သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သေဒဏ်စီရင်ချက် ကုလစိုးရိမ်


 သေဒဏ်စီရင်ခံရတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေ ကိုင်ရိုမြို့တောင်ပိုင်း၊ Minya တရားရုံးရှေ့မှာ စုဝေးဆန္ဒဖော်ထုတ်ကြစဉ်။ (ဧပြီ ၂၈၊ ၂၀၁၄)
သေဒဏ်စီရင်ခံရတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေ ကိုင်ရိုမြို့တောင်ပိုင်း၊ Minya တရားရုံးရှေ့မှာ စုဝေးဆန္ဒဖော်ထုတ်ကြစဉ်။ (ဧပြီ ၂၈၊ ၂၀၁၄)
အီဂျစ်နိုင်ငံတရားရုံးက သမ္မတဟောင်း မိုဟာမက်မော်စီအပေါ်ထောက်ခံတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ အဖွဲ့ဝင်တွေကို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ဟာ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အခြေခံဖြစ်တဲ့ မျှတတဲ့ တရားစီရင်မှု စံနှုန်းတွေနဲ့ မကိုက်ညီတာ သိသာပေါ်လွင်နေကြောင်း၊ အခုလို သေဒဏ် အပစ်ပေးမှုတွေကြောင့် နိုင်ငံရဲ့ ရေရှည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ကြောင်း မစ္စတာဘန်ကီမွန်းက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာပါ။

တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုပါတယ်။ နိုင်ငံတကာ တရားစီရင်မှု အခြေခံ စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီအမှုဟာ သြဂုတ်လအတွင်း Minya နဲ့ အီဂျစ်နိုင်ငံရဲ့ တခြားနေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ဆက်နွယ်တဲ့ အမှုဖြစ်ပါတယ်။ အဓိကရုဏ်းတွေအတွင်း လူတွေ သေဆုံးခဲ့တဲ့အထိဖြစ်ခဲ့ရတာပါ။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကို တရားမဝင် အဖွဲ့အဖြစ် ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တာပါ။

ညီအကိုတော်များအဖွဲ့ကလည်း ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး စစ်အုပ်ချုပ်ရေးကို အဆုံးသပ်ပစ်နိုင်အောင် ကြိုးပမ်းမယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG