သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ အစိုးရဖိတ်ခေါ်


မြန်မာနိုင်ငံအတွင်း အမေရိကန် ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တခြားနိုင်ငံတွေနဲ့စာရင် အဆင့် ၁၃ မှာရှိတဲ့အတွက် အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံး လာရောက် ရင်းနှီးမြှုပ်နှံဖို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံ အနာဂတ်အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ Asia Society နဲ့ McKinsey Global Institute က ပူးတွဲပြီး ဆွေးနွေးပွဲ မနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မအေးသန္တာကျော်က တင်ပြပါလိမ့်မယ်။

နိုင်ငံပေါင်း ၃၂ နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စီမံချက် ၆၀၀ လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သောင်း ၇ ထောင် တန်ဖိုးရှိတဲ့အကြောင်းနဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစား ၁၂ ခုမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံနေတဲ့အကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က Asia Society မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အနာဂတ်အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ Asia Society နဲ့ McKinsey Global Institute က ပူးတွဲပြီး ဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အဆင့် ၁၃ မှာသာ ရှိတဲ့အတွက် နောက်မကျအောင် အခွင့်အရေးကို လက်လွှတ်မခံဖို့ လာရောက် ရင်းနှီးမြှုပ်နှံဖို့ သူက ဖိတ်ခေါ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်း ၁၅ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၄၄၃ သန်း ရှိတယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့အထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရတာဝန် ယူခဲ့ပြီးတဲ့အချိန်ကတည်းက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ အစိုးရကောင်းတရပ် ပေါ်လာရေးကို အာရုံစိုက် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သဘာ၀၀န်းကျင်ကို မထိခိုက်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာအောင် အစဉ်တစိုက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ ၂၀၁၅ ခုနှစ် မတိုင်ခင်မှာ လက်ရှိ ဆင်းရဲမွဲတေမှုကို ၂၆ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နုံး အထိ လျှော့ချပစ်နိုင်ဖို့၊ ရာစုနှစ်သစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေမှာ ဖော်ပြထားချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့လည်း အစိုးရအနေနဲ့ ဦးတည် သတ်မှတ်ထားပါတယ်။”

စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေမှာ ပြည်သူတွေကို အဓိကထားတဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်သွားမယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ဒေါက်တာ ဇော်ဦးနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေး အရာရှိ Judith Cekfin တို့အပြင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် USAID အဖွဲ့က တာဝနရှိသူတွေ ပါဝင်ဆွေးနွေးဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကနေ တိုင်းပြည်အတွင်း ငွေကြေးလဲလှယ်မှုနှုန်း တည်ငြိမ်လာအောင်နဲ့ ခေတ်မှီတဲ့ ဘဏ်လုပ်ငန်းစနစ် ထူထောင်လာနိုင်အောင် အထောက်အကူပြုခဲ့သလို၊ နိုင်ငံခြားငွေ လဲလှယ်တဲ့ ဝင်ငွေအပေါ် ပွင့်လင်းမြင်သာမှု ရှိလာအောင်နဲ့ ငွေကြေးဖောင်းပွမှုတွေကို ထိန်းချုပ်နိုင်အောင် အထောက်အကူ ပြုခဲ့တဲ့အကြောင်း Asia Society အဖွဲ့က ပြောဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်တွေကို အခုလို ရှင်းပြပါတယ်။

“ရှေ့လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ၇ ဒဿမ ၇ ရာခိုင်နှုန်း ဆက်ပြီးရှိအောင် ဦးတည်ထားပါတယ်။ စီးပွားရေးဟာ အသိဉာဏ်ပညာနဲ့ ဗဟုသုတ အခြေခံတဲ့ စီးပွားရေးကို ဦးတည်ပြီး တိုးတက်အောင်လုပ်ဖို့လည်း ရည်ရွယ်ချက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲအတွင်း ဖွံ့ဖြိုးမှုအသီးအပွင့်ကို အားလုံး ရယူနိုင်တဲ့ အခြေခံတွေ အစိုးရက ခိုင်ခိုင်မာမာ ချမှတ်ထားနိုင်ခဲ့ပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေး အရာရှိ Judith Cekfin ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို စံပြအဖြစ် လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေအပြင် အလုပ်သမားရေးဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ သဘာ၀၀န်းကျင် စောင့်ထိန်းရေးနဲ့ မြန်မာလူ့အဖွဲ့အစည်းအတွက် အကျိုးခံစားခွင့်တွေ ပြန်ပေးနိုင်မယ့် လူမှု ကျင့်ဝတ် စောင့်ထိန်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ လိုမယ်လု့ိ ပြောဆိုပါတယ်။

မြန်မာအစိုးရ သမ္မတ အကြံပေး ဒေါက်တာဇော်ဦးကတော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့၊ တာဝန်ခံမှုရှိတဲ့ အစိုးရတရပ် လိုအပ်တဲ့အကြောင်း၊ ဒီလို အစိုးရတရပ်ဖြစ်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တာဝန်ယူချိန်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ ရှင်းလင်း ပြောဆိုသွားပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ၂ ဆလောက် တက်လာခဲ့ပေမဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိအောင် ဘယ်လို အသုံးချမလဲ၊ တာဝန်ယူမှုရှိအောင် ဘာတွေ ဆောင်ရွက်မလဲဆိုတာကို Asia Society မှာ အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG