သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာ တိုင်းရင်းသားဆွေးနွေးပွဲ သမ္မတ ဦးသိန်းစိန် သဝဏ်လွှာပို့


လိုင်ဇာမြို့ တိုင်းရင်းသားညီလာခံ ပထမနေ့ အောက်တိုဘာလ ၃၀၊ ၂၀၁၃
လိုင်ဇာမြို့ တိုင်းရင်းသားညီလာခံ ပထမနေ့ အောက်တိုဘာလ ၃၀၊ ၂၀၁၃
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံညီလာခံ ပထမနေ့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရေးဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းမှန်ကို ရောက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဝေးတိုင်ပင်ကြတဲ့ ဒီညီလာခံကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ လိုင်ဇာမြို့မှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံရဲ့ ညီလာခံဟာ မြန်မာ့သမိုင်းမှာ ထူးခြားတဲ့ တွေ့ဆုံဆွေးနွေးမှုတခု ဖြစ်ပါတယ်။ ဒီညီလာခံအတွင်း အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေတင်သာမကဘဲ တိုင်းရင်းသားအဖွဲ့အစည်းတွေ မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လို ပုံဖော်ကြမလဲဆိုတာကိုလည်း ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အခု ကျင်းပနေတဲ့ ညီလာခံကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့ရဲ့ အတိုင်ပင်ခံ ဦးခွန်ဆိုင်းက ပြောပါတယ်။

“ဟုတ်ကဲ့ ဒီနေ့ သမ္မတကြီးသိန်းစိန်လည်း သဝဏ်လွှာပေးပို့လာပါတယ်။ ဒီသဝဏ်လွှာအရဆိုရင် သမ္မတကြီးကလည်း ဒီဆွေးနွေးပွဲရလဒ်ဟာ ပထမဆုံးကတော့ အပစ်အခတ်ရပ်စဲရေးဖြစ်လာမယ်။ အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာမယ်။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးရလာလိမ့်မယ်လို့ သူ မျှော်လင့်တယ်။ ကျနော်တို့ ဒီနေ့ သဘာပတိတို့ အရံ သဘာပတိတို့ ပြောသွားတာကို ကျနော်တို့ ကြည့်မယ်ဆိုရင် အဲ့ဒီတိုင်းပါပဲ အဲ့ဒီတော့ ဒီတခေါက်တော့ It’s Now Or Never ဆိုတဲ့ အခြေအနေဖြစ်တယ်။ ကျနော်တို့အားလုံး မျှော်လင့်တဲ့ ရလဒ်ကို ရလိမ့်မယ်လို့ မျှော်လင့်တာပေါ့ဗျာ။”

မေး။ ။ ပထမဦးဆုံး အရေးကြီးဆုံး ဆွေးနွေးပွဲဖြစ်တဲ့အတွက် ဒီ ဆွေးနွေးပွဲမှာ ဘာတွေကို ထည့်သွင်းဆွေးနွေးကြမလဲ။ ဘာတွေ ဆက်လုပ်ဖို့ လိုမလဲ။
ဖြေ။ ။ “မူက ၂ ရပ်ရှိတယ်။ ၁ ရပ်ကတော့ ဘာလဲဆိုတော့ အစိုးရကနေပြီးတော့မှ တင်ပြလာတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူ ဒီဥစ္စာကို ဆွေးနွေးရမှာဖြစ်တယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ UNFC ကနေပြီးတော့မှ သူကလည်း ဒီတနိုင်ငံလုံး သဘောတူညီချက်ကို ရဖို့ဆိုတာ ဒီအချက်တွေ ပါရမယ်ဆိုတာ ပိုပြီးတော့မှ တင်ပြချက်ရှိတယ်။ ဒီ ၂ ချက်ဟာ ကျနော်တို့ တော်တော်ကြီးကို ဆွေးနွေးရမယ့်ကိစ္စပါ။”

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဦးဇောင်းခရားကတော့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တဲ့အကြောင်း ညီလာခံ သဘာပတိ အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

“တော်လှန်ရေးအဖွဲ့ အသီးသီးမှ အတွေ့အကြုံပေါင်းများစွာ ရရှိပြီး ဖြစ်သည်သာမက သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကိုလည်း အစဉ်မပြတ် ထိတွေ့လက်ခံရရှိနေကြသည်ဖြစ်သောကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ပါတယ်။ သို့ဖြစ်၍ Conference တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းအပ်ပါတယ်။”

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌ မူတူးစေးဖိုးကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှ ရနိုင်မယ်ဆိုတာ သဘာပတိအဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ဒီကျနော်တို့ ပြဿနာဟာ နိုင်ငံရေးနည်းနဲ့သာလျှင် အဖြေပေါ်မယ်လို့ ကျနော်တို့ ဒီအတိုင်းပဲ ကျနော်တို့ ခံယူထားတဲ့အတွက် ကျနော်တို့က ဆက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို တဆင့်ပြီးတဆင့် သွားနေတာဖြစ်ပါတယ်။ ဒီ Conference ထဲမှာ ကျနော်တို့ ချဉ်းကပ်မှု Position အရ မတူတဲ့အပေါ်မှာ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းရင်းသားတရပ်လုံး ဒီနေ့ လိုလားနေတဲ့ ကျနော်တို့ လိုလားချက်တွေကို ရရှိနိုင်ဖို့ ကျနော်တို့ ညီညွတ်ရေးဟာ အရေးကြီးပါတယ်။”

PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဥက္ကဌ တာအိုက်ဖုန်းကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ စစ်တပ်ပါဝင်လာဖို့ လိုတယ်ဆိုတာကို ညီလာခံ မစခင်မှာပဲ ပြောကြားခဲ့ပါတယ်။

“တဘက်မှာ အစိုးရတွေပြောတာနဲ့ ဒီဘက်မှာ စစ်တပ်တွေက အခု လက်တွေ့ဖြစ်နေတာနဲ့ နည်းနည်းတော့ ကွဲလွဲမှုတော့ ရှိတာပေါ့။ ဒါကို ဒီလိုမျိုး ဒီနှစ်ဖွဲ့က ထပ်တူ သဘောထားမရှိဘူးဆိုတာ ကျနော် ပြောလို့ရတယ်ပေါ့။ ကျနော် အဲ့လိုမျိုး သုံးသပ်လို့ ရတယ်ပေါ့။ ကျနော်တို့ ဖြစ်စေချင်တာကတော့ အစိုးရအနေနဲ့ပဲ ဒီလိုမျိုး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒီလိုပဲ အကောင်အထည်ဖော်တာမှာ ဒီစစ်တပ်တွေ ပါဝင်ဖို့ကိုပဲ ကျနော်တို့က အဲ့လို တောင်းဆိုတယ်။ အဲ့လို ပါဝင်ဖို့ကိုလည်း ကျနော်တို့က လိုလားတယ်ပေါ့။”

ဒီညီလာခံကို အောက်တိုဘာလ ၃၀၊ ၃၁ နဲ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ညီလာခံ တရက်ချင်းစီရဲ့ ဆုံးဖြတ်ချက် ရလဒ်တွေကို တရက်ချင်းစီ ထုတ်ပြန်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG