သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန်


အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki
မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ ဗုံးတွေ ဆက်တိုက် တွေ့ရှိ ပေါက်ကွဲနေတာကြောင့် အမေရိကန် နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေး နှိုးဆော်ထားပါတယ်။

အခုလိုမျိုး ခရီးသွားသတိရှိကြဖို့ နှိုးဆော်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က အခုလို ပြောကြားခဲ့ပါတယ်။

“အိမ်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲခဲ့မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက္ခဏာ အခုအချိန်မှာ မတွေ့ရသေးပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတဝှမ်း ခရီးသွားနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သတိရှိရှိနဲ့ သွားလာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက တိုက်တွန်းတယ်” လို့ သူက ပြောသွားတာဖြစ်ပါတယ်။

အများပြည်သူ အသွားအလာများတဲ့ ဈေး၊ ပန်းခြံ၊ ဘတ်စ်ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အထူး သတိရှိကြဖို့လည်း သတိပေးချက်မှာ နှိုးဆော်ထားပါတယ်။

နိုင်ငံခြားခရီးသည်တွေ အတည်းများတဲ့ ရန်ကုန်မြို့က Traders ဟိုတယ်မှာ တနင်္လာနေ့ ညပိုင်းက ဗုံးကွဲတာမှာ အမေရိကန် အမျိုးသမီးတယောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိပြီးတဲ့နောက် အင်္ဂါနေ့မှာပဲ အခုလို သတိရှိကြဖို့အတွက် အမေရိကန်သံရုံးက ဆော်သြလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အလည်သွားတဲ့ အမေရိကန်အမျိုးသမီး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ခရီးသွားသတိပေးချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်မှုရှိပြီး၊ နောက်ထပ် တိုက်ခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ရတဲ့ သတင်း အချက်အလက်မျိုးတွေ သူတို့မှာ ရမထားဘူးလို့ ဒေသခံ အာဏာပိုင်တွေဘက်က ပြောတဲ့အကြောင်းလည်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးရဲ့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အခုရက်ပိုင်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပေါက်ကွဲမှုကြောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။ အခုလို ဗုံးကွဲမှုတွေနဲ့ ဆက်စပ်လို့ မသင်္ကာသူ ၃ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပေမဲ့ အသေးစိတ် ထုတ်ဖော်ပြောခြင်းတော့ မရှိသေးပါဘူး။
XS
SM
MD
LG