သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US အရေးယူမှုစာရင်း မွမ်းမံဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂။
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂။
မြန်မာနိုင်ငံပေါ် ပိတ်ဆို့ဒဏ်ခတ်ရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှုစာရင်းထဲမှာ လူ့အခွင့်ရေး ဆက်လက် ချိုးဖေါက် နေသူတွေကို ဒီစာရင်းထဲ ထည့်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတအိုဘားမား အစိုးရထံ စုပေါင်း တောင်းဆို လိုက်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတဲ့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖေါက်သူတွေကိုသာ သီးသန့် ပစ်မှတ်ထားတဲ့ SDN နာမည်ပျက်စာရင်းထဲ ဆက်လက်ဖြည့်စွက်ဖို့ ကျန်နေသူတွေ ရှိတဲ့အတွက် သမ္မတအိုဘားမားကို အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး(၃၇)ဖွဲ့က စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။

သူတို့တွေ အခုလို တောင်းဆိုနေရတာဟာ နာမည်ပျက်စာရင်းထဲက ခရိုနီတချို့ကို အကြောင်းပြချက်မပေးပဲ အမေရိကန်က ပယ်ဖျက်ပေး တာမျိုး ရှိတာကြောင့် ဖြစ်တယ်လို ဝါရှင်တန်အခြေစိုက် USCB အဖွဲ့ရဲ့ တာဝန်ခံ (ဂျက်နီဖာ ကွီလေး)က VOAကို ပြောပါတယ်။

"အိုဘားမား အစိုးရက ဘာ အကြောင်းပြချက်တော့ မပေးပဲ မြန်မာ့ စီးပွါးရေး လုပ်ငန်းရှင်တချို့ရဲ့ အမည်ကို နာမည်ပျက်စာရင်းက ပယ်ဖျက် ပေးခဲ့ပါတယ်။ ဒီကိစ္စအတွက် ကျမတို့အထူးပဲ စိုးရိမ်မိပါတယ်။ ဒီလူတွေကို နာမည်ပျက်စာရင်းက ပယ်ဖျက်လို့ ရနိုင်ပေမယ့် ၊ ပယ်ဖျက် မသင့်-သေးသူတွေ ဖြစ်နေလို့ပါ ။"

အမေရိကန်အစိုးရက မြန်မာပြည်ပေါ်ချမှတ်ထားတဲ့ SANCTION ခေါ် ပစ်ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပေမယ့်
မြန်မာ စစ်အစိုးရလက်ထက် စစ်ခေါင်းဆောင်တွေနဲ့နီးစပ်တဲ့ မြန်မာပြည်က ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေကို သီးသန့် ပစ်မှတ်ထားတဲ့ နာမည်ပျက်စာရင်းကို အမေရိကန်အစိုးရက ဆက်လက်ထားရှိဆဲ ဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကြောင့် နာမည်ပျက် စာရင်းထဲ ပါနေသူတချို့ကို စာရင်းက ပယ်ဖျက်ပေးတာမျိုး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန OFAC ရုံးက လုပ်လာခဲ့ပါတယ်။

အခုဆိုရင် အမေရိကန်က ၂၀၁၂ခုနှစ်ထဲမှာ SDN နာမည်ပျက်စာရင်းထဲ ထည့်ထားတဲ့ သူဌေးဦးတေဇရဲ့ Asia Green Development Bank နဲ့ အခြားကုမ္ပဏီ(၂)ခုကို ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာ အမေရိကန် အစိုးရက နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါဟာ မဖြစ်သင့်ဘူးလို့ (ဂျက်နီဖာ ကွီလေး)ပြောပါတယ် ။

"ဦးတေဇတို့ ဦးဇော်ဇော်တို့ စတဲ့ ခရိုနီတွေဆိုရင် စစ်တပ်ကို ငွေကြေးအရ ထောက်ပံ့နေဆဲပါ။ ဒီလိုလူမျုးိတွေကို အရေးယူဖို့ အမေရိကန်ဘဏ္ဍာရေးဌာနက သတ်မှတ်ချက်နဲ့ ကိုက်ညီပါတယ်။ ဒီ ခရိုနီတွေ စစ်တပ်ကို ငွေကြေးထောက်ပံ့ဖို့မှ မသင့်တာလေ ။ သူတို့က ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ စာရင်းထဲ ပါခဲ့ သူတွေပါ ။"

မြန်မာစစ်တပ်အနေနဲ့ မြောက်ကိုရီးယားနဲ့ လျှိူ့ဝှက်ဆက်သွယ်လို့ဆိုပြီး ဒီနှစ်ထဲမှာပဲ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရရဲ့ နာမည်ပျက် စာရင်းထဲ ထည့်ခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးနေရတဲ့ ကချင်ဒေသက KIO နဲ့ စစ်ပွဲတွေမှာ တာဝန်ရှိတဲ့ မြန်မာ့တပ်မတော်က ဒေသတာဝန်ခံ ဗိုလ်မှူးချုပ် (ထွန်းထွန်းနောင်)ကိုလည်း အမေရိကန် အစိုးရရဲ့ နာမည်ပျက်စာရင်းထဲထည့်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်း တောင်းဆိုနေကြပါတယ်။

ကချင်ဒေသမှာ မြန်မာ့တပ်မတော်က အရပ်သားတွေကို တိုက်ခိုက်တာတွေ၊ လူ့အခွင့်အရေး အချိုးဖေါက်ခံ နေရတာတွေကို ကြည့်ရင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေအရ မကိုက်ညီလို့ ဒီလို တောင်းဆိုရတာ ဖြစ်ကြောင်း (၃၇)ဖွဲ့ရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။
XS
SM
MD
LG