သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး နိုင်ငံရေးပါတီတွေ ဆွေးနွေး


၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီအတော်များများ ပါတီတွင်း သုံးသပ်မှုတွေပြုလုပ်နေ ပါတယ်။ ပါတီချင်း အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှုတွေလည်း ရှိနေပြီးတော့ ပြင်ဆင်ဖို့အတွက် ရရှိလာတဲ့ အကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်တွေကို ပေးအပ်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဖွဲ့စည်းပုံပြင် ဆင်ရေးအတွက် သူတို့ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ ဗဟိုကော်မတီဝင် ၆၀ကျော်လောက်က ၃ရက် တိုင်တိုင် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အဓိက အခြေခံမယ့်အချက်တွေကို လဲချားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က အခုလို ပြောပါတယ်။

" ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုမူကို ကိုင်တွယ်ပြီးတော့ ပြင်ဆင်ချင် ပါတယ်။ တိုင်းဒေသကြီး စကားရပ်ကို ဖြုတ်ပယ်သင့်တယ်လို့ ကျနော်တို့က ယူဆတယ်လေ။ ဘာကြောင့်ဆိုတော့ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုလို့ရှိရင် တိုင်းဒေသကြီးနဲ့ပြည်နယ်ဆိုပြီးတော့ စကားရပ်တွေ၊ အသုံးအနှုံးတွေက ကွဲလွဲနေတယ်လေ။ တိုင်းဒေသကြီး စကားရပ်အစား ပြည်နယ် ၁၄ပြည်နယ်၊ အဲ့တာနဲ့ ကျနော်တို့ ချဉ်းကပ်လိုတယ်လေ။ ပြင်စရာတွေတော့ များပါတယ်။ အဲ့ဒီ့မှာ အခန်း ၁ရယ် ၂ရယ် ၃ရယ်၊ ၄၊ နောက် ၅ အကုန်လုံးသွားတာပဲ။ ကျနော်တို့က အကုန်လုံး လုပ်တော့ လုပ်နေတာပဲ။ ပြင်ဆင်ဖို့တော့ များတယ်။ အတိအကျတော့ ချုံ့မထားသေးဘူးလေ။ "

ပြင်ဆင်မယ့်အချက်တွေကို စိစစ်ပြီးရင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှာ ဆွေးနွေးနိုင်ဖို့အတွက် ဒီကော်မတီမှာ ပါဝင်တဲ့ သူတို့ ပါတီဝင် ၄ယောက်ကို ပေးအပ် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ကျားဖြူပါတီအပါအဝင် တိုင်းရင်းသားပါတီ ၁၅ပါတီနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စာတမ်းတစောင်ရေးဆွဲနေတယ်လို့ ချင်းအမျိုးသား ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဆလိုင်းကျဲအိုဗစ်ထောင်းက ပြောပါတယ်။

"ပြည်တွင်း၊ ပြည်ပက ပညာရှင်တချို့တွေ ဖိတ်ခေါ်ပြီး တချို့ဒီဟာကို Review လုပ်တာပေါ့နော်။ အကြမ်းတော့ ထွက်လာပြီဗျ။ အသုံးအနှုံးတွေကို ပညာရှင်တွေက ဆက်လက်ပြီးတော့ လေ့လာနိုင်တယ်။ နောက်တခေါက် ဒီပညာရှင်တွေကနေပြီးတော့ အဲ့ဒီ့ဟာကို ကျနော်တို့ ညီနောင်ပါတီ အစည်းအဝေးမှာ ပြန်ချပြပြီးမှ အချောသပ်လာလို့ရှိရင် မကြာခင် စာတမ်းတခုနဲ့ထွက်လာမှာပါ။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီကတော့ ဒီလ ၆ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းပြီး လက်ရှိ လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီ ၆ပါတီနဲ့ ဆွေးနွေးနေပါတယ်။ ဆွေးနွေး ရရှိတဲ့ အချက်တွေကိုတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CECက လာမယ့် လွှတ်တော်အစည်းအဝေး ပြန်မစခင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ CECအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။

"ကျနော်တို့ NLD က ဆောင်ရွက်မှာကတော့ အခုစနေနေ့တိုင်းမှာ ကိုးနာရီဆိုရင် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ဆီက ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။ အပတ်စဉ်တိုင်း၊ လွှတ်တော်မတက်ခင်ကတော့ CEC ဆုံးဖြတ်မှာပေါ့။ "

NLD ပါတီက ပြင်ဆင်မယ့်အချက်တွေကတော့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေ၊ ဖက်ဒရယ်ပြည်ထောင်စု၊ တရားစီရင်ရေး၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် စတာတွေ ပါဝင်မှာဖြစ်ကြောင်း နဲ့ ပြင်ဆင်မယ့် အချက်တွေကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို တင်ပြမှာဖြစ်သလို ပြည်သူကိုလည်း ချပြသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပါတီတွင်းမှာ ပြင်ဆင်ဆောင်ရွက်နေ တယ်လို့ ပါတီဒုဥက္ကဌ ဦးဌေးဦးက ပြည်တွင်း သတင်းမီဒီယာများ ကို ပြောကြားထားပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့ ကတော့ ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၁၀၉ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီမှာ ပြည်ခိုင်ဖြိုးပါတီက ၅၂ဦး၊ တပ်မတော်သားကိုယ်စားလှယ်က ၂၅ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၇ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၃ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ချင်းတိုးတက်ရေးပါတီက ၂ဦးစီ နဲ့ အခြားတိုင်းရင်းသားပါတီတွေက တဦးစီ ပါဝင်ကြတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့်မှာ ကော်မတီအစည်းအဝေးတွေမှာ အဆုံးအဖြတ်ပြုရမယ့် အကြောင်းရပ်တွေ ကို အစည်းအဝေး တက်ရောက်တဲ့ ကော်မတီဝင် အများစုဆန္ဒအရ ဆုံးဖြတ်မယ်လို့ လည်း ဖော်ပြထားတာဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဆောင်ရွက်နေတဲ့ အပေါ်မှာတော့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီNDF ရဲ့ ဥက္ကဌ ဦးခင်မောင်ဆွေက အခုလို သုံးသပ်ပါတယ်။

"ဖြစ်သင့်တာကတော့ အခြေခံဥပဒေပြန်လည်သုံးသပ် ဆုံးဖြတ်ဖို့ဟာကို ပါတီမှာ လာပြီး ညှိဖို့ဟာ ပြည်ပ ပညာရှင်တွေ၊ အပြင်လူမှု အဖွဲ့အစည်းတွေ ရှေ့နေများကောင်စီတွေ တရား လွှတ်တော်ချုပ်က တရားသူကြီးတွေ အစရှိသဖြင့် မျှတညီတူ စဉ်းစားသုံးသပ်ပြီးတဲ့အခါကျတော့ကာ ဒါတွေကို အစီရင်ခံစာတင်ပြီးတော့ လွှတ်တော်က ဆုံးဖြတ်ပေးမယ် ဆိုလို့ရှိရင်တော့ ပိုထိရောက်ပြီးတော့ အကျိုးရှိမယ်လို့ ကျနော်တို့ ယူဆပါတယ်။"

NDF ပါတီဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၆၅ခုနဲ့ နောက်ဆက်တွဲ ဇယားတွေကိုပါ ပြုပြင်ဖို့ ဇူလိုင်လ အတွင်းက သဘောထား ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကတော့ ဇူလိုင်လအတွင်း တိုင်းရင်းသားညီလာခံတရပ်ကျင်းပပြီး ကြေညာချက် ထုတ်ပြန်ရာမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီအနှစ်သာရကင်းမဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ မကိုက်ညီတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ်ရေးဆွဲဖို့ ဆုံးဖြတ်ကြောင်းဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG