သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း


အမေရိကန်ရောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ဝန်ကြီးဦးဌေးအောင်ကို ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက သီးသန့်တွေ့ဆုံမေးမြန်းထားစဉ်/ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၈ ရက် အောက်တိုဘာ ၂၀၁၃။
အမေရိကန်ရောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ဝန်ကြီးဦးဌေးအောင်ကို ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက သီးသန့်တွေ့ဆုံမေးမြန်းထားစဉ်/ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၈ ရက် အောက်တိုဘာ ၂၀၁၃။
မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ မကြာသေးခင်က လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ဖ့ွံဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှု မရှိတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်း ဟိုတယ်တွေမှာ ခရီးသွားဧည့်သည်တွေအတွက် တည်းခိုခနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှု ပေးနိုင်အောင်လည်း အမြဲတစေ သတိပေးနေတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဟိုတယ် ခရီးသွားလာရေးလုပ်ငန်းနဲ့ပတ်သက်လို့ အဓိက ရေးကြ၊ ပြောကြတာတွေကတော့ ဟိုတယ်ခတွေ ဈေးကြီးတဲ့ အကြောင်းတွေ ပြောကြပါတယ်ခင်ဗျ။ ဒီကိစ္စက တကယ်ပဲ ခရီးသွားလာရေးလုပ်ငန်း တိုးတက်ဖို့မှာ အဟန့်အတား ဖြစ်နေပါသလားခင်ဗျ။
ဖြေ။ ။ “ဒါကတော့ ရောင်းလိုအား၊ ဝယ်လိုအား သဘောပါပဲ။ အဲတော့ Demand က များလာတယ်၊ Supply က အားနည်းတဲ့အခါမှာ ထုံးစံအတိုင်းပဲ သူ့သဘာဝပဲပေါ့လေ။ ဒီလို ဈေးတက်လာတာရှိပါတယ်။ ဒါက မြန်မာနိုင်ငံတင်မဟုတ်ဘူး၊ နိုင်ငံတော်တော်များများမှာ ဒီလိုပဲ ဖြစ်နေတာပဲ။ အခု ဟောင်ကောင်မှာဖြစ်တယ်၊ အိန္ဒိယမှာဖြစ်တယ် စသည်အားဖြင့် ဒီလို ဈေးတက်လာတဲ့ဟာဖြစ်တယ်။ ဒါပေမဲ့ ဒီ Demand နဲ့ Supply ကို ညှိပြီးတော့ လုပ်တဲ့အခါမှာ ဘာသတိထားရမလဲဆိုတော့ ဒီ Quality of Service ပေါ့ အဲ့ဒါကို ကျနော်တို့က ဝန်ဆောင်မှုဟာ ကိုယ်ရတဲ့ဝင်ငွေနဲ့ ဝန်ဆောင်မှုဟာ ကိုက်ညီဖို့ လိုပါတယ်။ သူတို့ပြောတာတော့ Value for Money ပေါ့ အဲ့ဒါမျိုးဖြစ်မယ်ဆိုရင် ဒါဟာ သူ့အနေထားက ဧည့်သည်က လက်ခံတာပဲပေါ့။”

“အခု ကျနော်တို့ဆီမှာလည်း ဒီလိုပါပဲ ဧည့်သည်လက်ခံနိုင်တဲ့ ဝန်ဆောင်မှုမျိုး ပေးပြီးတော့ ယူလို့ရှိရင်တော့ ဧည့်သည်တွေအနေနဲ့ ဘာမှ ပြဿနာ မရှိပါဘူး။ အဲ့တော့ ၂၀၁၁၊ ၂၀၁၂ ဧည့်သည်များလာတဲ့အခါမှာ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၂ ပေါ့လေ အဲ့ဒီအထိတော့ အခန်းအရေအတွက်နဲ့ အထူးသဖြင့် ရန်ကုန်မှာ အဓိကထားပြီးဖြစ်တာပေါ့လေ။ အဲ့လို အနေအထားလေးရှိခဲ့တယ်။ အခု ဒီဘက်အပိုင်းမှာကျတော့ အခန်းတွေလည်း များလာတယ်။ နောက်တခါ နိုင်ငံခြားကလာတဲ့ ဧည့်သည်ကို ပို့ပေးနေတဲ့ ဒီလို ဂိုးဒါးလိုဟာမျိုး အစီအစဉ်လေးလည်း လုပ်လာကြတဲ့အခါကျတော့ ဧည့်သည်တွေဟာ Local Hotel တွေကိုလည်း ပြန့်သွားပါတယ်။ ပြန့်သွားပြီးတော့ ဒါ ခုချိန်မှာတော့ ဒီနှစ်မှာတော့ ဒီလောက်ကြီး ကျနော်တို့ ဒီအခန်းနဲ့ပတ်သက်ပြီးတော့ မကြားတော့ပါဘူး။”

မေး။ ။ ခုန ဝန်ကြီးပြောသွားတဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါ့နော် ဝန်ဆောင်မှုလုပ်ငန်းမှာ တန်ရာတန်ကြေး ဒီကမ္ဘာလှည့်ခရီးသည်တွေ လာရောက်တည်းခိုတဲ့သူတွေက ပေးတဲ့ အခကြေးငွေနဲ့တန်အောင် တောင်းဖို့ပြုဖို့ပေါ့လေ တောင်းတဲ့အတိုင်းလည်း ဝန်ဆောင်မှုပေးဖို့အတွက် ထိန်းသိမ်းဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပါသလားခင်ဗျ။
ဖြေ။ ။ “အဲ့ဒါကတော့ ကျနော်တို့က အမြဲတမ်း ဒီ အထူးသဖြင့် ပုဂ္ဂလိကဟိုတယ်တွေပေါ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဟိုတယ်တွေရော၊ ပြည်တွင်းဟိုတယ်တွေရော စုစုပြီး သူတို့ကို ဒါလေးကို ရှင်းပြရတာပေါ့လေ။ ရှင်းပြတယ်။ နောက်တချက်ကလည်း သူတို့ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့ ကိုယ်ရတာကို ဖိမယူဘဲနဲ့ ကျနော်တို့ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့၊ လိုအပ်တဲ့ ထိုက်သင့်တဲ့ ဖြည့်ဆည်းရမယ့် အထောက်အကူပြု ပစ္စည်းတွေ၊ လုပ်ငန်းတွေ ဒါလေးတွေကို ထည့်ဖို့၊ ဧည့်သည်ကျေနပ်အောင်လုပ်ဖို့ ကိုယ့်ရဲ့နာမည် ပျက်မသွားဖို့အတွက် အားလုံးကို ဝိုင်းဂရုစိုက်ဖို့ ဒါ အမြဲတမ်း ကျနော်တို့ ပြောနေတဲ့စကားပဲဖြစ်ပါတယ်။”

မေး။ ။ အခုလို ခရီးသွားလုပ်ငန်း တိုးတက်လာနေတဲ့ တချိန်တည်းမှာပဲ မကြာသေးခင်တုန်းက မြန်မာနိုင်ငံမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတချို့ တချို့နေရာတွေမှာ ရှိခဲ့တော့ ဒီလို အကြမ်းဖက်မှုတွေကရော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအပေါ်မှာ မထိခိုက်နိုင်ဘူးလား။
ဖြေ။ ။ “ကျနော်တို့ ကမ္ဘာလှည့်ခရီးသည် သဘာဝကတော့ ဒီလိုဖြစ်တာ သူတို့ တကမ္ဘာလုံးမှာ ဖြစ်နေတာ။ နေရာဒေသတိုင်းမှာဖြစ်နေတာ။ အဲ့လိုဖြစ်တဲ့အခါမှာ သူ့သက်ဆိုင်ရာ သံရုံးတွေကနေ ဒီလို Travel Advisory ပေါ့ သူတို့ အကြံပြုတယ် ဘာတယ် ဒီလိုပဲရှိပါတယ်။ အဲ့တော့ ဒါသည်လည်း သူက ခေတ္တခဏဖြစ်တာ တစ်အချက်က။ နှစ်အချက်ကတော့ သူက ဖြစ်နေတဲ့တနေရာပဲ တကယ်တမ်းကြည့်မယ်ဆိုရင် အဲ့ဒီနေရာပဲ သူက စိုးရိမ်ရတာကိုး သွားလို့ရှိရင်။ ကျန်တဲ့နေရာတွေက သူတို့ သွားလည်လို့ရနေတာပဲ။ အဲ့တော့ သူတို့ ခရီးစဉ်တွေကိုတော့ ဒီလောက်လေးနဲ့တော့ သူတို့ဖျက်လေ့မရှိပါဘူး။ အဲ တခါတည်း ဥပမာ - ဟိုးတုန်းကဖြစ်တဲ့ဟာမျိုးတွေရှိတာပေါ့။ ကျနော်တို့ဒေသထဲမှာ Sars တို့ H1N1 တို့ ဒါမျိုးဆိုရင်တော့ သူတို့ စဉ်းစားတာပေါ့လေ။ အခု ဒီဟာကတော့ သူတို့ဆီတွေမှာလည်း ဖြစ်နေတာပဲ။ ဒီဖြစ်တဲ့နေရာမှာပဲ သူတို့ အဲ့ဒီနေရာမသွားဘဲ သူတို့သွားလို့ရတဲ့နေရာတွေကို သွားနေရင်တော့ ဒါ အခု ကျနော်တို့ ဖြစ်ခဲ့တဲ့ဥစ္စာပေါ်မှာကြည့်ပြီး ကျနော်တို့ရဲ့ နေ့စဉ် ဧည့်သည်ဝင်တဲ့ Growth ကိုကြည့်တဲ့အခါ ဒီအပေါ်မှာ ထိခိုက်မှုလုံးဝမရှိဘူးဆိုတာ တွေ့ရပါတယ်။”

မေး။ ။ ဟို နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံကို ခရီးသွားမယ်ဆိုရင် သတိပေးချက်မျိုးတွေ ထုတ်ပြန်တာမျိုးတွေလည်း ရှိခဲ့တော့ အမြဲတမ်းမဟုတ်တောင်မှ ဒီလို ပဋိပက္ခဖြစ်နေတဲ့ အချိန်နဲ့ အချိန်ကိုက် ထုတ်ခဲ့တာမျိုးတွေရှိတော့ ဒါမျိုးတွေက ထိခိုက်နိုင်တဲ့အနေအထား ရှိပါသလား။ မထိခိုက်အောင် ကြိုတင်ကာကွယ်တာမျိုးတွေရော လုပ်ဆောင်တာရှိပါသလား။
ဖြေ။ ။ “ဒီဟာက ၂ နည်းရှိပါတယ်။ ၁ နည်းက ကျနော် စောစောကရှင်းပြသလို သူတို့ကတော့ ဒါ ပုံမှန်ထုတ်တာပဲ။ ပုံမှန်ထုတ်တဲ့အခါမှာ ဥပမာ နေရာတခုမှာဖြစ်တယ်ဆိုရင် ဒီနေရာကို မသွားရင် သူတို့ပြီးတာပဲ။ သူတို့ခရီးစဉ်ကိုတော့ သူတို့လည်း ဒါလေးကို ဒီအချိန်လေးမှာ ရတဲ့အချိန် ထွက်ကြတာဖြစ်တဲ့အတွက် များသောအားဖြင့်ကတော့ ဒါ ဒီလို ထိခိုက်တာမရှိဘူး။ သူတို့လည်း မေးတာပဲ သူတို့ကို ထုတ်ထားပေမဲ့ သူတို့က သက်ဆိုင်တဲ့ နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်ကို မေးတာပဲ။ ဒါ ဒီနေရာ တကယ်ဖြစ်လား။ သွားလို့ရလား။ မရဘူးလား။ ဒါ တကယ်မရဘူးဆိုရင် သူတို့ တခြားအစီအစဉ်ကို စီစဉ်တာပေါ့လေ။ ဒီလိုပဲရှိပါတယ်ခင်ဗျ။”
XS
SM
MD
LG