သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံမေးမြန်းခန်း


မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်အောင် နောက် ကွယ်က လှုံ့ဆော်နေသူတွေကို မြန်မာအစိုးရအနေနဲ့ ဖော်ထုတ် အရေးယူ သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာပိုင်းက ဒေါ်ခင်စိုးဝင်းကနေ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးမှာ သီးခြား တွေ့ဆုံမေးမြန်းခဲ့တာပါ။ တခြား မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ နိုင်ငံရေး အခြေအနေတွေကိုလည်း မေးမြန်းထားပါတယ်။

မေး။ ။ ဝန်ကြီး ကုလသမဂ္ဂမှာ ပြောသွားတဲ့အထဲမှာ သမ္မတ ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် လုပ်နေတဲ့အထဲမှာ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးမယ့်သူ မှန်သမျှကိုပေါ့နော် သတိပေးတဲ့ သဘောမျိုး ပြောသွားတာလေး ကြားလိုက်ပါတယ်။ အဲဒီတော့ ဒီပြုပြင်ပြောင်းလဲရေးမှာ အနှောင့်အယှက်ဖြစ်မယ့် နောက်ကြောင်း ပြန်လှည့်ချင်တဲ့လူတွေကိုများ သတိပေးလိုက်သလားလို့ ယူဆရပါတယ်။ အရင် စစ်အစိုးရ လက်ထက်က Status Quo အတိုင်းပဲ ဘိုနေမြဲ ကျားနေမြဲ နေချင်တဲ့လူတွေကိုများ ဆိုလိုတာလား။ ဝန်ကြီး ဘယ်လိုများယူဆပါသလဲ။

ဖြေ။ ။ “အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး။ တကယ့်ဆိုလိုရင်းကတော့ အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတယ်။ Reform Process တွေဆိုရင်လည်း အခုချိန်မှာ စတုတ္ထအဆင့်ကို ရောက်နေပြီ။ ဒီထဲမှာ အဓိကကတော့ ပြည်တွင်း တည်ငြိမ်မှုကိစ္စပါပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ရှေ့ကို တိုးတက်ကောင်းမွန်ဖို့ လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ မတည်မငြိမ်ဖြစ်အောင်၊ တည်ငြိမ်မှု ပျက်ပြားအောင်၊ တရားဥပဒေ စိုးမိုးမှု ပျက်ပြားအောင်၊ နှောင့်ယှက်လာတယ် ဒါမှမဟုတ် နှောင့်ယှက်ဖို့အတွက်ကို လှုံ့ဆော်မှုတွေလုပ်တယ် သွေးထိုးမှုတွေလုပ်တယ် ဒီလိုဆိုလို့ရှိရင်တော့ ဒီလိုကိစ္စရပ်တွေနဲ့ မတည်မငြိမ် ဖြစ်လာမယ့် ကိစ္စရပ်တွေကို Zero Tolerance လို့ပြောတာပါ။”

“အဲတော့ ဒီလိုလုပ်လာမယ် ဆိုလို့ရှိရင်လည်း တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ ရှိလာမယ်။ ဒါမှမဟုတ် ဒီလို ကိစ္စရပ်တွေဆိုရာမှာ ဘက်ပေါင်းစုံပေါ့လေ နိုင်ငံရေးအရလည်း ရှိနိုင်တယ်၊ လူမှုရေးအရလည်း ရှိနိုင်တယ်၊ ဘာသာရေးအရလည်း ရှိနိုင်တယ်။ ဒီလိုဟာတွေကို အခွင့်ကောင်းယူပြီးတော့ မတည်မငြိမ် ဖြစ်အောင်လုပ်လာရင် တိုင်းပြည်ရဲ့ ရှေ့ဆက်သွားမယ့် အရှိန်အဟုန်ကို နှောင့်နှေးစေရာ၊ အနှောင့်အယှက်ပေးရာ ရောက်မှာဖြစ်တဲ့အတွက် ဒီလို လုပ်မယ့်သူတွေ ရှိလာရင် ဥပေဒကို ချိုးဖောက်တာတွေ ရှိလာရင် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ပါ အဲဒီအထဲမှာပဲ ဝန်ကြီးမပြောခင်မှာပဲလေ ဒီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးဆောင်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေက တော်တော်လေးကို အနှောင့်အယှက် ဖြစ်နေတယ်ဆိုပြီးတော့ သူတို့ ပြောထားတာရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း အဲလိုပဲပြောတယ်။ ခုနက Zero Tolerance လုံး၀ သည်းခံမှာ မဟုတ်ဘူး ဆိုတဲ့ဟာ ပါပါတယ်။ ဒါပေမဲ့ ဒီဒေသ အောက်ခြေ လုံခြုံရေးပိုင်းကို အဓိက တာဝန်ထမ်းဆောင်နေရတဲ့ ဥပမာ ရဲတပ်ဖွဲ့တို့ ဘာတို့ပေါ့လေ သူတို့ကိုကြည့်ရတာ အင်အားမရှိဘူးလို့ ထင်ပါတယ်။ ဒီလောက် အလုံးအရင်းနဲ့ ဒေါသတကြီး ဖြစ်နေတဲ့လူတွေကို ဥပမာဆိုလို့ရှိရင် ဒီသံတွဲမှာ လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေပေါ့လေ သမ္မတကြီးကိုယ်တိုင်လည်း အဲ့ဒီဒေသတွေကို ရောက်နေပါတယ်။ သူတို့တွေကို အင်အားပြည့်သွားအောင်လို့ သူတို့တွေကို Capacity Building ကောင်းလာအောင်လို့ အဲလိုဆောင်ရွက်ပေးဖို့ကော အစီစဉ်တွေ ရှိပါသလားရှင့်။

