သုံးရလွယ်ကူစေသည့် Link များ

ကလေးမြို့ ရေဘေး လူ ၁၀ ကျော် ပျောက်ဆုံး


ဧရာဝတီမြစ်ရေကြီးစဉ် (သြဂုတ် ၂၄၊ ၂၀၁၂)။
ဧရာဝတီမြစ်ရေကြီးစဉ် (သြဂုတ် ၂၄၊ ၂၀၁၂)။
စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက်ယူနေ ဆဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့က မိုးရေချိန်၇ လက်မကျော်နဲ့ ၃၀ရက်နေ့က ၃လက်မကျော်ရွာသွန်းပြီးတဲ့နောက် မြစ်ချောင်းတွေ ရေလျှံပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှာ ရေကြီး ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။
ရေလွှမ်းမိုးတာကြောင့် ထိခိုက်ပျက်ဆီးရတဲ့အခြေအနေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက အခုလို ပြောပါတယ်။

" ကျနော်တို့ တံတား ၁၂စင်း ပျက်စီးသွားတယ်။ မြစ်ကမ်းပါး နံဘေးမှာရှိတဲ့ကျေးရွာအတော်များများ ပျက်စီးသွားတယ်။ပျောက်ဆုံးနေတာ ခန့်မှန်းခြေ အားလုံး လူ၁၀ယောက်ကျော်ရှိမယ်လို့ ခန့်မှန်းခြေရှိတယ်ခင်ဗျ။ ဒုက္ခသည်စခန်း အားလုံး မြို့ပေါ်မှာရောဆိုရင် အားလုံး ၈ခုလောက်ရှိမယ်ခင်ဗျ။ အိမ်ထောင်စုပေါင်း ၅၀၀ကျော်လောက်ရှိမယ် ခန့်မှန်းတယ်ခင်ဗျ။ တချို့ကျေးရွာတွေက ဒုက္ခသည်စခန်းကို မလာနိုင်ဘဲ ဟိုဘက်မှာ သူတို့ဘာသာ သူတို့ဖြစ်သလို နေတဲ့ ဒုက္ခသည်တွေလည်း ရှိတယ်ခင်ဗျ။ အပျက်အစီးကတော့ ခန့်မှန်းခြေ အားလုံး သိန်းပေါင်း ၃၀၀၀ကျော်လောက်ပျက်စီးမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားကြတယ်ခင်ဗျ။"

ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှုး ဦးထန်ဆွမ်းမွန်က မိုးစပါးစိုက်ဧက ၇ထောင်နီးပါး ရေလွှမ်းခဲ့ကြောင်း ပြောပါတယ်။

"ရေနစ်သွားတာ၊ ရေလွှမ်းမိုးသွားတာက မိုးစပါး စိုက်ဧက ၆၈၇၈၊ ကလေးမြို့နယ်ရဲ့ မိုးစပါး စိုက်ဧကအပေါ်မှာ ရေလွှမ်းမိုး သွားခံရတဲ့ဟာ၊ပျက်စီး ဆုံးရှုံးမှုတော့ မဟုတ်ဘူးနော်၊ ရေနစ်မြုတ် သွားတာ၊ ရေကျသွားရင်တော့ အဲ့ဒီ့နေရာတွေဆီ ကွင်းဆင်းသွားရမှာ။"

ပျက်ဆီးသွားတဲ့လယ်ယာတွေကိုတော့ ရေကျပြီးနောက်မှ ပြန်လည်
စာရင်းကောက်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။ မြို့နယ်ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကတော့ကလေးမြို့ ရေကြီးတာကြောင့် လောလောဆည် ကလေးတဦးသေဆုံးပြီး လူ၃ဦးပျာက်ဆုံးကြောင်း၊ ကယ်ဆယ်ရေးစခန်း ၆ခုမှာ ရေဘေးသင့်သူ၃၀၀၀ကျော်ရှိကြောင်း၊ ပျက်ဆီးသွားတဲ့တံတားတွေက နန်းကလိန်တံတား၊ ဆိပ်ကမ်းသာတံတား၊ ဇီးချောင်းတံတား၊ ဆည်ကြီးတံတား၊ ပြည်တော်သာ တံတား၊ နတ်မျောချောင်းတံတား၊ နတ်တံခါးတံတား စတာတွေဖြစ်ကြောင်း ပြောပါတယ်။
လတ်တလော ကူညီဆောင်ရွက်ပေးနေတဲ့
အခြေအနေကို အုပ်ချုပ်ရေး အဖွဲ့ဝင်က အခုလို ပြောပါတယ်။

"ရောက်ရှိလာတဲ့ အိမ်ထောင်စုတွေ၊ လူတွေကို ထမင်းထုတ်တွေ စီစဉ်ပေးတယ်။နောက်တခါ စားဖို့သောက်ဖို့အဆင်ပြေအောင် ဆန်လေးတွေ အိမ်ထောင်စုတစ်ခု လေးပြည်နှုံးနဲ့ပေးတယ်။ ခေါက်ဆွဲခြောက်တို့၊ ကော်ဖီမစ်တို့ဆားတို့ သောက်ရေသန့်တို့ စသဖြင့် အကုန်ဆောင်ရွက် ပေးပါတယ်ခင်ဗျ။ ကျမ်းမာရေးစောင့်ရှောက်မှုက တော့ သူနာပြုတွေက စုပြီးတော့ တစ်ရက်ကို နှစ်ကြိမ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လာပြီး လုပ်ပေးပါတယ်။ တပ်မတော်ဆေးရုံ တာဝန်ရှိတဲ့ ဆရာဝန်တွေလည်း လိုက်ပြီးတော့ လုပ်ပေးတာရှိပါတယ်ခင်ဗျ။"

ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မတွက်ချက်နိုင်သေးကြောင်းပြောပါတယ်။
ဒီကနေ့မှာတော့ ရေအနည်းငယ်ကျသွားပြီဖြစ်ပေမဲ့ အိနိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး- ကလေး၀ ကားလမ်းဟာလည်း ပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာပြည်အဝှမ်းမှာ မိုးများခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတွေ အပါအဝင် နေရာအတော်များများမှာ ရေကြီးရေလွှမ်းခဲ့ပြီး လူနေအိမ်တွေနဲ့အတူ လယ်ယာနဲ့ စိုက်ပျိုးသီးနှံခင်းတွေလည်း ပျက်ဆီးခဲ့ပါတယ်။
XS
SM
MD
LG