သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ပြည်သူ့ သဘောထား NLD ကောက်ခံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့သဘောထားရယူပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့သဘောထားရယူပွဲ
မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့တွေခွဲပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ပြန်ရေးဆွဲမလား ဆိုတဲ့ ပြည်သူ့သဘောထားတွေ လိုက်လံရယူရာမှာတော့ ပြည်သူ ၉၀%က ပြင်ဆင်မယ်ဆိုပြီး သဘောထားပေးခဲ့ကြပြီး ၁၀% ကတော့ အသစ်ပြန်ဆင်ဖို့ သဘောထားပေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထား ရယူပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပနေကြတဲ့ အကြောင်း အသေးစိတ်ကို မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတဝှမ်း အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေနဲ့တွေ့ဆုံပြီး လိုက်လံကောက်ယူခဲ့တဲ့ ပြည်သူ့သဘောထားစစ်တမ်းတွေအရဆိုရင် မြန်မာပြည်သူအများစုက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ဆင်မယ်လို့ သဘောထားပေးခဲ့ကြတဲ့အကြောင်း ပြီးခဲ့တဲ့ ရက် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြောဆိုလိုက်တာပါ။ ဒီပွဲကို ပြည်သူ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ပြည်သူ့သဘောထားရယူပွဲတွေကို ဆက်တိုက်ဆိုသလို ကျင်းပနေတာဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင်ဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားက သားသမီးဖြစ်နေရင်ဖြစ်စေ ဒီရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ သမ္မတဖြစ်စေ၊ ဒုသမ္မတဖြစ်စေ အရွေးချယ်ခံခွင့်မရှိဘူးလို့ ဆိုတဲ့အချက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့်မရှိပဲဖြစ်နေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ဥက္ကဌ ဦးဘမျိုးသိမ်းက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုဆန္ဒ သဘောထားဘယ်လိုရှိပါသလဲဆိုတာ အခုလိုပြောပြပါတယ်။

“ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ မြို့နယ်တော်တော်များများမှာတော့ ဆန္ဒသဘောထားယူတာတွေ လုပ်ပြီးသွားပြီ။ တော်တော်များများမှာတော့ ၉၀% ကျော်ကျော်လောက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ထောက်ခံမှုပေး ထားတယ်။ ၁၀%လောက်ကတော့ အသစ်ရေးဆွဲဖို့ ဆန္ဒသဘောထားပေးကြတယ်။”

အခုလို ကျင်းပနေတဲ့ ပြည်သူ့သဘောထားရယူပွဲတွေမှာ တက်ရောက်လာတဲ့ သူတွေက သမ္မတအဖြစ်ရွေးချယ်ဖို့အတွက် အရည်အချင်းတွေ၊ သတ်မှတ်ချက်တွေ ကန့်သတ်ထားတာအပြင် တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ပတ်သက်ပြီးလည်း ဒီပြည်သူ့သဘောထား ရယူပွဲတွေမှာ တက်ရောက်လာသူတွေက အရေးတကြီး အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။

နောက်ထပ်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူ့သဘောထားခံယူပွဲ ၁၀ပွဲထက် မနည်း ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီ့ပြည်သူ့သဘောထားခံယူပွဲတွေကနေ ရလာမယ့် ပြည်သူ့သဘောထားတွေကို လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ၊ သုံးသပ်ရေး ကော်မတီကို တင်ပြမှာဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အချေအတင်အငြင်းပွားစရာတွေဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြန်ပြီးတော့ သုံးသပ်ဖို့အတွက် အာဏာရအင်အားကြီးပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီတွေက အမတ်တွေနဲ့ တပ်မတော်အမတ်တွေပါ ပါဝင်တဲ့ အဖွဲ့ဝင် (၁၀၉)ဦး ပါဝင်တဲ့ ကော်မတီကို ဇူလိုင်လ (၂၅) ရက်နေ့ ၂၀၁၃က လွှတ်တော်တွင်းမှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကောက်ခံ ရရှိလာခဲ့တဲ့ ပြည်သူ့ သဘောထားတွေ အပြင် နိုင်ငံရေး ပါတီအသီးသီးက ပေးလာမယ့် အကြံပြုချက်တွေအပေါ်မူတည်ပြီး ဒီသဘောထားတွေကို ကော်မတီဝင် ၁၀၉ဦး ပြန်လည်ဆွေးနွေးပြီးတဲ့နောက် မဲဆန္ဒအပေါ် မူတည်ပြီး အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။
XS
SM
MD
LG