျစ်အဓိကရုဏ်း နှိမ်နင်းမှုမြင်ကွင်း။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ အကြီးဆုံးသပိတ်စခန်း (၂)ခုကို အဓိကရုဏ်းထိန်းရဲတွေက သံချပ်ကာကားတွေ ဘူဒိုဇာတွေနဲ့ ဝင်ဖျက်ခဲ့ပြီးနောက်မှာတော့ ညမထွက်ရအမိန့်နဲ့ နိုင်ငံပြန်တည်ငြိမ်လာပြီလို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် လူပေါင်း ၂၇၈ ဦး ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့တယ်လို့ ကြားဖြတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် ဖြုတ်ချခံ သမ္မတ Mohamed Morsi ကို အာဏာပြန်အပ်နှင်း ဖို့ တောင်းဆိုနေတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ ဆန္ဒပြသူ လူအုပ်ထဲကို ရဲက စက်သေနတ်နဲ့ ပစ်ခဲ့လို့ လူပေါင်း ၂၆၀၀ သေဆုံးခဲ့ ရတယ်လို့ ပြောပါတယ်။

ယာယီဆောက်လိုက်ရတဲ့ ရေခဲတိုက်တွေ ဆေးရုံတွေမှာ အလောင်းတွေ ပုံနေတာကို သတင်းထောက်တွေတွေ့ပါတယ်။ စစ်တပ်ရဲ့ နှိမ်နင်းမှု ကို ဒေါသထွက်ကြလို့ Alexandria, Minya, Assiut နဲ့ Suez မြို့တို့မှာလည်း Islam ဝါဒီတွေ ဆူပူခဲ့ကြပါတယ်။ Mr. Morsi ကို ထောက်ခံသူတွေ အများစုဖြစ်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းမယ်လို့ အစိုးရက ဟိုအရင်ရက်တွေ ထဲက သတိပေးနေတာပါ။ သပိတ်စခန်းတွေကို ဝင်ဖြိုတော့ ရဲက အင်အား အနည်းဆုံးပဲ သုံးခဲ့ပါတယ်။ မျက်ရည်ယိုဗုံးနဲ့ပဲ ပစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး Mohamed Ibrahim က ပြောပါတယ်။

သူ့အဆို နိုင်ငံတဝန်းမှာ ကစဉ့်ကလျားဖြစ်အောင် မွတ်စလင် ညီအကိုတော်များအဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သူက အပြစ်တင်ပါတယ်။ သူတို့က ရဲတွေကို ပစ်ခတ်တယ်။ အစိုးရ အဆောက်အဦးတွေကို တိုက်ခိုက်တယ်။ ဘုရားရှိခိုးကျောင်းတွေကို မီးရှို့တယ်လို့ သူကစွပ်စွဲပါတယ်။ အီဂျစ်နိုင်ငံကို ပြန်ပြီးတည်ငြိမ်အောင်လုပ်ဆောင်ပေးစေချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ကြားဖြတ်အစိုးရက ကြိုးပမ်းပေးနေပါတယ်လို့ Mr. Ibrahim က ပြောပါတယ်။

ဒါပေမယ့် ဒုတိယသမ္မတနဲ့ ပြုပြင်ရေး လိုလားတဲ့ ခေါင်းဆောင်တဦး ဖြစ်သူ Mohamed ElBaradei ကတော့ ဒီသွေးထွက်သံယိုမှုအတွက် တာဝန်မယူနိုင်ဘူးဆိုပြီး ရာထူးက နှုတ်ထွက်သွားပါတယ်။
XS
SM
MD
LG