သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးအကြီးတန်းအကြံပေး မြန်မာပြည်သွားမည်


Judith Beth Cefkin
Judith Beth Cefkin
အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Judith Cefkin ဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေဆီ ခရီးထွက်ခွာမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ တခြားဖြစ်ထွန်းတိုးတက်မှုတွေကို အစိုးရအဖွဲ့အကြီးတန်း တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာက မိတ်ဘက်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အထူးသဖြင့် အမေရိကန် မူဝါဒတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက် ဖြစ်ထွန်းစေမယ့် ပြည်တွင်း ကြိုးပမ်းအားထုတ်မှုတွေအပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ပံ့မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အကြီးတန်း အကြံပေးပုဂ္ဂိုလ် မစ္စ ဂျူးဒစ်သ် ဆက်ဖ်ကင်န်ဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လန်ဒန်မြို့၊ ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဒါကာမြို့တော်နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံတွင်း တခြားမြို့တွေဆီ သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့က ဒူချီးရားတန်းကျေးရွာမှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မကင်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ အမေရိကန်အရာရှိရဲ့ ခရီးစဉ် ထွက်ပေါ်လာခဲ့တာပါ။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင်းက သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းပြည်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြကြပါတယ်။
XS
SM
MD
LG