ဖြေ။ ။ “ဒါတွေလည်း လုပ်နေပါတယ်။ အခု အဓိကကတော့ အခုလို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာ တရားဥပဒေ စိုးမိုးရေးကို အဓိက ထိန်းသိမ်းရမှာကတော့ ရဲတပ်ဖွဲ့ ဖြစ်လာတာပေါ့။ ဒီလိုဖြစ်လာတဲ့ အတွက်ကြောင့်မို့လို့လည်း ရဲတပ်ဖွဲ့ရဲ့ ဂုဏ်၊ ရဲတပ်ဖွဲ့ ခိုင်မာတောင့်တင်းအောင် အရည်အသွေး မြှင့်တက်အောင် Capacity Building တွေကိုလည်း ပေးဖို့ကို ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ဆဲလည်း ဖြစ်ပါတယ်။ သို့သော် ဒီ တပ်တွေ၊ တပ်တွေဆိုတာ ရဲအဖွဲ့ကို ပြောတာပါ။ ဒီရဲအဖွဲ့တွေအနေနဲ့ သူတို့မြို့နယ်လေးတွေမှာ ရဲစခန်းလေးတွေ ရှိတယ်။ တပ်ဖွဲ့လေးတွေရှိတယ်။ ဒါလည်း တချိန်တခါက လိုအပ်ချက်အရသာလျှင် ဖွဲ့စည်းထားတဲ့ အနေအထားဖြစ်တဲ့အတွက် သူတို့မှာလည်း သူတို့မြို့နယ်အပေါ်မှာ တရားဥပဒေ စိုးမိုးဖို့ ထိန်းသိမ်းဖို့ လုံလောက်ရုံ အင်အားလောက်ပဲ ရှိပါတယ်။ အဲဒီတော့ ဒီလို ဖြစ်စဉ်ကြီးတွေ ဖြစ်လာတဲ့အခါမှာ တခါတရံမှာ Mob စုစည်းတာ ပြုတာ မြန်ဆန်သွားတဲ့ အခါမျိုးတွေဆိုတဲ့အခါ အဲ့ဒီအချိန် အဲ့ဒီအခါမှာရှိတဲ့ အင်အားလေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ အနေအထားလေးတွေ ရှိတယ်။ ပြီးတော့မှ ကျနော်တို့က ဖြစ်တဲ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ Reinforcement လုပ်ရတယ်။ ရွှေ့ပြီးတော့ တာဝန်ပေးရတယ်။ ဒီအတွက်လည်း တဖြည်းဖြည်းနဲ့ နိုင်ငံတော်ရဲ့လမ်းကြောင်းတွေ တရားဥပဒေစိုးမိုးရေးကို အဓိကထားရမယ်။ ဒီတရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ကလည်း ရဲတပ်ဖွဲ့တွေပဲ ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့တွေရဲ့ Capacity Building နဲ့ အင်အားခိုင်မာတောင့်တင်းမှုကိုလည်း အစီအစဉ်တွေ ချမှတ်ပြီး လုပ်နေပါတယ်။”

မေး။ ။ ဝန်ကြီး ဒီနယူးယောက်ကို မလာခင်တုန်းကပေါ့နော်။ ဒီ IAEA နဲ့ ပတ်သက်ပြီး ဒီ Additional Protocol လို့ခေါ်တဲ့ နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ထိုးတာကို သိရပါတယ်။ အဲဒီမှာ ဝန်ကြီးအနေနဲ့ ဒီသဘောတူစာချုပ်ရဲ့ ထူးခြားချက်ကလေးကို နည်းနည်းလေး ပြောပြပေးလို့ ရမလားရှင့်။

ဖြေ။ ။ “ဒီသဘောတူစာချုပ်ရဲ့ ထူးခြားချက်ကတော့ ပထမတချက်ကတော့ ကျနော်တို့ နိုင်ငံရဲ့ Political Will ပေါ့။ Political Will ဆိုတာ အားလုံးကိုလည်း အမြဲတမ်း အတိအလင်း ပြောပါတယ်။ မနေ့က ကျနော်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Nuclear Disarmament ကို သွားနေတယ်၊ သွားနေတဲ့အခါမှာ ဒီလို IAEA ရဲ့ နောက်ဆက်တွဲ စာချုပ်ကို ချုပ်ဆိုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆန္ဒရှိမှုကို ပြသတဲ့အပြင်ကိုပဲ ဒီနျူကလီးယားနဲ့ ပတ်သက်ပြီးတော့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ သံသယ ဖြစ်မှုတွေကို အမြင်ရှင်းသွားစေချင်တယ်။ နောက်တခုကတော့ Peaceful use of Nuclear Energy ဆိုတာ အားလုံးလဲ လက်ခံထားကြတာပဲ၊ အဲလို လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီစာချုပ်ရဲ့ Additional Protocol ပါဝင်ခြင်းအားဖြင့် ဒါတွေ တချိန်တခါမှာ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ့် Obligation တွေလည်း တခါတည်း ပါထားပြီးသား ဖြစ်တဲ့အတွက် ဒီလို နောက်ဆက်တွဲ စာချုပ်တရပ်ကို ချုပ်ဆိုနိုင်တာ ထူးခြားတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဒါကိုတော့ ဒီမြန်မာနိုင်ငံအပေါ်မှာ သံသယ မျက်စိတွေနဲ့ သံသယရှိတဲ့ စကားတွေနဲ့ ပြောဆိုနေကြတဲ့ အသိုင်းအဝိုင်းတွေ အားလုံးပါပဲ ကျနော်တို့က နိုင်ငံရေး Message ပေးလိုက်ရသလို ကိုယ့်ရဲ့ Commitment ကိုလည်း ကိုယ့်ရဲ့ နိုင်ငံမှာသွားနေတဲ့ လမ်းကြောင်းမှာ ဒီလိုဆန္ဒတွေ လိုလားချက်တွေ ဒီလို မျှော်မှန်းချက်တွေ မရှိဘူးဆိုတာလည်း တပါးတည်း ပြသနိုင်ရာ ရောက်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ အဲဒါက မြောက်ကိုရီးယားနိုင်ငံနဲ့လည်း ဆက်စပ်နေတာပေါ့နော်။ ဒီနျူကလီးယားနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကိုလည်း ဝန်ကြီးတို့ ရှင်းပြထားတာရှိပါတယ်။ ဟို နျူကလီးယားနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ ဆက်စပ်မှု မရှိဘူးဆိုတာကို ဒါပေမဲ့ မကြာသေးခင်ကပဲ သတင်းတခု ထွက်လာတာက မြောက်ကိုရီးယားရဲ့ ဒီ Missile Technology နဲ့ပတ်သက်ပြီးတော့ ဆက်ဆံနေဆဲပဲ ဆိုပြီးတော့ ကိုရီးယားသတင်းဌာနက တခုက ရေးလာပါတယ်။ အရင်တုန်းကလည်း စစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်ပြီးတော့ ဟို ဦးသူရရွှေမန်းတို့ ဘာတို့ သွားပြီး လက်မှတ်ထိုးတာတွေ ဘာတွေ ရှိခဲ့တယ်ဆိုတော့လေ။ အခု နျူကလီးယားနဲ့ မပတ်သက်ပေမဲ့လည်း စစ်ရေးအရ ဆက်ဆံမှုကတော့ ရှိနေဆဲပဲလို့ပဲ သုံးသပ်ကြပါတယ်။ ဝန်ကြီးကရော ဘယ်လိုယူဆပါသလဲ။

ဖြေ။ ။ “မရှိပါဘူး။ ဒါလည်း ကျနော်တို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ သမ္မတကြီးကိုယ်တိုင်လည်း နိုင်ငံတော်ခေါင်းဆောင်တွေ အစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ကျနော့်အနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ အမြဲတမ်းပြောနေတယ်။ ကျနော်တို့အစိုးရသစ် တာဝန်ယူတဲ့နောက်ပိုင်းမှာ စစ်ရေးအရ ဆက်ဆံမှု လုံးဝမရှိပါဘူး။”

မေး။ ။ နောက်ပြီး ဝန်ကြီး ဒီ Asia Society မှာပြောသွားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တခြားနိုင်ငံတွေထက် ဆိုလို့ရှိရင် ပမာဏအားဖြင့် အများကြီး နည်းနေသေးတဲ့အတွက်ကြောင့်မို့လို့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ဝန်ကြီးက ဖိတ်ခေါ်သွားတာ သိရပါတယ်။ အဲ့ဒီတော့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် မြန်မာနိုင်ငံကကော အဆင်သင့်ရှိပါရဲ့လား။ Infrastructure က အစပေါ့လေ လျှပ်စစ်မီးကအစ အဂတိလိုက်စားမှု ကင်းရှင်းမှု ဒီ EITI အဖွဲ့တွေနဲ့လည်း ပတ်သက်ပြီးတော့ ဝန်ကြီးပြောသွားတာ ကြားလိုက်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အဆင်သင့်ရှိမှု အခြေအနေပေါ့လေ အဲ့ဒါလေး နည်းနည်းလောက် ပြောပြပေးပါလားရှင်။

ဖြေ။ ။ “ကျနော်ကတော့ အကုန်လုံး အဆင်သင့်ဖြစ်အောင် ဖြေရှင်းထားတာပေါ့လေ။ ဥပမာဆိုပါတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် ပြဌာန်းလိုက်တယ်။ အဲဒီပြဌာန်းလိုက်တဲ့ ဥပဒေမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုပြီးတော့ အခွင့်အလမ်းတွေ များလာတယ်။ ယခင်က ရှိခဲ့တဲ့ ကန့်သတ်ချက်တွေကိုလည်း အကုန်လုံး လျှော့ချပေးလိုက်တယ်။ စောစောကပြောတဲ့ Infrastructure ရင်းနှီးမြှုပ်နှံမှုထဲမှာ Infrastructure ပါ ပါလာတယ်။ ပါတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အဆင်သင့် ဖြစ်ပြီးလားဆိုတာကို အဆင်သင့်ဖြစ်ပြီးတဲ့ နေရာမှာ တခါတည်းထိုင်ပြီး ဝင်လုပ်လို့ ရသလိုပဲ အဆင်သင့် မဖြစ်သေးတဲ့နေရာတွေမှာပါ လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလည်း ရပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တာ တခြားနိုင်ငံတွေလည်း နည်းတူပါပဲ။ ဒါမှမဟုတ် ဒီအခွင့်လမ်းကောင်းတွေ ပေါ်ပေါက်နေတဲ့ ကျနော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စောစောရောက်လာရင် စောစော အောင်မြင်မယ်။ စောစောရောက်လာတဲ့ နိုင်ငံတွေ စောစောအကျိုးရှိမယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိတာပေါ့။ ကျနော်တို့က အချိန်အကြာကြီး စောင့်ပြီးမှ ရင်းနှီးမြှုပ်နှံမှုတွေ မလာလို့ နှေးကွေးနေတယ် ဆိုတဲ့ဟာမျိုးတွေကိုတော့ ကျနော်တို့က မဖြစ်စေချင်ဘူး။ အဓိကတော့ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ Social Economic Life ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ လူတွေရဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ဖန်းတီးပေးချင်တယ်။ လူများများ အလုပ်ရစေချင်တယ်။ ပြည်ပတွေမှာ သွားပြီးတော့ ကိုယ့်ရဲ့ နိုင်ငံယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ တချို့ Decent Works တွေမဟုတ်တဲ့ Jobs တွေကို လုပ်နေရတဲ့ လူတွေကိုလည်း ကိုယ့်သားသမီးတွေလိုပဲ စာနာပြီးတော့ ကိုယ့်နိုင်ငံမှာ ပြန်လာပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိစေချင်တယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုတွေကို အမြန်လာပါ အမြန်လာဖို့လည်း အခွင့်အလမ်းတွေ ဖန်းတီးနေတယ်ဆိုတဲ့ Message တွေကို ပေးပြီး ကျနော်တို့က ပေးပြီး ဆွေးနွေးနေတာ။”

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG