သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မြေယာ စီမံခန့်ခွဲရေး အကြံပြုသုံးသပ်ချက်


မြန်မာမြေယာ စီမံခန့်ခွဲရေး သုတေသီ ဦးအောင်ကျော်သိန်း
မြန်မာမြေယာ စီမံခန့်ခွဲရေး သုတေသီ ဦးအောင်ကျော်သိန်း
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ မြေယာပြဿနာတွေကို ဖြေရှင်းနိုင်ရေးမှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ သစ်တောဌာန၊ မွေးမြူးရေးနဲ့ ရေလုပ်ငန်းအပြင် စီမံကိန်းရေးရာဌာနစတဲ့ ဌာနပေါင်းစုံပူးပေါင်းပြီး ခြုံငုံသုံးသပ်ပြင်ဆင်မှုတွေ လုပ်သွားနိုင်မှဖြစ်မယ်လို့ မြန်မာမြေယာစီမံခန့်ခွဲရေး အကြံပြုချက်စာတမ်းတစောင်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က ကမ္ဘာ့ဘဏ်ဆွေးနွေးပွဲတခုမှာ တင်ပြခဲ့တဲ့ ဦးအောင်ကျော်သိန်းက ပြောပါတယ်။ ဦးအောင်ကျော်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍအဖြစ် တင်ပြထားပါတယ်။

ဦးအောင်ကျော်သိန်း ။ ။ အဓိကတော့ ကမ္ဘာမှာလည်း သုံးစွဲနေတဲ့ စကားလုံးတလုံး အဲဒါက Land grabbing မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်တဲ့ကဏ္ဍတခု။ နောက်တခုက အဲဒီသိမ်းဆည်းမှုတွေအပါအဝင် မြေယာတွေကို ဖြေရှင်းတဲ့အခါမှာသုံးတဲ့ကဏ္ဍတခုအနေနဲ့ Land Reform မြေယာပြုပြင်ပြောင်းလဲရေးကဏ္ဍတခုအနေနဲ့ အဲဒီနှစ်ခုကို ကျနော်တို့ ယှဉ်တွဲပြီးတော့ ကြည့်တဲ့ paper တခု ဖြစ်ပါတယ်။ အဲဒီအထဲမှာ အခုန အကိုပြောသလို မြေယာနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံမှာရှိရှိနေတဲ့၊ ကြုံတွေ့နေတဲ့ အခက်အခဲတွေအားလုံးကိုလည်း အသေးစိတ် ကျနော် လေ့လာပြီး တင်ပြထားတဲ့ paper တခု ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့လည်း သတိထားမိတာတခု ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ လယ်ယာမြေတွေ အသိမ်းအဆည်းခံထားရတာနဲ့ ပတ်သက်ပြီးတော့ အခုအချိန်မှာ ပြန်လည်းတောင်ဆိုလာတာတွေ၊ ဆန္ဒပြတာတွေ တော်တော်များများ ထွက်ပေါ်လာတာ တွေ့ရတယ်။ ဒီကိစ္စက တော်တော်လေး ကြီးကျယ်တဲ့ကဏ္ဍတခုအနေနဲ့လည်း လူတွေအားလုံးက အာရုံစိုက်နေတဲ့ အနေအထားတခုရှိတယ်။ ဒါအပြင် တဖတ်မှာလည်း အစိုးရက လယ်ယာမြေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဥပဒေသစ်တွေ ထုတ်တာတွေရှိတယ်။ ဒါက နှစ်ပိုင်းပေါ့။ အဲဒီတော့ တပိုင်းမှာ ပထမပိုင်းက ကျနော်တို့ အရင်ပြောကြည့်ရအောင်။ ပထမတပိုင်းက ဘာလဲဆိုတော့ လယ်ယာမြေအသိမ်းအဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အခုရက်ပိုင်း၊ နှစ်ပိုင်းတွေမှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေကို ဖြေရှင်းပေးမှုတွေ အဲဒါတွေက လွှတ်တော်မှာ ကော်မတီတွေဖွဲ့တယ်။ စုံစမ်းရေးကော်မရှင်တွေဖွဲ့တယ်။ လုပ်နေကြတာရှိတယ်။ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။

ဦးအောင်ကျော်သိန်း ။ ။ ဒီပြဿနာက ပြောရမယ်ဆိုလို့ရှိရင် မြေယာသိမ်းဆည်းမှုကဏ္ဍက အခုမှဖြစ်တာ မဟုတ်ပါဘူး။ ဟိုအရင်ကတည်းက အထူးသဖြင့် ကိုလိုနီစနစ်နောက်ပိုင်းမှာကတည်းက ဒီမြေယာပြဿနာတွေက ဗမာပြည်မှာ ရှိခဲ့တာပါ။ ပြောရမယ်ဆိုရင် ဗြိတိသျှ ထွက်သွားပြီးနောက်ပိုင်းမှာလည်း တခြားနိုင်ငံတွေမှာ ကိုလိုနီနိုင်ငံတွေမှာဖြစ်တဲ့ ပြဿနာလိုပေါ့။ မြေယာနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးယန္တရားတွေက စနစ်တကျမရှိတဲ့အခါကြတော့ အဲဒီပြဿနာတွေပေါ်မှာ ရင်ဆိုင်ရတဲ့ အနေအထားတွေ ကျနော်တို့ ဆက်တိုက်ဆက်တိုက် ဖြစ်လာခဲ့တာပေါ့။ အခုကတော့ တိုင်းပြည်ကလည်း နိုင်ငံရေးပွင့်လင်းမှုတွေ ဖြစ်လာတယ်။ နောက်ပြီး လုပ်ပိုင်ခွင့်တွေလည်း နည်းနည်းပါးပါး ရလာတဲ့အခါကြတော့ ဆန္ဒပြမှုတွေဘာတွေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို အခုနပြောသလို တရားစွဲတာတွေ။ ဒီဟာနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေ၊ ဒီဟာနဲ့ ပတ်သက်ပြီး အကြောင်းတင်တာတွေ ပိုပြီးတော့ အားကောင်းလာတာပေါ့။ အားကောင်းလာတဲ့အခါကြတော့မှ မီဒီယာတွေကလည်း အရမ်းကို အားကောင်းလာတော့ ဒီဟာတွေ မြင်သာထင်သာ ဖြစ်လာတာပေါ့။ ပြောရမယ်ဆိုလို့ရှိရင် ကိုလိုနီစနစ်ခေတ်ကတည်းက အကိုတို့လည်းသိမယ် ကျနော်တို့ မြေယာနဲ့ ပတ်သက်တဲ့ကဏ္ဍမျိုးစုံရှိတယ်။ ဥပမာ လယ်မြေ၊ ခြံမြေ စသည်အားဖြင့် ဂရမ်မြေတွေ။ ဒီပြဿနာတွေအားလုံးရဲ့ အဆက်အစပ်ပေါ်မှာ ကျနော်တို့က တောင်သူလယ်သမားတွေက အဆင့်ဆင့် ဓါးမဦးချလို့ ခေါ်တာပေါ့။ အရင်ကတည်းက customary အရ အလေ့အထအရ လုပ်လာတဲ့အခြေအနေတွေနဲ့ ဥပဒေအရ လက်တွေ့ကျင့်သုံးရင်ဆိုင်တဲ့အခါမှာ ကြုံရတဲ့အခက်အခဲတွေနဲ့ လယ်ယာမြေတွေက စဉ်ဆက်မပြတ် ပြဿနာတွေတက်ခဲ့တယ်။ ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ၁၉၉၀ နောက်ပိုင်းမှာလည်း မြေယာသိမ်းမှုတွေက တော်တော်များများ အားအကြီးကြီးတက်လာခဲ့တယ်။ စစ်တပ်မြေယာသိမ်းမှုတွေ အခုလို သတင်းတွေအများကြီးထဲပါနေတဲ့ဟာတွေ။ နောက်ပြီးတော့ တဦးချင်း စီးပွားရေးသမားတွေ၊ တခြားပုံစံမျိုးစုံနဲ့ ဒီမြေယာပြဿနာတွေက ကျနော်တို့နိုင်ငံမှာ စဉ်ဆက်မပြတ် ဖြစ်ခဲ့တာပါ။ ဒီဟာတွေကို ကျနော်တို့ စနစ်တကျ ဖြေရှင်းထားနိုင်မှု မရှိတော့ အခုလည်း လောလောဆယ်ဖြစ်တဲ့ပြဿနာတွေက ပိုပြီးတော့ အားကောင်းလာတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ တချိန်က စစ်တပ်ကိစ္စတွေ။ စစ်တပ်အနေနဲ့ ကိုယ့်တပ်ကို ကိုယ်ဘာသာ နီးစပ်ရာမှာ လယ်ယာမြေစိုက်ပြီးတော့ စားရတယ်ဆိုတဲ့ ကိုယ့်တပ်ကို ကိုယ်ထောက်ပံ့ဖို့ လုပ်ရတယ်ဆိုတဲ့ဟာမျိုးတွေ။ နီးစပ်ရာမှာ သိမ်းတာမျိုးတွေရှိတယ်။ အလားတူပဲ တိုင်းပြည်ရဲ့ စီးပွားရေးကို ဖွံ့ဖြိုးဖို့ဆိုပြီးတော့ ဖွင့်ပေးလိုက်တဲ့အခါကြတော့ လုပ်ငန်းကြီးတွေ ဝင်လာတယ်။ ရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာတော့ အဲဒီလို စီးပွားရေးစီမံကိန်းတွေ ဆိုပြီးတော့ နိုင်ငံတော်က သိမ်းတာတွေ ရှိလာခဲ့တယ်။ ဒါမှမဟုတ်လို့ဆိုရင်လည်း နိုင်ငံတော်ကနေတဆင့် လုပ်ပိုင်းခွင့်ရှိတဲ့ တခြားလူတွေကို ချပေးပြီးတော့ သိမ်းလိုက်တာတွေရှိတယ်။ ဆိုတော့ အဲဒီ့ သိမ်းလိုက်တာတွေက ရပ်သွားပြီလား။ အခုက အဲဒီ သိမ်းလိုက်တာတွေ ရပ်သွားပြီးတော့ ပြန်လည်းစီစစ်ပြီးတော့ ပြန်ပေးနေတဲ့အဆင့်ကို ရောက်နေတဲ့သဘောလား။

ဦးအောင်ကျော်သိန်း ။ ။ အဲဒီမှာ ကျနော်တို့ကတော့ ပြောရမယ်ဆိုရင် နှစ်ပိုင်း ပြောရမယ်ပေါ့။ ပထမတခုကတော့ ပြဿနာတွေ ဖြစ်လာတဲ့အကြောင်း။ နောက်တခုက ပြဿနာတွေကို ဖြေရှင်းတဲ့ပုံစံ။ ပြဿနာတွေကို ဖြစ်စေတဲ့အကြောင်းရင်းထဲမှာ နှစ်ပိုင်းဖြစ်နေတာပေါ့။ တခုက ဥပဒေအရ - အနောက်နိုင်ငံစကားနဲ့ ပြောရမယ်ဆိုရင် institution ကျနော်ကတော့ အလွယ်တကူနဲ့ ထုံး အလေ့အထ၊ ကျင့်ထုံးတွေအရ၊ ဥပဒေအရ ဖြစ်လာတဲ့ အနေအထားတွေပေါ့။ အဲဒီ ဥပဒေတွေကနေ အကာအကွယ် မရှိတဲ့အခါကြတော့ လယ်သမားတွေရဲ့ ဆုံးရှုံးမှုတွေကလည်း ပိုပြီးတော့ အားကြီးစေတာပေါ့။ ဒုတိယတဖတ်ကတော့ အလေ့အထ။ ဒေသအတွင်းမှာ ရေရှည် မြေယာနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုတွေ အကြာကြီး စနစ်တကျ မလုပ်လာတဲ့ပြဿနာတွေက အောက်ခြေမှာ အလေ့အထတခုလို ဖြစ်သွားတာပေါ့။ အဲဒီ့ အလေ့အထတခုကနေ exploitation ပြောရမယ်ဆိုရင် တဦးပိုင်သော်လည်းကောင်း၊ ကုမ္မဏီကသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း ဘယ် institution ပဲဖြစ်ဖြစ် ဒီဟာကို လုပ်နိုင်တဲ့အားတွေ ဖြစ်စေတာပေါ့။ ဒါကတော့ ဥပဒေအပိုင်းပေါ့။ ပြီးတော့ အလေ့အထအပိုင်းပေါ့။ အဲဒါတွေကို ဖြေရှင်းတဲ့အခါမှာ အခုနပြောသလို ဖြစ်တဲ့နေရာတကွက်တည်းကို ဖြစ်နေတဲ့ အခြေအနေတခုတည်းကို ရင်ဆိုင်ပြီးတော့ ဖြေရှင်းလို့ မရဘူးပေါ့။ ဒီဟာတွေ ဘာကြောင့် ဖြစ်စေတာလဲ။ ဒီဟာတွေကို ဖြစ်စေတဲ့အကြောင်းအရာတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်တို့က စနစ်တကျ သေသေချာချာ နားလည်းအောင် လုပ်ပြီးတော့မှ issues တွေကို ကဏ္ဍတခုချင်းစီအလိုက် ပေါ်လွှင်အောင် လေ့လာပြီးတော့ အခု အနောက်နိုင်ငံတွေမှာလည်း၊ ကမ္ဘာတခုလုံးမှာလည်း ကျင့်သုံးလာတဲ့ပုံစံ။ Land governance မြေယာအုပ်ချုပ်မှု စီမံမှုစနစ်တခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ပြီးတော့ အဲဒီအထဲကမှ မြေယာအုပ်ချုပ်မှု စီမံခန့်ခွဲမှုတွေကို စနစ်တကျ၊ ဥပဒေအရ၊ institution အရ အားကောင်းအောင် ဆောင်ရွက်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတဦးသိန်းစိန် လက်ထက်မှာ အခု ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဆို လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေလို့ ခေါ်မလားမသိဘူး။ အဲဒီလို ဥပဒေတခု ပြဌာန်းပြီးတော့ လယ်သမားတွေ၊ လယ်လုပ်နေတဲ့ လယ်သမားတွေကို ပိုင်ဆိုင်နိုင်ဖို့ မှတ်ပုံတင်ခွင့် ပေးထားပါတယ်။ ပေးလိုက်ပြီဆိုတော့ ဒီပြဿနာဟာ အခုနောက်ပိုင်း ဖြစ်လာမယ့် လယ်သမားတွေအနေနဲ့ အဓိကတော့ ကိုယ်ပိုင်တဲ့မြေတွေကို ရောင်းချပိုင်ခွင့်ရှိသွားပြီ၊ ငှားရမ်းပိုင်ခွင့် ရှိသွားပြီပေါ့။ အဲဒါအပြင်ကို ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတခုအနေနဲ့ တိတိကျကျ ရှိသွားတော့ နောင်လာမယ့် အခြေအနေတွေကို ဖြစ်လာမယ့်ပြဿနာတွေကို ကာကွယ်တားဆီးလာနိုင်မယ့် အနေအထားမျိုး မရှိဘူးလား။

ဦးအောင်ကျော်သိန်း ။ ။ မြေယာတွေကို ပိုင်ဆိုင်နိုင်ခွင့် အခုနပြောတဲ့ registration ဒီဟာတွေနဲ့ ပတ်သက်ပြီး စနစ်တကျ မှတ်တမ်းတင်ခွင့် ရလာတာတော့ ကောင်းပါတယ်။ သို့သော် အကိုတို့လည်း သိတဲ့အတိုင်းပဲ ကျနော်တို့နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အခြေအနေကလည်း အရမ်းကိုအဆင့်မြင့်နေသေးတော့ တဖတ်ကပြောမယ်ဆိုရင် ဒီအခြေခံ တောင်သူလယ်သမားတွေရဲ့ ပြည်သူတွေရဲ့ registration ကို လက်လှမ်းမီနိုင်ဖို့က တော်တော်လေးကို အလှမ်းဝေးပါသေးတယ်။ ဥပမာအားဖြင့် ဒီမြေယာကို registration လုပ်ဖို့အတွက် ဘယ်ကိုသွားရမယ်။ ဘယ်ဌာနကို သွားရမယ်။ ပြီးတော့ အဲဒီ procedure တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေအနေနဲ့ သေသေချာချာ နားလည်းပိုင်ခွင့်ကလည်း ကျနော်တို့ အများကြီး လိုပါသေးတယ်။ တဖတ်က ပြောမယ်ဆိုရင် ဥပဒေတွေကို ဒီလို အတည်ပြုလိုက်တယ်။ ဒီ ဥပဒေတွေကို ပြဌာန်းလိုက်တယ်ဆိုတာ ပြည်သူတွေအနေနဲ့ တော်တော်များများ သိတဲ့အနေအထားတွေ။ ဥပမာ ကျနော် သုတေသန လုပ်ခဲ့တဲ့နေရာတွေမှာ တော်တော်များများ တချို့နေရာတွေမှာဆိုရင် မသိသလောက်ပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ သဘောက ကျေးလက်တောရွာဒေသမှာ လယ်ယာမြေမှာ အလုပ်လုပ်နေတဲ့ လယ်သမား (၁) ယောက်က ဒီဥပဒေပြဌာန်းလိုက်တာကို ကြားပြီးတော့ သူလုပ်နေတဲ့ လက်ရှိလုပ်နေတဲ့၊ ဘိုးစဉ်ဘောင်ဆက် လုပ်နေတဲ့ လယ်ယာမြေ (၁) ခုကို နီးစပ်ရာ စိုက်ပျိုးရေးရုံးမှာဖြစ်ဖြစ်၊ မြေတိုင်းရုံးမှာဖြစ်ဖြစ် သွားပြီးတော့ မှတ်ပုံတင်လိုက်ရင် မပြီးဘူးလား။ အဲဒီလိုလား။

ဦးအောင်ကျော်သိန်း ။ ။ အဲဒီလောက်အထိ မလွယ်ဘူးခင်များ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဆီမှာ အရင်တုန်းကရှိခဲ့တဲ့ customary laws ဆိုတာရှိတယ်။ မိရိုးဖလာပိုင်ဆိုင်ပိုင်ခွင့် ဥပမာ ဓါးမဦးချ ကိုယ့်မြေကို ကိုယ်ဟာကိုယ် ဒီဟာနဲ့ ပတ်သက်ပြီး လယ်ထွန်းတယ်ဆိုရင် ဒီဟာကို ပိုင်ဆိုင်နိုင်ခွင့်ရှိတယ်ဆိုတဲ့ အသိတွေကလည်း ပြည်သူတွေထဲမှာ ရှိနေသေးတယ်။ အဲဒီအသိတွေနဲ့ တချို့ကလည်း ဘာဖြစ်လို့ ဒါ ကျနော့်မြေ ဘာဖြစ်လို့ register လုပ်ရမလဲ။ ဥပမာ သာမန်ပြည်သူမပြောနဲ့ ကျနော်တို့တောင်မှ ဌာနတွေကို သွားဖို့ဆိုတာ ကျနော်တို့အနေနဲ့ တော်တော်လေးကို ခက်ခဲပါတယ်။ သွားတဲ့အခါမှာလည်း ဘယ်ကို သွားရမယ်။ ပြီးတော့ မြေယာ township level မြို့နယ်ဥပဒေအရာရှိတယောက်နဲ့ ပြောကြည့်တဲ့အခါကြတော့ သူတို့က ဘာပြောလဲဆိုတော့ ဟုတ်တယ် ကျနော်တို့ အခုမြေယာတွေကို register လုပ်မယ်ဆိုရင် ဒီရုံးကိုလာပြီးတော့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေနဲ့ တင်ပြမယ်။ တင်ပြပြီးတဲ့အခါကြတော့ အဲဒါကို register လုပ်တဲ့အခါမှာ တလအတွင်း notify ပြန်လုပ်မှာပေါ့။ ပြည်သူတွေကို ပြန်အကြောင်းကြားမယ်။

ဦးသန်းလွင်ထွန်း ။ ။ သတင်းစာထဲမှာ ကြော်ငြာထည့်ရမလား။

ဦးအောင်ကျော်သိန်း ။ ။ မဟုတ်ဘူးခင်များ။ တော်တော်တော့ ရယ်ရပါတယ်။ ဘယ်လိုလဲဆိုတော့ သူတို့က ရုံးကနေ ရုံးစာထုတ်မယ်။ ပြီးလို့ရှိရင် ကျေးရွာအိမ်တွေမှာ လိုက်ကပ်မယ်။ ဥပမာ ဥက္ကဋ္ဌအိမ်မှာဖြစ်ဖြစ် - ကန့်ကွက်မယ့်လူ ဘယ်သူရှိသလဲပေါ့။ အဲဒါကို ကြေညာမယ်။ အဲဒါကို ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင် တလအတွင်း register လုပ်လို့ရတယ်။ ဆိုတော့ အဲဒီမှာလည်း အခုနပြောသလို ကျေးရွာပြည်သူပြည်သား (၁) ယောက်အနေနဲ့ ဒီကိုလာရမယ့် ကုန်ကျစရိတ်။ နောက်ပြီးတော့ အဲဒီအပေါ်မှာ သွားရမယ့် လုပ်ငန်းစဉ် (၁) ခုလုံးကို နောက်ကနေ လိုက်ရမယ့်အခြေအနေတွေ။ ဒါတွေက ပြည်သူတွေအတွက် အင်မတန်ကိုမှ အခက်အခဲတွေ ရှိနေပါသေးတယ်။ အဲဒီမှာလည်း အစိုးရက ဒီဟာကို မူ (၁) ခုအနေနဲ့ပဲ ချလိုက်တာ။ ဒီဟာတွေကို လုပ်ပိုင်နိုင်ခွင့်။ အဲဒီမှာ လိုအပ်တဲ့ resources တွေ - အရင်းအမြစ်တွေ၊ ငွေကြေးပိုင်ဆိုင်ရာ အထောက်အကူတွေ။ အဖွဲ့အစည်းတွေကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ကူညီပေးနိုင်မယ့် အနေအထားတွေက အရမ်းအားနည်းတဲ့အခါကြတော့ ဒီဟာကို လက်တွေ့ အကောင်အထည်ဖော်လာဖို့အတွက် တော်တော်ခက်ပါသေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ လယ်သမားတွေအားဖြင့် ကြည့်ရမယ်ဆိုရင် လယ်ယာမြေ ပြန်တောင်းတဲ့ကိစ္စတွေမှာ ဆန္ဒပြတဲ့နေရာတွေမှာတော့ တော်တော်လေး တက်တက်ကြွကြွ ရှိနေတယ်ဆိုတော့ အဲဒီ တက်တက်ကြွကြွ ရှိနေတဲ့အဖွဲ့အစည်းတွေက ဒီဖက်မှာ အာရုံမစိုက်ကြဘူးလား။

ဦးအောင်ကျော်သိန်း ။ ။ ကျနော်တို့က ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာလည်း တချို့ကိစ္စတွေက ပေါ်ပင်ကိစ္စတွေ ဖြစ်နေတယ်။ ဥပမာ ဒီဟာနဲ့ ပတ်သက်ပြီး ဒီဟာဒီလို တောင်းလို့ရတယ်ဆိုရင် ဟိုဖက်ကလည်း ဒေသအဖွဲ့အစည်းတွေကလည်း ငါတို့လည်း ဒီလိုတောင်းကြမယ်။ တခြား agreements တွေကလည်း အများကြီးရှိနေတယ်။ ဒီဟာနဲ့ ပတ်သက်တဲ့ မြေယာပေါ်မှာ သောကတွေ။ အဲဒီ သောကတွေကို ဖော်ထုတ်တဲ့ လမ်းစဉ်အပေါ်မှာပဲ တချို့အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်တာတွေ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သလောက် လုပ်ပေးနိုင်တဲ့ အခြေအနေလောက်ပဲ ရှိနေသေးတယ်။ တကယ် အခုနပြောတဲ့ ရေရှည် long term solution အတွက်၊ ရေရှည်ပြဿနာ အဖြေရှာဖို့အတွက် အခုနပြောသလို registration process, land mapping, land use တွေမှာ တကယ်ကို ပြည်သူတွေက စနစ်တကျ ပါဝင်ပြီး ဒီပြဿနာအဖြေရှင်းမှုမှာ ပါဝင်နိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ အားတွေက ကျနော်တို့ဆီမှာ မရှိဘူး။ အဲဒီတော့ လူမှုအဖွဲ့အစည်းတွေကလည်း နှစ်စဉ်အများကြီး အခုမှ လုပ်ပိုင်ခွင့်လေးတွေနဲ့ နည်းနည်းလေး ရလာတဲ့အခါကြတော့ ဒီအဖွဲ့အစည်းတွေရဲ့ အားတွေကလည်း အများကြီး လိုပါသေးတယ်။ လူမှုအဖွဲ့အစည်းတွေ ဒီဟာတွေကို ုလုပ်လာနိုင်မှပဲ ဒီအပေါ်မှာ မြေယာဖြေရှင်းမှုတွေက ပိုမိုထိရောက်လာမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ မြေယာဖြေရှင်းမှုတွေက ဥပမာအားဖြင့် အိုးအိမ်နဲ့ မြေယာစီမံကိန်းဌာန - အဲဒီ ဌာနတခုတည်းနဲ့ပဲ ကိစ္စပြတ်အောင် လုပ်နိုင်တယ် မဟုတ်လား။

ဦးအောင်ကျော်သိန်း ။ ။ အကို အခု မေးတဲ့မေးခွန်းက မြန်မာနိုင်ငံအတွက် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအပြောင်းအလဲမှာ ဒါက အခုလက်ရှိ အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကူညီထောက်ပံ့နေတဲ့ ပုဂ္ဂိုလ်တိုင်းက သိသင့်သိထိုက်တဲ့အချက်တခုပေါ့။ အဲဒါ ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ စီမံခန့်ခွဲမှုတွေအားလုံးက ပြောမယ်ဆိုရင် ဝန်ကြီးဌာနတခုချင်းဆီက absolute control တိုက်ရိုက် control လုပ်ထားတဲ့ စနစ်တွေရှိတယ်။ ပြီးတဲ့အခါကြတော့ ဝန်ကြီးဌာနတွေက အများကြီးပဲ။ ဌာနတွေက အကွဲတွေက အများကြီးပဲ။ ဥပမာ မြေယာကိစ္စဆိုရင် - လယ်ယာမြေဆိုရင် လယ်ယာမြေကိုကိုင်တဲ့အပိုင်းမှာ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်းပါတယ်၊ မြေယာဦးစီးဌာနကလည်းပါတယ်။ နောက် မြေယာစီမံခန့်ခွဲမှုကို မြို့နယ်ဥက္ကဋ္ဌတွေ၊ ဘာတွေ (သစ်တောဝန်ကြီး) အကုန်လုံး ရှုပ်ထွေးနေတာ။ ပြီးတော့တခါ ပြောမယ်ဆိုရင် သစ်တောရေးရာကိစ္စဆိုရင်လည်း သစ်တောရေးရာဝန်ကြီးဌာနက သီးခြားဖြစ်နေပြန်တယ်။ ဥပဒေတွေကလည်း ဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက် ချတဲ့အခါကြတော့ ဥပဒေတွေက synchronize မဖြစ်ဘူး။ တသားတည်းမဖြစ်ဘူး။ ဥပဒေတွေက scatter ဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကြတော့ ပြဿနာဖြေရှင်းမှုကို ဥပဒေအရ ဖြေရှင်းနိုင်ဖို့အတွက် အားတွေက အများကြီး လိုပါသေးတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေက ပြန့်ပွားနေတဲ့ အခြေအနေတွေ အားလုံးကလည်း ကဏ္ဍတခုအနေနဲ့ ပြောမယ်ဆိုရင် အဖြေရှာနိုင်ဖို့အတွက် table တခုတည်းမှာ ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုမှ အားမကောင်းသေးဘူး။ ကျနော့်ရဲ့ လက်ရှိ paper ထဲမှာလည်း ကျနော် ဆန္ဒပြုထားတာတခုက integrated resource governance အဲဒါတော့ ပူးပေါင်းပြီးတော့ အရင်းအမြစ်တွေအားလုံးကို အုပ်ချုပ်စီမံတဲ့ ပုံစံတခုအနေနဲ့ စဉ်းစားတာပေါ့။ ဥပမာအားဖြင့် မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံးကို resource mapping တခုအနေနဲ့ စနစ်တကျ စဉ်းစားပြီးတော့ အဲဒီ governance ကို အုပ်ချုပ်မှုယန္တရားတခုအနေနဲ့ သေသေချာချာ စီမံခန့်ခွဲနိုင်တယ့်ပုံစံ ဖြစ်မြောက်ရေးအတွက် advocate လုပ်ထားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာ့မြေယာ စီမံခန့်ခွဲရေးအကြံပြုချက် စာတမ်းတစောင်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က ကမ္ဘာ့ဘဏ် ဆွေးနွေးပွဲတခုမှာ တင်ပြခဲ့တဲ့ ဦးအောင်ကျော်သိန်း ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG