သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရနောင်းမြို့အနီး ပင်လယ်တွင်း မြန်မာနိုင်ငံသားအလောင်းတွေတွေ့ရှိ


မြန်မာဘက် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်ကို လှေနဲ့ ဖြတ်ကူးနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (၂၀၀၉ ခုနှစ်)
မြန်မာဘက် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်ကို လှေနဲ့ ဖြတ်ကူးနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (၂၀၀၉ ခုနှစ်)
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်က ကော့သောင်းမြို့ကနေ၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို တရားမဝင် ခိုးကူးဖို့ ကြိုးစားခဲ့ကြသူ မြန်မာနိုင်ငံသား အယောက် ၃၀ လောက် လိုက်ပါလာခဲ့တဲ့လှေတစ်စီး ညဘက်မှာ တိမ်းမှောက်သွားပါတယ်။ အများအပြား ရေနစ်ပြီး သေဆုံးခဲ့ကြရသလို လူတွေ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေကြဆဲဖြစ်ပါတယ်။ ဆယ်ယူရရှိထားပြီးတဲ့အလောင်းက ၁၃ လောင်းဖြစ်တဲ့အကြောင်း ထိုင်း ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင်ခိုးကူးတဲ့စက်လှေဟာ အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းမှာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကော့သောင်းမြို့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။ ကော့သောင်းမြို့အနီး မြွေတောင်ကျွန်းမှာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့လောက်ကတည်းက လူတွေစုထားပြီး ၉ ရက်နေ့ ညမှာ ဖြတ်ကူးကြတာဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။

အခု လောလောဆယ်အထိ ဆယ်ယူရရှိထားပြီးဖြစ်တဲ့ ရုပ်အလောင်း ၁၃ လောင်း ရရှိထားကြောင်း ရနောင်းမြို့မှာရှိတဲ့ ထိုင်းရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“အလောင်းက ၁၃ လောင်းပါ။ ကျနော်တို့က ရှာဖွေ ဆယ်ယူရတဲ့တာဝန်ကိုပဲ ယူရပါတယ်။ အကြောင်းစုံကိုတော့ အခင်းဖြစ်တဲ့နေရာနားမှာရှိတဲ့ ပတ်ခနန်းရဲစခန်းကိုမေးပါ”- ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားတာပါ။ ပတ်ခနန်းရဲစခန်းကို မေးမြန်းရာမှာတော့ -

“သေဆုံးသူတွေအားလုံးဟာ မြန်မာတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံဘက်က ထိုင်းဘက်ကို ကူးလာတာလား၊ ထိုင်းဘက်ကနေ မြန်မာဘက်ကို ပြန်ပြီးတော့ ကူးတာလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒီလိုပဲ အမြဲသွားနေကြတာပါ။ အခုအချိန်မှာ ရာသီဥတုက တော်တော်ဆိုးနေပြီး လှိုင်းကြီးနေပါတယ်။ မတော်တဆ လှေတိမ်းမှောက်ခဲ့ပုံရပါတယ်” - ဆိုပြီး သူက ပြောသွားတာပါ။

အခုအခါ အလောင်းတွေကို ထိုင်းဘက်ခြမ်းမှာ ထားရှိပြီးတော့ မနက်ဖြန်အင်္ဂါနေ့မှာ သဂြိုဟ်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ကော့သောင်းဒေသခံက ပြောပါတယ်။ ခရီးသည်တချို့သာမက လှေသမားတွေပါ ပျောက်ဆုံးနေတဲ့အကြောင်း လှေသမားတွေက ပြောပါတယ်။

“အားလုံးက သွားတာ လူ ၃၀ ပါ။ လှေသမား ၁ ယောက်နဲ့ဆို ၃၁ ယောက်၊ အခု လှေသမားပါ ပျောက်နေတယ်။ နောက်ဆုံးအခြေအနေကတော့ မနက်ဖြန်ကို မြေမြှုပ်မယ်။ ဆိုင်းတင်းသချုႋင်းမှာ မြေမြှုပ်ဖို့။ အားလုံး ၁၃ လုံးခင်ဗျ။ ကျား ၁၂ လောင်း၊ မ ၁ လောင်း။ မသာရှင်ပေါ်လို့ရှိရင် သူတို့ DNA ပြန်စစ်လို့ရတာပေါ့လေ။ အဲဒီအတွက်ကြောင့် မီးမသင်္ဂြိုဟ်ဘဲနဲ့ မြေမြှုပ်ဖို့ အစီအစဉ်လုပ်တာခင်ဗျ။”

ထိုင်းနိုင်ငံဘက်ခြမ်းကို မြန်မာနိုင်ငံသားတွေ သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့အရေအတွက်ဟာ သိန်းနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီအထဲမှာ တချို့က တရားဝင်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေကြသလို အမြောက်အများကတော့ နယ်စပ်ကနေ တရားမဝင် ခိုးကူးပြီးတော့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ အခုသေဆုံးသူတွေဟာ နယ်စပ်ကနေ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ တရားမဝင်သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းကြသူတွေဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
XS
SM
MD
LG