သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ရေး မပြည့်စုံသေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ် (အောက်တိုဘာ၊ ၉၊ ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ် (အောက်တိုဘာ၊ ၉၊ ၂၀၁၃)
အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ရှေ့နှစ်ထဲမှာ စတင်တာဝန်ယူဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဟာ မလုံလောက်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ အခြေအနေတွေဟာ စိတ်လှုပ်ရှားစရာဖြစ်တယ် ဆိုပေမဲ့လည်း ပြီးပြည့်စုံမှု မရှိသေးတဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း ဗုဒ္ဓဟူးနေ့က အာဆီယံနိုင်ငံတွေက လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးကယ်ရီက ပြောဆိုခဲ့တာပါ။

နိုင်ငံရေးအရ ပြောင်းလဲဖြစ်ထွန်းမှုတွေ ဆက်လက် တွေ့မြင်ရဖို့ လိုသေးသလို၊ ဒီမိုကရေစီ ထွန်းကားလာဖို့ကိုလည်း မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံက ၂ ရက်ကြာ ထိပ်သီး အစည်းအဝေးပွဲအတွင်းမှာပဲ လာမယ့်နှစ် ၂၀၁၄ ခုနှစ်က စတင်ပြီး အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက တရားဝင် လက်ခံ ရယူသွားမှာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီကတော့ မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ အခါမှာလည်း အာဆီယံနဲ့ ဆက်ဆံရေးတွေမှာ တိုးတက်မှုတွေ ရရှိဖို့ မျှော်လင့်ကြောင်း ညီလာခံမိန့်ခွန်းမှာ ပြောသွားပါတယ်။

ဖိလစ်ပိုင် သမ္မတ Benigno Aquino ကလည်း မြန်မာနိုင်ငံက တာဝန်ယူတဲ့အခါမှာ အပြုသဘောဆောင်ပြီး၊ ထိရောက်တဲ့ ဦးဆောင်မှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကြား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ၂၀၀၆ ခုနှစ်မှာ အလှည့်ကျခဲ့စဉ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး နိုင်ငံတကာက ဝေဖန်မှုတွေ ခံခဲ့ရတဲ့အတွက် နောက်ဆုံးမှာ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG